အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4617

အခန်း(၂၄)

အိမ်တံခါးဝတွင် ကြေးမုံ ငူငူကြီးရပ်နေသည်။

ဧရာနှင့် မခင်ဝင်းကြည်တို့ ညားခါစက ရန်ကုန်တိရိစ္ဆာန်ရုံတွင် ရိုက်ထားသော ဓာတ်ပုံကလေးက ခေါင်းရင်းတွင် ထောင်ထား၏။

“ငကြေး…”

သူ့ပုခုံးကို လာဖက်သော စိုးရ၏ အသံက တိမ်ဝင်သွားသည်။

“အားလုံးက ငါ့အပြစ်ပါကွာ..အဲ့ဒီနေ့က ငါ့ညီဖိုးအောင် ကို သူတို့ လိုက်သတ်နေကြလို့ ငါလည်း ကြောက်အားလန့်အားနဲ့ မင်းတို့အိမ်ကို ခေါ်လာမိတာ..ငါ့အပြစ်..ဧရာသေတာ ငါ့အပြစ်”

ကြေးမုံက စကားတခွန်းမှ မပြောပဲ ထိုင်ခုံတွင် ကလေးချီလျက် ထိုင်နေသော မြိုင့်ထံသို့ လျှောက်သွားသည်။

မြိုင့်ထံမှ ရှိုက်သံ အိခနဲ ထွက်လာ၏။

ကြေးမုံက မြိုင့်လက်ထဲမှ ဧရာနှင့် မခင်ဝင်းကြည်တို့၏ သားကလေးကို ချီလိုက်သည်။

ကိုစန်းထွန်း၊ စိုးရ ၊ ခင်မောင်၊ စိုးနောင် နှင့် လူငယ်များက မြင်ကွင်းကို တိတ်ဆိတ်စွာကြည့်နေကြ၏။

“ငါ့သူငယ်ချင်း ဧရာ မသေဘူး…ဒီကလေးဟာ ဧရာ ရဲ့ ကိုယ်ပွားပဲ…သူ့နာမည်လည်း ဧရာပဲဖြစ်ရမယ်..ငါအသက်ရှင်နေမျှ ငါ့သူငယ်ချင်းကို ငါစောင့်ရှောက်မယ်…ကိုစန်းထွန်းတို့ ကိုစိုးရတို့…ခင်ဗျားတို့လည်း မှတ်ထား..ကျွန်တော့်ကောင် ဧရာ မသေဘူး..ဧရာက ဒီမှာ..”

ကြေးမုံလက်ထဲမှ ကလေးငယ်က တခစ်ခစ်ရယ်မောနေသည်။

ထို့နောက် ကြေးမုံက ကလေးကို မြိုင့်လက်ထဲသို့ ပြန်ထည့်လိုက်ပြီး

“အမေရော….မြိုင်”

“အမေအပေါ်ထပ်မှာ…အမေလည်း နေမကောင်းဘူး..အကို”

ကြေးမုံ အပေါ်ထပ်သို့ တက်သွား၏။

ခဏအကြာတွင် ပြန်ဆင်းလာသည်။

“ကိုစိုးရ..ခင်ဗျား ညီအောင်ရ ရော..ဘေးကင်းရဲ့လား”

“အေး..ကင်းပါတယ်ကွာ…ဒီကောင်တွေက စိန်ဂေါ်လီဂိုဏ်းခေါင်းဆောင်ဆိုပြီး အသည်းအသန်လိုက်သတ်ကြတာ.အဲ့ဒီညက ဒီထဲ ဝင်ပြေးလို့ လွတ်တာ..အခုတော့ သူ့သူငယ်ချင်း ရုပ်ရှင်မင်းသားဖြစ်နေတဲ့ ဖိုးကျော်ရဲ့ ခြံမှာ ခဏသွားခိုနေတယ်”

“သူတို့ပြဿနာကြားမှာ ကျွန်တော့်သူငယ်ချင်းလင်မယားသေခဲ့ရတာ…ကျွန်တော် ဒီတိုင်းတော့ မပြီးလိုက်နိုင်ဘူး…ကျွန်တော်လိုအပ်တဲ့အခါ ခင်ဗျားညီရော သူ့သူငယ်ချင်းတွေပါ ကျေးဇူးဆပ်ဖို့ ပြင်ထားလို့”

“အေးပါ..ကြေးမုံရာ..စိတ်ချပါ…ငါတို့အသက်နဲ့ရင်းပြီးဆပ်ပါ့မယ်..သူတို့ကိုလည်း ငါပြောထားပါ့မယ်”

“ကိုစန်းထွန်း ခင်ဗျား ရပ်ကွက်ထဲက ကျွန်တော်တို့ လူတွေကို ပြော…မိုးကျော်တို့ အုပ်စုထဲက တကောင်မကျန် ဘယ်မှာရှိတယ်ဆိုတာ စုံစမ်းပေး…ကျွန်တော်သိချင်တယ်လို့”

ကိုစန်ထွန်း ခေါင်းညိတ်လိုက်သည်။

“ခင်မောင်နဲ့ စိုးနောင်…မင်းတို့ မနက်ဖြန်ညရထားနဲ့ မော်လမြိုင်ကိုပြန်….ဘိုပြားနဲ့ မယုယုမော် ကို သေချာမှာပေးပါ..အမေကလည်း နေမကောင်းဖြစ်နေတော့ ငါ ဒီတလနှစ်လတော့ ရန်ကုန်မှာပဲ နေဦးမယ်..လမ်းကြောင်းပေါ်တက်မလာနိုင်သေးဘူးလို့..သူတို့နှစ်ယောက်ကိုပဲ ငါလွှဲထားမယ်လို့..မင်းတို့လည်း သူတို့ကို သေချာကူပေးလိုက်..ပဲခူးက အရှည်ကြီးတို့အုပ်စုကိုလည်း ဂရုစိုက်နော်..ဟေ့ကောင်တွေ”

