တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
3292

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၁၃ ရက်မှ ၁၉ ရက်အထိ

လွတ်ငြိမ်း နိုင်ငံတကာဖိအားကြောင့်လော

တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်တွင် ကျရောက်သည့် အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၅၇၇၄ ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးကာ နိုဝင်ဘာလ ၁၇ရက်က ပြန်လွှတ်ပေးလိုက် သည်။

ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုသည့် စာရင်းတွင် ထင်ရှားသူအချို့အပြင် NLD အစိုးရလက်ထက်က အစိုးရအဖွဲ့တွင် တာဝန်ထမ်းခဲ့သူများ၊ စီးပွားရေးအကြံပေးနှင့် ဗြိတိန်သံအမတ်ဟောင်းအပါအဝင် နိုင်ငံခြားသားလေးဦးတို့လည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ခုနစ်ရာကျော် ပါဝင်သည်ဟု ဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကမူ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၁၂၉၇၆ ထဲက နိုဝင်ဘာလ ၁၇ ရက်က လွတ်ငြိမ်းခွင့်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၇၂ ဦးသာ ပါရှိသည်ဟု ဆိုသည်။

လွတ်ငြိမ်းခွင့်ပြုသူများတွင် ပြစ်ဒဏ်မှ လွတ်ရက် နီးကပ်နေသူများလည်း ပါဝင်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အကျဉ်းသား ခြောက်ထောင်နီးပါး လွတ်ငြိမ်းခွင့်ပြုသည့်ကိစ္စသည် နိုင်ငံတကာနှင့် ပြည်တွင်းက အမြင်ကောင်းစေရန်၊ နိုင်ငံအတွင်း အရပ်သားပြည်သူထိခိုက်သည့် ဖြစ်ရပ်များ အပါအဝင် ဖိနှိပ်မှုများကြောင့် မြင့်တက်နေသည့် နိုင်ငံတကာ ဖိအားကို သက်သာစေရန်၊ စစ်ကောင်စီက ကြိုးပမ်းနေသည့် ရွေးကောက်ပွဲ ပိုအသက်ဝင်စေရန် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ရှိသည်။

မြန်မာအရေးဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရေးအတွက် အချိန်ကာလ သတ်မှတ်ရန် အပါအဝင် ဆုံးဖြတ်ချက် ၁၅ ချက်ကို နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့သည်။

ဥရောပသမဂ္ဂ (EU) ကလည်း စစ်ကောင်စီတစ်ဖွဲ့လုံးနှင့် လူပုဂ္ဂိုလ် ၁၉ ဦးကို အရေးယူဒဏ်ခတ်ပိတ်ဆို့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့က ကြေညာရာတွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းချုပ်ခံထားရသူ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ယင်းသို့ မကြာခဏ တောင်းဆိုလေ့ရှိသည်။ အမေရိကန် သမ္မတကလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရန် ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပြောဆိုခဲ့သေးသည်။

သို့သော် နိုင်ငံတကာက တောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ လွတ်မြောက်ရာတွင် မပါဝင်လာသေးသလို နိုင်ငံရေးအကျဉ်းသား အားလုံးလည်း ပြန်လည်လွတ်မြောက်လာခြင်းကား မရှိသေးပေ။

………………………………..

ထင်ရှားသူအချို့ လွတ်ငြိမ်းခွင့်ရခြင်း

စစ်ကောင်စီက ယခုတစ်ကြိမ် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုရာတွင် ထင်ရှားသူအချို့၊ NLD အစိုးရလက်ထက်တွင် ဝန်ကြီးရာထူး၊ အကြံပေးရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများ ပါဝင်လာသည်။

ထင်ရှားသူများထဲတွင် ရွှေညဝါဆရာတော် ဦးပညာသီဟ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေး၊ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာ မောင်သာချို၊ NLD ပါတီက တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုး စသည်တို့ ပါဝင်သည်။

