စပါးရိတ်သိမ်းချိန် ထားဝယ်နှင့် မြိတ်ခရိုင်တွင် မိုးရွာ၍ လယ်သမားများအခက်တွေ့၊ မိုးဆက်ရွာဦးမည်

0
5175

ထားဝယ်နှင့် မြိတ်ခရိုင်တို့တွင် စပါးရိတ်သိမ်းနေကြပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်း မိုးရွာနေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ မိုးရွာနေသည်ဟု မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်မှ ဒေသခံအချို့က ပြောသည်။

တနင်္သာရီတိုင်းတွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ နေရာစိပ်စိပ် မိုးရွာမည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ကြေညာထားသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ခြင်းကြောင့် မိုးရွာနိုင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုဝင်ဘာလ စပါးရိတ်သိမ်းသည့်ကာလတွင် တနင်္သာရီတိုင်းတွင် မိုးရွာနေသဖြင့် တောင်သူများအခက်တွေ့နေကြောင်း လယ်သမားများက ပြောသည်။

မိုးရွာသဖြင့် ရိတ်သိမ်းလက်စ စပါးများကို မိုးကာဖြင့် လိုက်ဖုံးရခြင်း‌ကြောင့် အလုပ်ပိုရှုပ်ပြီး မိုးရွာနေသဖြင့် အလုပ်နားထားရခြင်းကြောင့်လည်း အချိန်ပိုကြာကြောင်း ထားဝယ်မြို့ ဥဿရံရပ်ကွက်မှ လယ်ဧက ၃၀၀ လုပ်ကိုင်နေသူ ဦးကျော်ကျော်လင်းက ပြောသည်။

“မိုးရွာတော့ စပါးပုံကို ပြန်ပြောင်းနေရတာပေါ့။ မိုးလင်းပိုင်းတော့ ရွာမှာ မဟုတ်လောက်ဘူးဆိုပြီး တစ်ခါဟိုဘက်ကို ပြန်ပြောင်းလိုက် တစ်ခါပြန်ရွာလိုက်နဲ့ ဟိုပြောင်း သည်ပြောင်းနဲ့ပဲ ဒုက္ခကြီးပြီ” ဟု ၎င်းက ဆိုသည်။

ပြင်ကြီးကျွန်းဘက်ရှိ လယ်များတွင် မိုးနှင့်အတူ လေပါသဖြင့် စပါးပင်အချို့ လဲကုန်ပြီး လဲနေသည့် စပါးကို ရိတ်ခြွေစက်ဖြင့် ရိတ်သိမ်းရခက်သဖြင့် အချိန်ပိုကြာကြောင်း ဦးကျော်ကျော်လင်းက ပြောဆိုသည်။

ယင်းအပြင် စက်သုံးဆီလည်း ပိုအကုန်အကျများကြောင်း ၎င်းက ဆိုသည်။

ယခုကာလတွင် စပါးရိတ်သိမ်းနေဆဲ လူများရှိသလို အချို့လည်း ရိတ်သိမ်း၍ပြီးပြီဖြစ်ကြောင်း ရေဖြူမြို့နယ်မှ လယ်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

“စပါးရိတ်နေတုန်း မိုးလာ‌ရင် မိုးကာနဲ့ လိုက်ဖုံးနေရတာပေါ့လေ။ စပါးကို စက်နဲ့ ရိတ်ပြီးရင် ပုံမှန်ဆို နှစ်ရက်သုံးရက်ပဲ နေလှန်းရတယ်။ မိုးရေထိရင် လေးငါးရက်လောက် လိုက်လှန်းနေရတော့ အချိန်လည်း ပိုကြာတယ်။ လူလည်း ပိုပင်ပန်းတယ်။ အလုပ်ပိုရှုပ်သွားတယ်” ဟု ၎င်းက ဆိုသည်။

မိုးကြောင့် စပါးရိတ်ရန်၊ ရိတ်ပြီးစပါးသိမ်းဆည်းရန်အခက်တွေ့သည့်အပြင် အပိုကုန်ကျစရိတ်နှင့် အလေအလွင့်လည်း များနိုင်ကြောင်း လယ်သမားများက ပြောဆိုကြသည်။