“ဟုတ်ကဲ့..ကိုကြေး”

“သြော်..ကျွန်‌တော်အပြင်သွားလိုက်ဦးမယ်..ကိုစန်းထွန်း…ခင်ဗျား ညနေကျ ဒေါက်တာအောင်ခင်ကို ပင့်ပြီး အမေ့ကို ပြပေးပါ…မြိုင်..ကိုယ်မိုးချုပ်မယ်”

ကြေးမုံက ခြံရှေ့တွင် ရပ်ထားသော ဆိုင်ကယ်ကို စက်နိုးကာ မောင်းထွက်သွား၏။

………………………………..

“ရန်ကုန်မြို့ က မင်းတို့လူမိုက်တွေရဲ့ ဇာတ်လမ်းက ဒီမှာတင် နိဌိတန်သွားပြီ..ကြေးမုံ..မင်းလည်း ငါတို့အရိပ်အောက်ကနေ မင်းလမ်းကြောင်းနဲ့မင်းစီးပွားအေးအေးရှာ..ငါတို့ ခိုင်းတာလေးလုပ်ပေး..ဒီကိစ္စတွေကို မပတ်သက်နဲ့တော့”

မျက္မှန်ကြီး၏ စကားအဆုံး ကြေးမုံက မျက်လုံးကို စုံမှိတ်ပြီး အံကို ကြိတ်ထားသည်။

ကြေးမုံ၏ လက်တို့ တဆတ်ဆတ်တုန်နေ၏။

“ဒါဆို ကျွန်တော့် သူငယ်ချင်းက အလကား သေသွားတာလား”

“ဒီမယ်…ဒီပြဿနာအားလုံးကို မင်းသူငယ်ချင်းက အစပျိုးခဲ့တာမဟုတ်လား..အခုတော့ အဆုံးသတ်သွားပြီသာ မှတ်လိုက်တော့..မင်းတို့လည်း ကျော်ဝင်းကြီးကို သတ်ခဲ့တာပဲ..မဟုတ်လား”

“အခု မိုးကျော် ဘယ်မှာလဲ..ဗိုလ်မှူးကြီး”

မျက်မှန်ကြီးက လက်ထဲမှ မီးခြစ်ကို လှည့်ကစားလိုက်ပြီး

“ပြီးသွားပြီ….အားလုံးပြီးသွားပြီ…ရန်ကုန်မြို့ကြီးရဲ့ အမှောင်ခြမ်းကို ထိန်းသိမ်းဖို့ မင်းတို့အားလုံးကို ငါယုံကြည်ခဲ့တာပဲ..အခုတော့ မင်းတို့ကြောင့် ရန်ကုန်က ပိုပြီးမတည်မငြိမ်ဖြစ်တယ်..မင်းတို့ချင်း သတ်ကြဖြတ်ကြတာနဲ့ သွေးညှီနံ့တသင်းသင်းပဲ…အဲ့ဒီကိစ္စအားလုံးက ငါ့ပေါ် ပုံကျလာတာပဲ..ဒီမယ်..ငါရှင်းရှင်းပြောမယ် ကြေးမုံ… ရန်ကုန်မှာ အပိုင်စားလူမိုက်ဆိုတဲ့ကောင်တွေ တစ်ကောင်မှ မရှိစေရတော့ဘူး..မင်းလည်း အေးအေးနေပါ..ငါ့လောင်းရိပ်အောက်မှာနေပြီး စီးပွားရေးကိုပဲ အာရုံစိုက်ပါ…မကြာခင်မှာ ပါတီရဲ့ ပထမဆုံးအကြိမ် ညီလာခံစတော့မယ်..လူကြီးတွေကအုပ်ချုပ်ရေးပုံစံကို ပြောင်းကြတော့မယ်..ဒီလိုအချိန်မှာ မင်းတို့ကိစ္စတွေနဲ့ အာရုံလာမနောက်စေနဲ့..ငါဒီလောက်ပဲ ပြောမယ်ကွာ”

“မိုး‌‌‌ကျော်ဘယ်မှာလဲ..အခု ကျွန်တော့်လူတွေ လိုက်ရှာနေတာ တစ်မြို့လုံးနှံ့နေပြီ..မိုးကျော်ရော သူ့လူတွေပါ တကောင်မှမတွေ့ဘူး..အဲ့ဒါတော့ ကျွန်တော့်ကို ပြောပြပါ..ဗိုလ်မှူးကြီး”

“မိုးကျော်လူတွေအကုန်လုံးကို ငါတို့ဖမ်းခိုင်းလိုက်ပြီ..အင်းစိန်ထောင်မှာ..မင်းလက်စားချေချင်ရင် မင်းနည်းမင်းဟန်နဲ့ ထောင်ထဲလိုက်ချေပါ့ကွာ..မင်းမှာလည်း လက်တံရှည်သင့်သလောက်ရှည်နေပြီပဲ..အေး..ရန်ကုန်မြို့ထဲမှာတော့ နောက်ထပ် သွေးညှီနံ့မရစေချင်တော့ဘူး”