NLD အစိုးရလက်ထက် ရာထူးတာဝန်ရယူခဲ့သူများတွင် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အဂတိလိုက်စားမှုဖြင့် NLD အစိုးရလက်ထက် ၂၀၂၀ တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံခဲ့ရသည့် တနသာၤရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးတို့ ပါဝင်သည်။

နိုင်ငံခြားသားများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဩစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တာနယ် ပါဝင်သည်။ ၎င်းမှာ ထောင်ဒဏ် သုံးနှစ်ချခံထားသူဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း မစ္စ ဗစ်ကီဘိုးမန်း၊ ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ မစ္စတာ တူရူကူဘို၊ အမေရိကန် နိုင်ငံသား စိုက်ပျိုးရေးပညာရှင် ဦးကျော်ဌေးဦးတို့ ပါဝင်သည်။

မစ္စ ဗစ်ကိုဘိုးမန်းမှာ ခွင့်ပြုထားသည့် အိမ်တွင် မနေဘဲ ခင်ပွန်းသည်အိမ်တွင် လိုက်နေသည်ဟုဆိုကာ ဖမ်းဆီးခံရပြီး လဝကဥပဒေဖြင့် ထောင်တစ်နှစ်ချခံရခြင်းဖြစ်သည်။ မစ္စတာ တူရူဘူဘိုမှာ ရန်ကုန် ဆန္ဒပြပွဲများ မှတ်တမ်း ရိုက်ကူးနေစဉ် ဖမ်းဆီးခံရကာ ထောင် ၁၀နှစ် ချခံထားရခြင်းဖြစ်သည်။

ဗစ်ကီဘိုးမန်းအမှုတွင် ခင်ပွန်းသည် ပန်ချီ ကိုထိန်လင်းကိုပါ အားပေးအားမြှောက်လုပ်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံခဲ့ရပြီး နိုဝင်ဘာလ ၁၇ ရက် လွတ်ငြိမ်းခွင့်တွင် ဇနီးမောင်နှံ နှစ်ဦးစလုံး ပြန်လွတ်လာသည်။

နိုင်ငံခြားသား လေးဦးကို ပြန်လွှတ်ပေးသည့်နေ့တွင်ပင် စစ်ကောင်စီက လေဆိပ်ကို တိုက်ရိုက်ပို့ဆောင်ကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။

သတင်းမီဒီယာသမားထဲတွင် သတင်းယူနေစဉ် ဖမ်းဆီးခံရသည့် မဇ္စျိမသတင်းဌာနမှ အယ်ဒီတာ ကိုသန်းထိုက် အောင်၊ မြန်မာသံတော်ဆင့်သတင်းဌာနက သတင်းထောက် ကိုရဲရင့်ထွန်း၊ ပြည်မြို့က အလွတ်တန်းသတင်းထောက် ကိုလပြည့်၊ သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာ မမြဝန်းရံတို့ လေးဦးသာ လွတ်မြောက်လာပြီး သတင်းသမား အများအပြားမှာ ဆက်လက် အကျဉ်းကျခံနေရဆဲဖြစ်သည်။

လွတ်မြောက်လာသူများတွင် ဟာသ သရုပ်ဆောင် ဆင်မ (ခေါ်) ဦးဇော်မင်းထိုက်လည်း ပါဝင်လာပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည့် အနုပညာရှင် ၁၁ ဦးကိုမူ စစ်ကောင်စီက အမှုရုပ်သိမ်းပေးခဲ့သည်။

………………………………..

မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းသွားမည်ဟု အမေရိကန်သမ္မတပြော

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာလ ၁၃ ရက်က ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာ့အရေးအတွက် အာဆီယံက ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာစစ်ကောင်စီက လိုက်နာ အကောင် အထည်ဖော်ရန်လည်း ပြောဆိုခဲ့ပြီး ယင်းသို့ အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် လက်တွဲသွားမည်ဟုလည်း ဆိုသည်။

………………………………..

