ထိုင်းတောင်ပိုင်းတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရ

0
3633
Photo: Matichon Online

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၂ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်းတွင် ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

စူရတ်ဌာနီခရိုင် ဖူးဖင်းဒေသ အမှတ် (၄၁) အမြန်လမ်းတွင် ထိုင်းနိုင်ငံသားနှစ်ဦး မောင်းနှင်လာသော ပစ်ကပ်ကား နှစ်စီးကို ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာကြသော မြန်မာအလုပ်သမား ၄၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နံနက် ၃ နာရီအချိန်ခန့်တွင် ပထမအဖြူရောင်ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ၌ ကား၏ အနောက်ဘက်ကို တာလပတ်များဖြင့် ဖုံးအုပ်ထားပြီး ယင်းအောက်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၈ ဦး လိုက်ပါလာခဲ့ကြောင်း ရေးသားထားသည်။

ကားမောင်းသမားကို စစ်ဆေးမေးမြန်းရာတွင် တရားမဝင် မြန်မာအလုပ်သမားကို တင်ဆောင်လာသော နောက်ထပ် ပစ်ကပ်ကားတစ်စီးရှိသေးသည်ဟု ဖြေကြားသဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင်များသည် စစ်ဆေးရေးဂိတ်ပြုလုပ်ကာ စောင့်ဆိုင်းနေခဲ့ကြကြောင်း သတင်းတွင် ဖော်ပြသည်။

နံနက် ၄ နာရီခွဲတွင် ပထမကားကဲ့သို့ပင် အနောက်ဘက်ကို ဖုံးထားသော ပစ်ကပ်ကားတစ်စီး ရောက်ရှိလာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း ကားမှာ အတားအဆီးအတုံးများကို တိုက်ကာ အရှိန်တင်မောင်းနှင် ထွက်ပြေးသွားသည်ဟု ဆိုသည်။

မောင်းနှင်ထွက်ပြေးသွားသောနေရာမှ ၇ ကီလိုမီတာခန့်အကွာအထိ ရဲတပ်ဖွဲ့က လိုက်ပါလာခဲ့ပြီး ကား၏ ဘယ်ဘက် တာယာဘီးကို သေနတ်ပစ်ဖောက် ရပ်တန့်ခဲ့ရကြောင်း ရေးသားထားသည်။

၎င်းကားတွင် ထိုင်းနိုင်ငံသားကားသမားနှင့်အတူ မြန်မာအလုပ်သမား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၂၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများကို ပရာကျွတ်ခီရီခန်ခရိုင်မှတဆင့် စွန်ခရာခရိုင် ဟတ်ယိုင်ဒေသသို့ ပို့ဆောင်ပေးရန် ကားတစ်စီးလျှင် ဘတ် ၁၅၀၀၀ ဖြင့် ငှားရမ်းခဲ့သဖြင် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ကားသမားများမှ ရဲတပ်ဖွဲ့သို့ ထွက်ဆိုသည်ဟု သတင်းတွင် ဖော်ပြသည်။

ကားသမားနှစ်ဦးနှင့်အတူ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားအားလုံးသည် တရားမဝင် ဝင်ရောက်မှု၊ ပို့ဆောင်ပေးမှုတို့ဖြင့် ဥပဒေအရ ဆက်လက်အရေးယူခံရမည်ဖြစ်ပြီး ၎င်းတို့ကု ဖူးဖင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရေးသားထားသည်။

ပြည်တွင်း မလုံခြုံမှု၊ အလုပ်အကိုင် ရှားပါးလာမှုတို့ကြောင့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက် ရှိနေခဲ့ရာ အောက်တိုဘာလတွင် မြန်မာအလုပ်သမား ၂၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော်၏ ထုတ်ပြန်ချက်အရသိရသည်။

Ref: Bangkok Post