“မိုးကျော်ကရော..အင်းစိန်ထောင်ထဲမှာလား”

“ရန်ကုန်ကို သူဘယ်တော့မှ ပြန်မလာနိုင်အောင် ငါနယ်နှင်လိုက်ပြီ..ငါ့အလုပ်ကိစ္စတစ်ခုအတွက် သူ့ကို တနေရာကို ပို့လိုက်ပြီ…ကြေးမုံ..ပြီးသွားပြီ…အားလုံးပြီးသွားပြီ.အမှောင်ထဲက မင်းသားများ ဆိုတာလည်း မရှိတော့ဘူး…လမ်းမတော်ဖိုးတုတ်တို့လက်ထက်ကတည်းက ရန်ကုန်မြို့ကို ကြီးစိုးခဲ့တဲ့ တပိုင်စားလူမိုက် ဆိုတာလည်း မရှိတော့ဘူး..မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ် မှာ အဲ့ဒါတွေ လုံးဝမရှိစေရဘူး… မင်းဘော်ဒါအတွက်တော့ ငါစိတ်မကောင်းပါဘူး..ကဲ..မင်းနဲ့ ငါ အလုပ်ကိစ္စပဲ ဆက်ပြောကြတာပေါ့..”

“အလုပ်ကိစ္စကတော့ ကျွန်တော် ဗိုလ်မှူးဘိုနီ ကို ပုံမှန်တင်ပြနေကျအတိုင်းပါပဲ..ငွေစာရင်းလည်းမှန်မှန် လွှဲနေပါတယ်”

“အဲ့ဒါ မဟုတ်ဘူးလေကွာ…ကြေးမုံ…မင်း ဘန်ကောက်ကို ရောက်ခဲ့တဲ့အကြောင်းလေးတွေ ငါသိချင်တာ”

ကြေးမုံ မျက်နှာပျက်သွားသည်။

“ဟုတ်တယ်..ကျွန်တော်လမ်းကြောင်းထွင်ရင် အဲ့ဒီအထိ ရောက်သွားတာ”

“မင်းနဲ့ပါတဲ့ အမျိုးသမီးက ဘယ်သူလဲ”

“မော်လမြိုင်မှောင်ခိုစျေးက ပွဲစားမတစ်ယောက်ပါ”

“ဟုတ်ပါပြီလေ..ဆီကိုင်တဲ့ လက်က ဆီပေတတ်တာပဲ..မင်းက အဲ့ဒီဘက်ခြမ်းမှာ လှုပ်ရှားနေရတာဆိုတော့ ဘယ်ကင်းပါ့မလဲ့…ဘန်ကောက်က ဦးနုတို့အစည်းအဝေးအထိ….မွန်ပြည်သစ်တပ်မှူးတစ်ယောက်နဲ့ မင်းပါသွားတာ ငါသိတယ်… မင်းကို ညွှန်ကြားချက်တစ်စုံတစ်ခု မပေးမချင်း ဒီတိုင်းဆက်နေပါ..မင်းကို ငါတို့လိုအပ်တယ် ကြေးမုံ… ငါတစ်ခုတော့ မှာချင်တယ်.. ငါဘဝမှာ နံပါတ်ဝမ်းကြီးဟာ ငါ့ဘုရားပဲ..ငါ့နိုင်ငံတော်ပဲ..သူအကျိုးစီးပွားပျက်စေတဲ့ အလုပ်မျိုး ကို ငါလည်းမလုပ်သလို…မင်းတို့လည်း မလုပ်ရဘူး..လုပ်ရင်တော့ ငါတို့အတွက် ဘယ်လောက်အသုံးဝင်တဲ့လူဖြစ်ဖြစ် ရှင်းပစ်မှာပဲ..ကဲ..ငါအလုပ်တွေရှိသေးတယ်….မင်းပြန်လို့ရပြီ….လုပ်နေကျကိစ္စတွေ ကိုဘိုနီနဲ့ ဆက်လုပ်ပါ”

………………………………..

နေဝင်သွားခဲ့ပြီ။

စိန်ဓါးမြှောင် ခေါ် ဆရာသိန်း၏ တောင်ဥက္ကလာရှိ ခြံဝန်းထဲသို့ ကြေးမုံ၏ ဆိုင်ကယ် မောင်းဝင်လာသည်။

ကြေးမုံက ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး အိမ်ပေါ်သို့ တက်ရန် ပြင်လိုက်၏။

“ကောင်လေး”

ခြံဝန်းအတွင်းရှိ စေတီ‌လေးဘေး မှောင်ရိပ်ဆီမှအသံ။

ထွန်းရင်။

စေတီလေးနဘေးရှိ ဗာဒံပင်တွင် ထွန်းရင် ထိုင်နေသည်။

စေတီလေးတွင် ပူဇော်ထားသော ဆီမီးခွက်မှ မီးတောက်ကလေးများက တလဲ့လဲ့။

ကြေးမုံ က ထွန်းရင် ဘေးတွင် ဝင်ထိုင်လိုက်သည်။

“အကိုကြီး ကိုထွန်းရင် …ဘာထိုင်လုပ်နေတာလဲ”

“ငါငိုနေတာ…ကြေးမုံ”

“ဟာ..ဗျာ”