မြန်မာ့အရေးဖြေရှင်းရန် ပျက်ကွက်ခဲ့ကြောင်းဝန်ခံသည့် ကုလအတွင်းရေးမှူးချုပ်

မြန်မာနိုင်ငံအရေးဖြေရှင်ပေးရန် ပျက်ကွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းလည်းပါဝင်ကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတာရက်က ဝန်ခံပြောဆိုသည်။

ဖနွမ်းပင်၌ အာဆီယံထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

မြန်မာစစ်တပ်၏ အကြမ်းဖက်၊ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ ဆိုးဝါးသည့် အခက်အခဲဒုက္ခများကို ကြုံတွေ့နေရကြောင်းလည်း ၎င်းက ဆိုသည်။

အာဆီယံနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးပမ်းသွားမည်ဟုလည်း မစ္စတာ ဂူတာရက်က ပြောဆိုပြီး မြန်မာ့အရေးကြောင့် အာဆီယံကိုပါ ထိခိုက်နေကြောင်းလည်း ပြောဆိုခဲ့သည်။

………………………………..

ကလေးကင်ပွန်းတပ်ပွဲ လက်နက်ကြီးမှန်သဖြင့် ကလေးများအပါအဝင် ၁၂ ဦးသေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂြစ်ချောင်းကျေးရွာတွင် နိုဝင်ဘာလ ၁၆ ရက်က ကလေးကင်ပွန်းတပ်ပွဲလုပ်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကလေးငါးဦးအပါအဝင် လူတစ်ဒါဇင် သေဆုံးခဲ့သည်။

မြိုတိုင်းရင်းသားများနေထိုင်သည့် အဆိုပါကျေးရွာသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျ ရောက် ပေါက်ကွဲခြင်းဖြစ်ပြီး ၁၁ ဦးသေဆုံးကာ ၂၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ သေဆုံးသူများတွင် အသက် ၅နှစ်၊ ၆နှစ်၊ ၈နှစ်၊ ၁၅နှစ် ကလေး လေးဦး ပါဝင်သည်။

ဒဏ်ရာရရှိသူများအနက် နိုဝင်ဘာလ ၁၈ ရက်တွင် အသက် ၁၆နှစ်အရွယ် ကျောင်းသားတစ်ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက် တစ်ရက်တည်းတွင်ပင် ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ချောင်းတူရွာထဲ ကျရောက်ပေါက်ကွဲသဖြင့် အသက် ၅၀ ကျော်အရွယ် အမျိုးသားသုံးဦးသေဆုံးကာ သုံးဦးဒဏ်ရာရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

ယင်းဖြစ်ရပ်များသည် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

စစ်ကောင်စီဘက်ကမူ ဂြစ်ချောင်းရွာ ဖြစ်ရပ်မှာ AA လက်ချက်ဟု ထုတ်ပြန်ထားသည်။

………………………………..

တိုင်းရင်းသားလက်နက်ကိုင် ၄၀ကျော်ကို လွတ်ငြိမ်းခွင့်ပေး

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများပြင်းထန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင် ၄၁ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြန်လွှတ်ပေးလိုက်ကြောင်း နိုဝင်ဘာလ ၁၉ ရက်က ထုတ်ပြန်သည်။

ယင်းထဲတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင် ၁၇ ဦး၊ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် ၁၇ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့ဝင် ငါးဦး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှစ်ဦး ပါဝင်သည်။ ၎င်းတို့ နောက်တစ်ကြိမ်ကျူးလွန်လျှင် ယခုကျခံရန်ကျန်သည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု ဆိုသည့် အချက်ကို ထည့်သွင်းထားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသည့်အနေဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

ယင်းအပြင် AA တပ်ဖွဲ့ဝင် ၁ဦးနှင့် KIA ကေအိုင်အေတပ်ဖွဲ့ဝင် သုံးဦးအပေါ် တရားစွဲဆိုထားမှုကိုလည်း ရုပ်သိမ်းပေးလိုက်သည်ဟု ထုတ်ပြန်ထားသည်။

………………………………..

