တိုင်းအတွင်း အသတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးသုံးဦးကို စစ်ကောင်စီက ရဲဗလဆုတံဆိပ်ပေး

0
4233

တနင်္သာရီတိုင်းတွင် အသတ်ခံခဲ့ရသည့် စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်စ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ကို စစ်ကောင်စီဥက္ကဋ္ဌက ရဲဗလ ဆုတံဆိပ်ချီးမြှင့်ကြောင်း နိုဝင်ဘာလ ၁၇ ရက်က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၇ရက်က ကျရောက်ခဲ့သည့် အမျိုးသားနေ့တွင် စစ်ကောင်စီဥက္ကဋ္ဌက အထက်ပါ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆုရသည့်စာရင်းတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောရွာရာအိမ်မှူး ဇူဘိုင် (ခေါ်) ဦးသက်နိုင်နှင့် ကျွန်းစုမြို့နယ်၊ ကျွဲခရံရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြွယ် (ခေါ်) ဦးအိုနီတို့ ပါဝင်သည်။

အထက်ပါ ဆုရရှိသူ သုံးဦးစလုံးမှာ သက်ဆိုင်ရာမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ ဖြစ်သည်။

မြို့ဟောင်းရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်ကို တောင်မင်းပြောင်ရွာနှင့် မြို့ဟောင်းရွာကြားတွင် ပြီးခဲ့သည့် ဧပြီလ ၁ရက်နေ့က LLPDF (လောင်းလုံး-ပကဖ) အဖွဲ့၏ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့သည်။

၎င်း၏ ဖခင်ဖြစ်သူမှာလည်း သားဖြစ်သူ ပစ်ခတ်ခံရပြီး နာရီပိုင်းအကြာတွင် ပစ်ခတ်ခံရကာ သေဆုံးခဲ့သည်။

ထို့အပြင် မြိတ်မြို့နယ် တုံးဗျောရွာရာအိမ်မှူး ဇူဘိုင် (ခေါ်) ဦးသက်နိုင်ဆိုသူမှာလည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က နေအိမ်တွင် PDF များ လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

ကျွန်းစုမြို့နယ် ကျွဲခရံရွာအုပ်ချုပ်ရေးမှူး ဦးအုန်းကြွယ် (ခေါ်) ဦးအိုနီမှာလည်း စက်တင်ဘာ ၇ ရက်နေ့က ယင်းကျေးရွာအုပ်စု ပဲ့ဒိုင်ရွာတွင် PDF တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း ပစ်ခတ်မှုဖြစ်စဉ်တွင် သေဆုံးခဲ့သည်။

ဆုများပေးအပ်ရာတွင် အာဏာသိမ်းပြီးနောက် တိုင်းအတွင်း PDF အဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးခဲ့သူများ၊ စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုကြား ကျဆုံးသူများ ပါဝင်နေခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်း ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ကလည်း တနင်္သာရီတိုင်းအတွင်း PDF အဖွဲ့၏ ပစ်သတ်ခြင်း ခံရသူ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ထွေအုပ်စာရေး ၁၂ ဦးတို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက အထက်ပါ ဆုတံဆိပ် ပေးအပ်ခဲ့‌သေးသည်။

ရဲဗလဆုတံဆိပ်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်သုံးမျိုးထဲက တတိယ အမျိုးစားဖြစ်သည်ဟု စစ်ကောင်စီထံမှ သိရသည်။

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်တစ်ရပ်ရပ်ကို အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စိတ်ဓာတ်၊ စွမ်းရည်၊ စွန့်စားခြင်းတို့ဖြင့် ထူးချွန်စွာဆောင်ရွက်သူများကို စွမ်းရည်အလိုက် ရဲသီဟ၊ ရဲသူရ၊ ရဲဗလဟု၍ ဆုတံဆိပ်သုံးမျိုးခွဲ၍ ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဆက်စပ်သတင်း >>>>>

တနင်္သာရီတိုင်းတွင် အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ရဲဗလတံဆိပ်ပေး