“မင်း ငါ့ကို အထင်သေးသွားလား..ကြေးမုံ..ငါဖြတ်သန်းခဲ့ရတဲ့တစ်လျှောက် ငါ့ဘေးက လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြတယ်…ငါတို့ ဘဝအသက်မွေးမှုအရ ကောင်းတဲ့ထွက်ခွာခြင်းမျိုးထက် အပြန်အလှန်သေကြသတ်ရင်း ထွက်သွားကြရတာ..ငါ မငိုခဲ့ဘူး…ငိုတာဟာ ယောက်ျားတစ်ယောက်အလုပ်မဟုတ်ဘူး..လူမိုက်တစ်ယောက်ရဲ့ကိစ္စမဟုတ်ဘူးလို့ တသက်လုံး မှတ်ထားခဲ့တယ်… ငိုမယ့်အစား ကလဲ့စားဆိုတာကို ငါတို့ အစားထိုးခဲ့ကြတယ်…မျက်ရည်အစား နောက်ထပ် သွေးတွေကိုသာ ငါတို့ ပြန်ယူခဲ့ကြတယ်…. ကိုဖိုးတုတ်၊ ကိုဂန္ဓမာ၊ ကိုအုန်းဖေ၊ မောင်မောင်၊ ငါ့နှမချောရင်…နောက် ငါ့အချစ်ဆုံးသူငယ်ချင်းစံဘအထိ သေသွားခဲ့ကြပြီ…ငါ့တို့မှာ မျက်ရည်တွေက ထုနဲ့ထည်နဲ့ဖွဲ့ပြီး သေကြသတ်ကြ ကလဲ့စားချေကြ ဒီသံသရာမှာတင်လည်နေခဲ့ကြတယ်..အခု ဧရာ…အနှင်းကို တသက်လုံးမတွေ့ရတော့တဲ့နောက် ငါ့သားလေးလို ငါမှတ်ထားခဲ့တာ..သူ့အသက်ကို ငါကယ်ပေးခဲ့တာ….ကြေးမုံရာ..ဒါတွေ တော်သင့်ပြီလို့ ငါထင်တယ်ကွာ”

ကြေးမုံက ဘာစကားမျှ ပြန်မပြောပဲ သက်ပြင်းသာ ချလိုက်သည်။

“ငါလူတွေအများကြီးသတ်ခဲ့တယ်….ငါဘေးမှာလည်း လူတွေအများကြီး ရှိခဲ့ဖူးတယ်..အခုတော့ မွေးကတည်းကပါလာတဲ့ ငါ့ခြေထောက်တစ်ဖက်တောင် ငါ့မှာ မရှိတော့ဘူး…ခြေထောက်တစ်ဖက်မရှိတာထက်..ငါ့ဖြတ်သန်းခဲ့သမျှဘဝဟာ ဘာမှ..အဓိပ္ပါယ်လည်းမရှိပါလားဆိုတဲ့ အသိက ပိုဆိုးတယ်ကွာ. ငါ့ကို သူတို့အားလုံး ထားခဲ့ကြတယ်..ငါတစ်ယောက်ပဲ မသေပဲ ကျန်ခဲ့တဲ့ ကိစ္စကြီးက ပိုဆိုးတယ်….ငါအထီးကျန်တယ်..တကယ်စိတ်အားငယ်တယ်…”

“ရှင့်ကိုယ်ရှင် အထီးကျန်တယ်လို့ထင်နေတယ်ပေါ့…ကိုထွန်းရင်”

အနောက်ဖက်မှ မြနှစ်၏ အသံ။ အပျိုကြီးမမြနှစ်။ ဓါးမြဗိုလ် ဝါဆိုဝါပို၏ တစ်ဦးတည်းသော နှမကလေး။

“မောင်ကြေးမုံ..အပေါ်မှာ ဆရာကြီးစောင့်နေတယ်..သွားလိုက်ဦး”

ကြေးမုံက ထွန်းရင်၏ ပုခုံးကို ပုတ်ကာနှစ်သိမ့်လိုက်ပြီး အမှောင်ထဲမှ ထွက်ခွာလာခဲ့သည်။

မြနှစ်က ထွန်းရင်၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

ကြေးမုံက အိမ်ပေါ်သို့ရောက်သည့်အခါ စိန်ဓါးမြှောင်က ပက်လက်ကုလားထိုင်တွင် ထိုင်လျက် ကွမ်းယာကို ဝါးနေသည်။

“လာ..ကြေးမုံ”

ကြေးမုံက စိန်ဓါးမြှောင်ဘေးရှိ ကြမ်းပြင်တွင် ဝင်ထိုင်လိုက်သည်။

“နာရေးတုန်းက ငါတော့မသွားနိုင်လိုက်ဘူး..ထွန်းရင် နဲ့ မြနှစ် သွားကြတယ်..မင်းလည်း ဘန်ကောက်ရောက်နေတယ်ဆို”

ကြေးမုံက ခေါင်းညိတ်လိုက်သည်။

“မင်း မျက်မှန်ကြီးနဲ့ တွေ့ပြီးခဲ့ပြီလား”

“ဟုတ်ကဲ့..ခုပဲ တွေ့ခဲ့ပြီ..ဆရာကြီး”

“လှမောင်နဲ့ အနှင်းအပေါ် ငါတာဝန်မကျေခဲ့ဘူး..ခါလေးဆိုတဲ့ ဧရာရဲ့ ဒုတိယအဖေ ကလည်း ငါ့အတွက် အသက်ပေးသွားခဲ့တယ်..အခု ဧရာ့ကို ငါမစောင့်ရှောက်နိုင်ခဲ့ဘူး…သူ့မိန်းမအသတ်ခံရတဲ့သတင်းတောင် သူသေတဲ့သတင်းကြားမှ ငါသိရတာ…ငါ တာဝန်မကျေခဲ့ဘူးကွာ..”

