ထားဝယ်မြစ်တူးရန် စီစဉ်

0
4510

ထားဝယ်မြစ်ကို တူးဖော်ရန်အတွက် ကနဦးဖြစ်မြောက်နိုင်စွမ်းလေ့လာရန် စစ်ကောင်စီက ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပြုထားလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြစ်ကြောင်း သဲသောင်တူးဖော်ရေး မြစ်ကြောင်းရှင်းလင်းရေးအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးက ကြီးကြပ်ပြီး ခင်မြန်မာကုမ္ပဏီက မြေပြင်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

ထားဝယ်မြစ် တူးဖော်ရေးနှင့်ပတ်သတ်ပြီး ရှင်းလင်းပွဲတစ်ရပ်ကို ဇူလိုင်လ ၁၅ ရက်က သရက်ချောင်းမြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး တာဝန်ရှိသူနှင့် ခင်မြန်မာကုမ္ပဏီ တာဝန်ရှိသူတို့ တက်ရောက်ကာ စီမံကိန်းအကြောင်း ရှင်းလင်းခဲ့ကြသည်။

ထားဝယ်မြစ် မြစ်ဝဖြစ်သည့် ပြင်ကြီးကျွန်းမှစပြီး ထားဝယ်မြို့အထိ တူးဖော်မည်ဟု တာဝန်ရှိသူတို့က ပြောဆို သွားကြောင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် သရက်ချောင်းမြို့ခံတစ်ဦးက ဆိုသည်။

“ထားဝယ်မြစ်ကို တူးမှာကတော့ သေချာတယ်။ ဘယ်အချိန်မှာ စတူးမယ်၊ စလုပ်မယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ ပြောတယ်။ စီမံချက်တွေကို ဌာနဆိုင်ရာအဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ရအောင်လုပ်ရဖို့ ရှိသေးတယ်။ အဲဒီလိုရှင်းပြသွားတယ်” ဟု ၎င်းက ပြောသည်။

အသေးစိတ်အချက်အလက်များ သိရှိရရန် တနင်္သာရီတိုင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ထားဝယ်မြစ်တူးဖော်မည်မှာ မှန်ကန်ကြောင်း အတည်ပြုချက်သာရရှိခဲ့ပြီး အသေးစိတ် မသိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ထားဝယ်မြစ် တူးဖော်ဖို့လုပ်နေတယ်ဆိုတာ အဲဒာမှန်တယ်။ အသေးစိတ်ကတော့ သက်ဆိုင်ရာဌာနကိုပဲ မေးလိုက်ပါ။ သူတို့သိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးထံ ဆက်သွယ်၍ မရသေးပေ။

ထားဝယ်မြစ်တူးဖော်ရာမှ ထွက်ရှိလာသည့် သဲများကို ပြည်ပသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ထားဝယ်မြစ်တူးဖော်ရန် တင်ဒါခေါ်စဉ်က ယင်းအချက်ကို ဖော်ပြထားခြင်းဖြစ်သည်။

ထားဝယ်မြစ်ကို တူးဖော်ရာတွင် စီးပွားရေးဆန်ဆန်တူးဖော်ခြင်းမျိုး မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် တူးဖော်ခြင်း၊ ဌာနကသတ်မှတ်ပေးသည့် ရေလမ်းကြောင်းရှိ ရေတိမ်ကွက်များကိုသာ မူလရေစူးအနက်သို့ ရောက်သည်အထိသာ တူးဖော်ရမည်ဖြစ်ကြောင်း တင်ဒါစည်းကမ်းချက်တွင် ဖော်ပြထားသည်။

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကလည်း ထားဝယ်မြစ်တူးဖော်ရေး ပြည်သူ့လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့ဖူးပြီး ထားဝယ်မြစ်မှာ မဖြစ်မနေတူးဖော်ရမည်ဟု ထိုအချိန်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသန့်ဇင်မောင်က ပြောဆိုခဲ့ဖူးသည်။

သို့သော် ‌သောင်တူးရန်အတွက် နိုင်ငံခြားငွေ အမြောက်အများ ကုန်ကျမည်ဖြစ်ပြီး တစ်ကုဗမီတာလျှင် ၃ ဒေါ်လာခန့် ကုန်ကျနိုင်ကြောင်း ဦးသန့်ဇင်မောင်က ၂၀၁၆ ခုနှစ်က ပြောဆိုခဲ့ဖူးသည်။

သို့သော် ဝန်ကြီးချုပ် ဒေါက်တာလဲ့‌လဲ့မော်ဦးဆောင်သည့် ထိုအချိန်က တနင်္သာရီတိုင်းအစိုးရအဖွဲ့ကလည်း ထားဝယ်မြစ်တူးမည်ကို ခွင့်မပြုပေ။

ကမ်းပါးထိန်းနံရံ မရှိသေးဘဲ သောင်တူးခြင်းမှာ မဖြစ်နိုင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာ (EIA, SIA) ခွင့်ပြုချက်များ ဆောင်ရွက်ရန်လိုအပ်နေခြင်း၊ မြို့ဧရိယာနှင့် နီးကပ်စွာရှိနေခြင်း စသည့်တို့ကြောင့် ခွင့်မပြုဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့က ပြည်ထောင်စုထံ အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် လက်ထက်အရောက် ၂၀၂၀ ခုနှစ်တွင်မူ ထားဝယ်မြစ်ကိုတူးဖော်ရန် ဆောင်ရွက် လာပြန်သည်။

ထားဝယ်မြစ်ကို တူးဖော်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ အကြိုစူစမ်းလေ့လာမှုများ ဆောင်ရွက်ရန် Trust & Loyalty Business Group limited Myanmar ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။

ထိုနောက်ပိုင်း ထားဝယ်မြစ်‌တူးဖော်ရေး မည်သို့ဖြစ်သွားသည်ကို မသိရတော့ဘဲ အာဏာသိမ်းပြီးနောက် ယခု ၂၀၂၂ ခုနှစ်တွင် တဖန်ပြန်ပေါ်လာခြင်းဖြစ်သည်။