ဝန်ကြီးဦးဖေမြင့်ကို ဘွဲ့ပေးပြီးနောက် ပြန်လွှတ်

NLD အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးဖေမြင့်ကို စစ်ကောင်စီ ဥက္ကဋ္ဌက သီရီပျံချီဘွဲ့ပေးအပ်ကြောင်း ကြေညာပြီးနောက် တစ်ရက်အကြာ နိုဝင်ဘာလ ၁၈ ရက် ညပိုင်းတွင် အကျယ်ချုပ်မှ ပြန်လွှတ်ပေးလိုက်သည်။

စာရေးဆရာလည်းဖြစ်သည့် ဦးဖေမြင့်ကို စစ်ကောင်စီက နေပြည်တော်တွင် အကျယ်ချုပ်ပုံစံဖြင့် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတို့က ပြောဆိုထားသည်။

ဦးဖေမြင့်သည် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး ပုဒ်မတပ် အရေးယူခြင်း မတွေ့ရဘဲ အကျယ်ချုပ်ဖြင့် တစ်နှစ်ခွဲကျော် ထားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

စစ်ကောင်စီဥက္ကဋ္ဌက ဘွဲ့ချီးမြှင့်ကြောင်း ကြေညာထားသည့် စာရင်းတွင် NLD အစိုးရလက်ထက်က တာဝန်ယူခဲ့သည့် ပို့ဆောင်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးအောင်လှထွန်းတို့လည်း ပါဝင်သည်။

………………………………..

မြစ်ကြီးနားမြို့ပေါ်တွင် KIO အရာရှိများ အဖမ်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်က KTV တစ်ခုတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က အုပ်ချုပ်ပိုင်းက အရာရှိ ကိုးဦးနှင့် ဗိုလ်အဆင့်ရှိသူတစ်ဦး၊ တပ်သားအဆင့် တစ်ဦးတို့ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် နိုဝင်ဘာလ ၁၂ ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ရပြီး စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က စစ်ဆေးနေကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အုပ်ချုပ်ရေးအရာရှိ ဆလမ်ကဘာများဖြစ်သည့် KIA လိုင်ဇာစစ်သင်တန်းကျောင်းမှ မုန်ရာ၊ KIO နောင်နန်းဒုမြို့နယ်မှူးများဖြစ်သည့် ဘောမ်ချန်းနှင့် ခွန်းအောင်၊ KIO ဝါးရှောင်စာရင်းကိုင် တူးရှန်၊ KIO မလိယန် အတွင်းရေးမှူး လဖိုင်အောင်ဂမ်၊ KIO မလိယန်ဒုမြို့နယ်မှူး မုန်ဒန်၊ KIO စာရင်းစစ် နော်အောန်၊ KIA တပ်ရင်း ၁၁မှ ခေါယိမ်း၊ KIO ဖားကန့်အတွင်းရေးမှူး နော်ဘန့် တို့ပါဝင်သည်။

ဗိုလ်အဆင့်ရှိသူ လာအောင်နှင့် တပ်သားအဆင့် ရှိသူ KIO ရုံးအကူ နော်လီတို့လည်း ပါဝင်သည်။

ဖမ်းဆီးခံရသူများကို မိသားစုက တွေ့ခွင့်မရကြောင်းလည်း သတင်းအချို့တွင် ဖော်ပြသည်။

………………………………..