“သတ်သွားတဲ့သူတွေကို မျက်မှန်ကြီးက ဝှက်ပေးထားတယ်..မိုးကျော်ဆိုတဲ့လူကိုတော့ သူဝှက်ထားပေးတယ်..ဆရာကြီး..အားလုံးက သူ့ကြိုးဆွဲရာကနေကြတာပဲ..ကျွန်တော်ကိုယ်တိုင်ရော ပါပါတယ်လေ”

“မင်းက ဘာလုပ်ချင်လို့လဲ..ကြေးမုံ”

“ကျွန်တော့်သူငယ်ချင်းကို သတ်တဲ့ကောင်တွေကို ကျွန်တော်အကုန်ပြန်သတ်မယ်…မိုးကျော်ဘယ်မှာရှိလဲ ကျွန်တော်သိချင်တာ..ဖြစ်နိုင်ရင် မျက်မှန်ကြီးကို ဖိအားပေးဖို့..ဆရာကြီးဆီ လာနေကျ အန်တီကစ်တီကို..အကူအညီတောင်းပေးပါလား”

စိန်ဓါးမြှောင်က ထွေးခံကိုယူပြီး ကွမ်းတံတွေးထွေးလိုက်သည်။

“ကြေးမုံ..မျက်မှန်ကြီးဟာ တော်ရုံတန်ရုံလူမဟုတ်ဘူး…သူ့မှာက ပင်ကိုယ်ဥာဏ်ရည်ဥာဏ်သွေးအပြင် နိုင်ငံခြားက သင်ယူလာတဲ့ ထောက်လှမ်းရေးပညာ၊ ပုလိပ်ပညာကလည်း အပြည့်ပဲ… အခု မျက်မှန်ကြီးစနက်ကြောင့် နံပါတ်ဝမ်းကြီးက ကစ်တီကိုတောင် သူ့အိမ်ကနေ နှင်ချထားတယ်ကွ”

“ဗျာ”

“ဟုတ်တယ်…မျက်မှန်ကြီးက အဘိုကြီးရဲ့ အလုံအိမ်တော်ကို လုံခြုံမှုလေ့လာစစ်ဆေးခြင်းဆိုပြီး အမှုထမ်းတွေကို ရှာဖွေစစ်ဆေးရေးဝင်လုပ်တဲ့ကွ…အဲ့ဒီမှာ အိမ်တော်အမှုထမ်းတွေထဲ ကွန်မြူနစ်ယူဂျီတွေ၊ ရာဇဝတ်မှုနဲ့ ‌ရှောင်တိမ်းနေသူတွေပါနေတယ်။ အဲ့ဒီလူတွေအားလုံးက ကစ်တီခန့်ထားတဲ့ ဝန်ထမ်းတွေချည်းပဲ..ဒါကို မျက်မှန်ကြီးက အဘိုးကြီးဆီ တိုက်ရိုက်အစီရင်ခံလိုက်တယ်..ဒါကြောင့် အဘိုးကြီးက စိတ်ဆိုးပြီး ကစ်တီကို လုပ်ပိုင်ခွင့်တွေအားလုံးရုတ်သိမ်းတဲ့အပြင် အိမ်ပေါ်ကပါ နှင်ချလိုက်တယ်…အဘိုးကြီးအပေါ် သြဇာလွှမ်းနေတဲ့ ကစ်တီကို သူ့နည်းသူ့ဟန်နဲ့ ဖယ်ထုတ်လိုက်တာပဲကွ..ဒါကြောင့်ပြောတယ်..မျက်မှန်ကြီးကို လွယ်လွယ်မတွေးနဲ့ ကြေးမုံ”

“အန်တီကစ်တီ အခု ဘယ်လိုလုပ်မလဲ.”

စိန်ဓါးမြှောင်က ပြုံးလိုက်သည်။

“မှတ်ထားကွ..ယောက်ျားတစ်ယောက်မှာ အားအငယ်ဆုံးအချိန်ရှိတယ်…အဲ့ဒီအချိန်မှာ လိုအပ်တာက မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ပဲ..ဟိုးဗာဒံပင်အောက်က ထွန်းရင်ကို ကြည့်…မိုက်ပေ့ဆိုတဲ့ကောင်ကြီး အခုလိုအချိန်ကျ မြနှစ်ဘေးမှာ ကြောင်ကလေးတစ်ကောင်လိုပဲကွ….. အာဏာရှင်နံပါတ်ဝမ်းကြီး ဟာ ဘယ်သူ့ကိုမှ မယုံဘူး…အားလုံးကို လွှမ်းမိုးချင်စိတ်ကြီးတဲ့..အဲ့ဒီလိုလူတွေဟာ သာမန်လူတွေထက် ပိုအားငယ်တတ်တဲ့အချိန်တချိန်ရှိတယ်ကွ..အဲ့ဒီလိုအချိန်ကျ..ကစ်တီဟာ အဘိုးကြီးဘေး ပြန်ရောက်လာပါလိမ့်မယ်..မပူပါနဲ့”

“ဒါဆို အခု ကျွန်တော်ဘာဆက်လုပ်ရမလဲ”

