ဈေးအီနေသည့်ရွှေနှင့် ထိုင်းဘတ် တစ်ပတ်အတွင်းသုံးသပ်ချက်

0
3258

ယခုတစ်ပတ်တွင် ရွှေဈေးရော ဘတ်ဈေးပါ အီနေပြီး ဈေးအလှုပ်အခတ်နည်းနေသည်။

ယင်းကဲ့သို့ ဈေးအီနေသည်မှာ ရက်သတ္တပတ်သုံးပတ်ခန့်ရှိနေပြီဖြစ်ကာ ဈေးတန်းတစ်ခုတွင် တန့်နေခြင်းဖြစ်သည်။

ငြိမ်နေသည့်ရွှေဈေး အရောင်းအဝယ်ကျ

ယခုတစ်ပတ်လုံးတွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်း ဝန်းကျင်ဖြင့် ဈေးအီနေသည့် အခေါက်ရွှေမှာ အရောင်းအဝယ်ကျနေသည်။

နိုဝင်ဘာလ ၁၄ ရက် (တင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခုနှစ်သောင်းဖြင့် ဈေးစဖွင့်ခဲ့သည်။

ထိုနောက် အင်္ဂါနေ့မှစကာ ၂၆၆၀၀၀၀ ကျပ်ဖြစ်လာပြီး နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲလုံးဝမရှိတော့ဘဲ အဆိုပါဈေးတန်းဖြင့်ပင်ရောင်းချနေသည်။

လက်ရှိတွင် ဈေးအီနေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် နည်းသွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရွှေနှင့်အတူ ငြိမ်နေသည့်ဘတ်ဈေး

ယခုအပတ်တွင် ဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ အလှုပ်အခတ်မရှိ ငြိမ်နေသည်။

တနင်္လာနေ့(နိုဝင်ဘာလ ၁၄ ရက်)က  ထိုင်းငွေတစ်ဘတ်လျှင် ၇၉ ကျပ်စွန်းစွန်း ပေါက်ဈေးရှိခဲ့သည်။

နောက်ရက်များတွင် ထိုင်းငွေတစ်ဘတ်လျှင် တစ်ကျပ်ခန့် ဈေးတက်သွားပြီး ၈၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေကြသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၀ ကျပ် စွန်းစွန်းပေါက်ဈေးရှိနေပြီး ထိုင်းငွေ ၁၂၅၀  ဘတ်လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အလှုပ်အခတ်နေ့တိုင်းရှိသည့် စက်သုံးဆီ

ရွှေနှင့်ဘတ်ဈေးမှာ ငြိမ်သက်နေသလောက် စက်သုံးဆီဈေးမှာ အတက်အကျ နေ့တိုင်းရှိနေသည်။

92 ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ်ဆယ်ဂဏန်း အလှုပ်အခတ်ဖြစ်နေခြင်းဖြစ်သည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၂၅ ကျပ်ဈေးပေါက်နေသည်။

နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲရှိပြီး တစ်လီတာလျှင် ၃၅ ကျပ်အထိ အလှုပ်အခတ်ရှိနေခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် အကွာအဝေး အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၀၀ ကျပ်မှ ကျပ် ၃၀၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

လာမည့်အပတ် ပြည်တွင်းရွှေဈေးမှာ ဆက်လက်တည်ငြိမ်နေဖွယ်ရှိသော်လည်း ကျရိပ်ပြလာနိုင်သည်ဟု ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေဈေးမှာ အကျဘက်ရောက်နေပြီး  အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားလည်း ငြိမ်နေသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စလျှင် ၁၇၅၁  ဒေါ်လာ ပေါက်ဈေးရှိနေပြီး ဒေါ်လာဈေးမှာလည်း ကျပ်သုံးထောင်အောက်ရောက်နေသည်။

ထိုကြောင့် ပြည်တွင်းရွှေဈေးမှာ လက်ရှိနှုန်းထားအတိုင်းပင် ဈေးဆက်ဖွင့်ဖွယ်ရှိပြီး အလှုပ်အခတ်နည်းနေနိုင်သည့် အပတ်ဖြစ်သည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ ဆက်လက်ငြိမ်သက်နေမည့် အနေအထားတွင်ရှိနေသည်။

လကုန်ပတ်များတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးအချို့၏ ဈေးကစားမှုကြောင့် ဘတ်ငွေအတက်အကျ ကြမ်းလေ့ရှိသည်။

ယင်းအပြင် စစ်ကောင်စီက သတ်မှတ်ထားသည့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များက ကုန်သည်များအတွက် အခက်တွေ့စေသော်လည်း ထိုင်းဘတ်ငွေဈေး အတက်အကျ နည်းလာစေသည်။

ထိုကြောင့် လက်ရှိပေါက်ဈေးအတိုင်းပင် အပြောင်းအလဲနည်းစွာဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲဈေးအပေါ် အဓိက မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံစိမ်း ပေါက်ဈေးမှာ အကျဘက်တွင်ရောက်နေပြီး ဒေါ်လာငွေလဲနှုန်းကလည်း အကျဈေးတွင် ငြိမ်နေသည်။

ထိုကြောင့် ပြည်တွင်းစက်သုံးဆီဈေးမှာလည်း တစ်လီတာလျှင် ကျပ် ၂၁၀၀ စွန်းစွန်းတွင်သာ ဈေးဆက်ဖွင့်နေမည်ဟု သုံးသပ်ရသည်။