မြန်မာ့တော်လှန်ရေးသမားများ သတိထားရမည့် ထိုင်း

မြန်မာစစ်ကောင်စီအား တော်လှန်နေသည့် တော်လှန်ရေးသမားများ၊ ကူညီသူများကို ရှာဖွေဖမ်းဆီးပေးရန် မြန်မာ-ထိုင်းနှစ်နိုင်ငံ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သည့် ပထမအကြိမ် မြန်မာ-ထိုင်း (ကော့သောင်း- ရနောင်း) နယ်စပ် ဆက်ဆံရေးရုံး အစည်းအဝေးတွင် ယင်းသို့ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုင်းဘက်က ထုတ်ပြန်ချက်တွင် အစည်းအဝေးအကြောင်းသာဖော်ပြပြီး အထက်ပါဆွေးနွေးချက်ကို ဖော်ပြခြင်း မရှိပေ။

တော်လှန်ရေးအရှိန် လျော့ကျလာစေရန် တော်လှန်ရေးသမားများနှင့် ဆက်နွယ်သူများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေပြီး ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေသည်။

အစည်းအဝေးတွင် ရနောင်းမြို့အုပ်ချုပ်ရေးမှူး၊ ရန်ကုန်အခြေစိုက် ထိုင်းသံရုံးတာဝန်ရှိသူ၊ ထိုင်းရဲဆက်ဆံရေးသံမှူး၊ ရနောင်းခရိုင်ရဲမှူးကြီးတို့ တက်ရောက်ခဲ့ပြီး မြန်မာဘက်ခြမ်းက နိုင်ငံဖြတ်ကျော်မှုခင်းဌာန ဒုတိယဌာနမှူး ရဲမှူးကြီး ကျော်ဇေယျ အပါအဝင် အခြားတာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟုဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ရက်အထိ အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး APEC ညီလာခံကျင်းပသဖြင့် မြန်မာတော်လှန်ရေးသမားများ အပါအဝင် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် ထိုင်းရဲချုပ်ကအမိန့်ထုတ်က လုံခြုံရေးတင်းကျပ်ခဲ့သည်။

………………………………..

မော်လမြိုင်မြို့ပေါ် ပစ်ခတ်မှု

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် PDF တပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားတို့ သေဆုံးကာ PDF တပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီးခဲ့ရသည်။

ဇေယျာသီရိရပ်ကွက် (၃) ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုဝင်ဘာလ ၁၄ ရက်နေ့ ၅ နာရီခွဲခန့်တွင် သွားရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က အင်အား ၃၀၀ ခန့်ဖြင့် လက်နက်ကြီး၊ လက်နက်ငယ်တို့နှင့် ပစ်ခတ်ပိတ်ဆို့ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးနှင့်အတူ လက်နက်ငယ် သုံးလက် ဖမ်းဆီးသိမ်းဆည်းခံလိုက်ရကြောင်း အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (SUMF) က ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဘက်ကမူ PDF ၆ ဦး ဖမ်းဆီးရမိထားသည်ဟု ထုတ်ပြန်သည်။

………………………………..

လွတ်ပြီးမှ ပြန်ဖမ်းခံရသည့် စောဖိုးခွား

ရက်ဂေးအဆိုတော် စောဖိုးခွားကို လွတ်ရက်စေ့၍ အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးလိုက်ပြီးနောက် စစ်ကောင်စီက ချက်ချင်း ပြန်လည်ဖမ်းဆီးလိုက်ပြန်သည်။

အဆိုတော်စောဖိုးခွားကို အာဏာသိမ်ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ ၅၀၅ (ခ) မှု စွဲဆိုထား သည့် အမှုကို ၂၀၂၁ ခုနှစ်တွင် ထောင် ၂နှစ်ချမှတ်ခဲ့သည်။

ယင်းအမှုမှာ နိုဝင်ဘာလ ၁၅ ရက်တွင် လွတ်ရက်စေ့သဖြင့် အင်းစိန်ထောင်မှ ပြန်လွတ်လာခဲ့သည်။ သို့သော် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် စွဲဆိုထားသည့် အမှုကျန်နေသေးသည်ဟုဆိုကာ ပြန်လည် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၅ ရက်တွင် လွတ်ရက်စေ့သဖြင့် ဒါရိုက်တာမင်းထင်ကိုကိုကြီးလည်း လွတ်မြောက်လာခဲ့သည်။

………………………………..