“မင်း အလုပ်တွေ မင်းဆက်လုပ်ကြေးမုံ..အခု ရန်ကုန်အခြေအနေ.မင်းလည်းသိမှာပဲ.. လူမိုက်တွေ..ဖာဂေါင်းတွေ..မူးယစ်ဆေးသမားတွေ.လမ်းသရဲတွေ အကုန်လုံးကို သိမ်းကြုံးပြီး လိုက်ဖမ်းနေပြီ… သူတို့တင်သွင်းလာတဲ့ လမ်းစဥ်ပါတီစနစ်သစ်မှာ ဒီလူတွေကို ရှင်းပစ်ပါတယ်ဆိုပြီး ဟန်ပြလုပ်ပြနေပြီ…ဒီကာလမှ မင်းအနေနဲ့ မျက်မှန်ကြီးအရိပ်ခိုပြီး မှိန်းနေတာ အကောင်းဆုံးပဲ”

“ကျွန်တော်က သူ့အရိပ်ကို ဘယ်လောက်ထိခိုနေရမှာလဲ”

“အပင်ကိုသတ်ဖို့ဆိုတာ အမြစ်မလှန်နိုင်သေးခင် အခက်တွေကို အရင်ချိုးကောင်းချိုးရတယ်…အခက်ကို ချိုးတယ်ဆိုတာ အရိပ်ခိုပြီး ချိုးရတာမဟုတ်လား..ငါပြောတာ သဘောပေါက်လား”

ကြေးမုံက ခေါင်းညိတ်လိုက်သည်။

“မျက်မှန်ကြီးရဲ့ အားနည်းချက်ကို ငါ သူ့တပည့်ဟောင်းတွေဆီက လေ့လာပြီးပြီ…အဘိုးကြီးအပေါ် သစ္စာသိပ်ရှိတယ်…ငွေကြေးအရလည်း ဘာအစွန်းအထင်းမှ မရှိဘူး”

“အဲ့ဒါတော့ ဟုတ်တယ်..ကျွန်တော့်လုပ်ငန်းရှယ်ယာငွေတွေ သူပေးတဲ့ ဘဏ်အကောင့်ကို လွှဲပေးရတယ်..အဲ့ဒီဘဏ်အကောင့်ကိုကျွန်တော်စုံစမ်းကြည့်တော့ ထောက်လှမ်းရေးရဲ့ အရန်ရံပုံငွေစာရင်းဖြစ်နေတယ်..သူ့မှာ ငွေကြေးနဲ့ပတ်သက်ပြီး အားနည်းချက်မရှိဘူး”

“အေး..ဟုတ်တယ်..အားနည်းချက်က သူ့မှာရှာမတွေ့ရင် သူ့ရဲ့အကိုင်းအခက်ဖြစ်တဲ့ သူ့မိသားစုနဲ့ သူ့ဘေးက လူတွေဆီမှာ ရှာရမယ်ကွ… ဘယ်သူ့မှာရှိနိုင်မလဲ..ကြေးမုံ..မင်းစဥ်းစားပေါ့”

ကြေးမုံက ခေါင်းငုံ့ရင်း စဥ်းစားနေသည်။

“ဗိုလ်မှူးဘိုနီ..သူ့ထောက်လှမ်းရေးတပ်က ဂျီတူးပဲ..ကျွန်တော် သူနဲ့ အခု ငွေကြေးကိစ္စတွေလုပ်တော့ သူက စကားတခွန်းပြောဖူးတယ်…. နိုင်ငံတော်အကျိုးကိုသယ်ပိုးတယ်ဆိုတာ ပြည်သူ့အကျိုးကို သယ်ပိုးတာပဲ…ဒီတော့ မင်းနဲ့ငါလည်း ပြည်သူတွေမဟုတ်လားတဲ့…ဒီတော့.ငါတို့အကျိုးကို ငါတို့သယ်ပိုးတာလည်း ပြည်သူ့အကျိုးပဲနော်တဲ့..မင်းမှောင်ခိုလုပ်ငန်းက ရတဲ့ငွေစာရင်းက မင်းနဲ့ငါ ဆီပြီးမှ ဗိုလ်မှူးကြီးဆီ ရောက်တာ မမေ့နဲ့ ဆိုပြီး စသလို နောက်သလိုပြောဖူးတယ်ဗျ”

စိန်ဓါးမြှောင်က လက်ဖျောက်တီးလိုက်သည်။

“ဟုတ်ပြီ…ငါသူ့ကိုသိတယ်.မဂိုဘုရင်လို့ ခေါ်ကြတဲ့လူပဲ…မဂိုလမ်းက ရွှေကုန်သည်တွေ နဲ့ စားကျက်ကျနေတဲ့လူပဲ… စံဘလုပ်ကြံခံရတဲ့နေ့က မာကျောက်ကစားကြတဲ့အထဲ ‌မဂိုလမ်းက ရွှေကုန်သည် ရွှေငါးသိန်းမြင့် ဆိုတာပါတယ်..သူထွန်းရင်ဆီကို မကြာခဏလာတတ်တယ်…ငါ့ကိုလည်း နံပါတ်ဝမ်းကတော်ကို အစီအရင်တွေပေးနေတယ်ဆိုတာသိတော့ အတော်လေးယုံကြည်တယ်..ဗိုလ်မှူးဘိုနီ နဲ့ သူရင်းနှီးဖို့များတယ်…. ငါတို့ ဖြည်းဖြည်းနဲ့မှန်မှန် တဆင့်ချင်း လုပ်ကြတာပေါ့..ကြေးမုံ”

“ဟုတ်ပြီ..ဆရာကြီး..ကျွန်တော် နောက်နေ့လည်း လာခဲ့ပါဦးမယ်..အခုတော့ မိုးလည်းချုပ်နေပြီမို့ အိမ်ပြန်လိုက်ပါဦးမယ်”

“ထမင်းစားသွားဦးလေကွာ”

“မစားတော့ဘူး..ဆရာကြီး..အမေ့လည်း သိပ်နေမကောင်းလို့ပါ”

ကြေးမုံက အိမ်ပေါ်မှ ပြန်ဆင်းလာပြီးနောက် ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။

ဆိုင်ကယ်မီးရောင်ကြောင့် ဗာဒံပင်အောက္မှ အရိပ်နှစ်ခုက ပူးနေရာမှာ ခွာသွားကြ၏။

ကြေးမုံက တချက်ပြုံးလိုက်ပြီး ဆိုင်ကယ်ကို မောင်းထွက်လိုက်သည်။

အရိပ်နှစ်ခု ပြန်လည် ပူးကပ်သွားကြသည်။

စေတီလေးဆီမှ ဆီမီးများလည်း ငြိမ်းသွားကြပြီဖြစ်သည်။

………………………………..

ဧရာ နှင့် မခင်ဝင်းကြည် တို့ ကွယ်လွန်သည်မှာ တလကျော်ခဲ့ပြီဖြစ်သည်။

ကြေးမုံ၏ မိခင် မမြင့်ဝင်းမှာ နှလုံးရောဂါအပြင် ယခင်က ပြည့်တန်ဆာဘဝက ရရှိခဲ့သော ဆစ်ဖလစ်ရောဂါက တကိုယ်လုံး ကို ဖိစီးနေခဲ့ပြီဖြစ်သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကလည်း နိုင်ငံတော်စီမံချက်အနေဖြင့် ပြည့်တန်ဆာခေါင်းများ၊ လူမိုက်များကို ရှင်းလင်းရေးပြုလုပ်လျက်ရှိသည်။

တညနေတွင် ကြေးမုံ၊ မြိုင်တို့နှင့်အတူ မမြင့်ဝင်း ဆေးခန်းမှ ပြန်လာစဥ် ရဲတပ်ဖွဲ့က သံတံတားလမ်းရှိ ဒေါ်ပု၏ ပြည့်တန်ဆာအိမ်ကို ဝင်ရောက်ဖမ်းဆီးသည့် သတင်းကြားလိုက်ရသည်။

ဒေါ်ပုကိုလည်း ရဲများက ဖမ်းဆီးသွား၏။

ထိုသတင်းကြားသည့်အခါ မမြင့်ဝင်းမှာ အတော်ပင် စိတ်ထိခိုက်သွားသည်။

နောက်တပတ်အကြာတွင် မမြင့်ဝင်း ဆုံးပါးသွားခဲ့ပါသည်။

မမြင့်ဝင်း၏ ရက်လည်။

ဘုန်းတော်ကြီးများ ကြွသွားပြီးနောက် အိမ်ရှေ့သို့ ကားတစ်စီး စိုက်လာသည်။

ကားပေါ်မှ ဆင်းလာသော လူတစ်ယောက်ကို ကြည့်ကာ ရက်လည်ဆွမ်းသွပ်အလှူတွင်ရှိသောလူများအားလုံး ဆူညံကုန်ကြ၏။

“မင်းသားဟေ့…စန္ဒာယောက်ျား..ဟိုမင်းသားလေ..ကိုကျော်..ကိုကျော်..လာတယ်”

စိုးရ၏ ညီ အောင်ရ နှင့်အတူ တချိန်က စိန်ဂေါ်လီဂိုဏ်းဝင်ဖြစ်ခဲ့ဖူးသော တက်သစ်စရုပ်ရှင်မင်းသား တဖြစ်လဲ ဖိုးကျော် တို့ ဝင်လာခြင်းဖြစ်၏။

စိုးရ က နှစ်ယောက်လုံးကို ပုခုံးဖက်ကာ ခေါ်လာသည်။

ကြေးမုံက မုန့်ဟင်းခါးပွဲများ အသစ်လဲရန် လူငယ်များအား ညွှန်ကြားနေ၏။

“ကြေးမုံ….ဒီမှာ အောင်ရ နဲ့ သူ့သူငယ်ချင်းမင်းသားက…မင်းကိုလည်း တွေ့ချင်လို့ပါတဲ့”

“အေး..အပေါ်ထပ်မှာ တဝိုင်းတင်လိုက်ကွာ..လာကြ”

အပေါ်ထပ်တွင် စားပွဲဝိုင်းခင်းပြီးနောက် အောင်ရနှင့် မင်းသားတို့ ထိုင်လိုက်ကြသည်။

“ကိုကြေး..ဒါ ကျွန်တော့်သူငယ်ချင်းပါ..ဖိုးကျော်ပါ..သိတယ်မဟုတ်လား”

“အင်း သူပါတဲ့ ရုပ်ရှင်ငါကြည့်ဖူးပါတယ်”

“အဲ့ဒီညက ကျွန်တော်လည်း သူတို့ လိုက်သတ်လို့ ရှောင်ရင်း ကိုစိုးရ ထိုင်တဲ့ ဆိုင်ကို ရောက်သွားတာ…ကိုစိုးရ ကလည်း ကိုကြေးအိမ်ဆို ဒီကောင်တွေ မလိုက်ရဲဘူးဆိုလို့ပါ..ကျွန်တော်တို့ကြောင့် ကိုကြီးဧရာ အခုလို့ ဖြစ်သွားတာ ကျွန်တော်တောင်းပန်ပါတယ်…ကိုကြီးဧရာ နာရေးတုန်းကလည်း ကျွန်တော်တို့မှာ ရှောင်နေရတာမို့ မလာခဲ့လိုက်နိုင်ဘူး..အခု အန်တီ့သတင်းကြားတော့ မဖြစ်ဖြစ်အောင်လာမယ်ဆိုပြီးလာတာ..ဟော့ဒီ ဖိုးကျော်က လည်း အကို့ကို တွေ့ချင်တယ်ဆိုတာနဲ့ ခေါ်လာတာပါ”

“အေး..ညီလေး..ရပါတယ်ကွာ…ဖြစ်ပြီးကြပြီပဲ…မင်းတို့ရော အဆင်ပြေကြရဲ့လား”

“ကျွန်တော်တို့လူတွေ တချို့လည်း အသတ်ခံရ..တချို့လည်း အဖမ်းခံရတယ်..ကိုကြေး..ဒါပေမယ့် အခု ရဲက လူမိုက်တွေအကုန်လုံးကို စီမံချက်နဲ့ ဖမ်းပစ်တော့ ကျွန်တော်တို့အတွက်တော့ နည်းနည်းအေးသွားတာပေါ့”

“အေးကွာ..ဒါနဲ့ ဖိုးကျော်က ငါ့ကို တွေ့ချင်တာ ဘာကိစ္စလဲ”

“ဒီလိုပါ..ကိုကြေး…ကိုကြေးတို့က ဘန်ကောက်ဘက်အသွားအလာလည်းရှိ..အဝတ်အစားတွေလည်းသယ်နေတယ်ဆိုတော့.. ဖက်ရှင်ကျကျ အဝတ်အစားတွေ ရှိရင် ကျွန်တော်ရော..ကျွန်တော်တို့ ရုပ်ရှင်အသိုင်းအဝိုင်းထဲက သူငယ်ချင်းတွေကပါ ကိုကြေးနဲ့ ချိတ်ဆက်ချင်လို့ပါ..မှာစရာရှိ မှာရတာပေါ့”

“အင်း…အဆင်ပြေတာပေါ့…မင်းသားရဲ့…ငါလည်း အစကတည်းက မင်းတို့စျေးကွက်ကို ရည်မှန်းထားပြီးသားပါ..ပြန်ရောက်ကတည်းက အလုပ်တွေရှုပ်နေတာနဲ့..မချိတ်ဆက်ဖြစ်တာ..အခု မင်းနဲ့ သိရတော့ အတော်ပဲပေါ့..ကဲ စားကြကွာ..အေးကုန်မယ်”

ကြေးမုံက သူတို့‌ရှေ့တွင် ရှိနေသော မု့န်ဟင်းခါး ပန်းကန်များကို တိုးပေးလိုက်သည်။

ခဏအကြာတွင် စားသောက်ပြီးစီးသဖြင့် ကြေးမုံနှင့် သူတို့အားလုံး အိမ်အောက်သို့ ဆင်းလာကြ၏။

အိမ်အောက်သို့ အရောက်တွင် မြင်ကွင်းတစ်ခုကြောင့် ကြေးမုံ မျက်စိအပြူးသားဖြစ်သွားတော့သည်။

ယုယုမော် နှင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးက ဘုရားစင်ရှေ့ရှိ စားပွဲတွင်ထိုင်နေသည်။

မြိုင်က ဂျူနီယာဧရာကို ရင်ခွင်ထဲထည့်ကာ ယုယုမော်ဘေးတွင်ထိုင်ရင်း စကားတွေ ပြောပြီး ဧည့်ခံနေ၏။

မြိုင်က ကြေးမုံကို အရင် မြင်သွားသည်။

“အကို..ဒီမှာ မော်လမြိုင်က အကို့ဧည့်သည်တွေဆိုတာနဲ့ ကွန်တော်ဧည့်ခံထားတာ”

ကြေးမုံ လှေကားပေါ်တွင် ကြောင်ပြီး ရပ်နေသည်။

နောက်မှပါလာသော စိုးရက လက်ကုပ်တော့မှ အောက်သို့ တလှမ်းချင်းဆင်းသွား၏။

အောင်ရနှင့် မင်းသားက နှုတ်ဆက်သည်ကိုပင် ပြန်မနှုတ်ဆက်နိုင်။

“မမယု..လိုက်လာတယ်”

“ဟုတ်တယ်…..ရှင်က မော်လမြိုင်မှာ အလုပ်တွေတနင့်တပိုးနဲ့ ကျွန်မကို ထားခဲ့တာကို ကိုယ်တော်ရဲ့…ဟိုနေ့က ဘိုပြားပြောလို့ ရှင့်အမေဆုံးတာသိရတယ်..အခုလည်း ဒီက အမနီနီတို့ ရန်ကုန်ရောက်နေတယ်လို့ ကြားတာနဲ့ သူတို့ကိုလည်းတွေ့ရင်း ဒီကို စုံစမ်းပြီး တခါတည်း လာခဲ့လိုက်တာလေ”

ယုယုမော်က ကြေးမုံကို ပြုံးပြလိုက်သည်။

သူ့ဘေးမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားကလည်း ကြေးမုံကို ပြုံးကာ နှုတ်ဆက်လိုက်ကြသည်။

ကြေးမုံ နှင့် ယုယုမော်တို့ မျက်လုံးချင်းကြေးနန်းရိုက်နေသည့် ထိုတဒင်္ဂ။

မြိုင်တစ်ယောက်ကတော့ သူတို့နှစ်ဦးအား ငေးလျက်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၅ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>