အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4776

အခန်း(၂၃)

“ဗိုလ်မှူးကြီးကတော့ အတော်စိတ်ဆိုးနေတယ်…ကျောင်းသားတွေက ဆူဖို့ပူဖို့လုပ်နေရတဲ့အထဲ မြို့လယ်ခေါင်မှာ ဒီလိုရိုက်ပွဲသတ်ပွဲတွေဖြစ်နေတာမျိုးကို သူလုံးဝလက်မခံဘူးတဲ့..မင်းဒါလေးတောင် နိုင်အောင်မထိန်းနိုင်ဘူးလား..မိုးကျော်”

စစ်သုံးဂျစ်ကားပေါ်တွင် ထိုင်နေသော ဗိုလ်မှူးဘိုနီ ၏ လေသံက တင်းမာလှသည်။

“စိန်ဂေါ်လီ လမ်းသရဲလေးတွေပါ..ကျွန်တော်ရှင်းပါ့မယ်”

“အခု ပါတီဘက်က ကိုတင်ဝင်းညို တို့ကလည်း ဒီပြဿနာကို အတော်လေး ပြောဆိုနေကြတယ်…လမ်းသရဲတွေကို အပြတ်ရှင်းပစ်ဖို့ သူတို့ဆွေးနွေးနေကြတယ်…လမ်းသရဲတွေကို ပြည်သူက သတ်ရင် အရေးမယူဘူးတို့ဘာတို့တောင် ပြောနေကြပြီ.. ငါတို့ကိုင်တွယ်တာ ညံ့လို့ သူတို့ဝင်ပါရတယ်ဆိုတဲ့သဘောမျိုးပေါ့ကွာ..အဘိုးကြီးနားကို ဒီသတင်းရောက်သွားရင်..ဗိုလ်မှူးကြီးလည်းအပြောအဆိုခံရမှာ…အဲ့ဒီကျ..မင်းလည်းသွားပြီသာမှတ်..ဟေ့ကောင်”

“ချာတိတ်တွေပါ..ကျွန်တော် ကိုင်တွယ်ပါ့မယ်”

“အေး…မင်းစောက်သုံးမကျရင် စောက်သုံးကျတဲ့ကောင်ကို ငါတို့ သုံးရလိမ့်မယ်..ပြီးတော့.လမ်းသရဲတွေရော..မင်းဖာဂေါင်းတွေကိုလည်း လမ်းပေါ်မှာ လားလား လားလား မမြင်ချင်တော့ဘူး..ဟုတ်ပြီလား”

ဂျစ်ကားက စက်နှိုးကာ ဝေါခနဲ မောင်းထွက်သွား၏။

မိုးကျော် နဘေးနားသို့ အီဆာနှင့် အီဆတ်တို့ ရောက်လာကြသည်။

“မင်းတို့ ကြားတယ်မဟုတ်လား…စောက်ဗိုလ်စုတ်က ငါ့ကို ပြောသွားတာကြားလား….ကဲ..လူတွေစုတော့..စိန်ဂေါ်လီတွေ ရှိနိုင်သမျှ နေရာကို ဒီည အကုန်တက်ကြမယ်”

………………………………..

စိန်ဂေါ်လီဂိုဏ်း။

ရန်ကုန်မြို့၏ လူငယ်များကြားတွင် ပေါ်ထွက်လာသည့် လမ်းသရဲအဖွဲ့တစ်ဖွဲ့။

ရန်ကုန်မြို့ရှိ ပွဲလန်းသဘင်များတွင် ရပ်ထားသော ကားများကို အခကြေးငွေယူကာ ‌စောင့်ရှောက်ပေးသည့် အိမ်ပြေးလမ်းသရဲလူငယ်အဖွဲ့တစ်ဖွဲ့မှ ၁၉၆၇ ဝန်းကျင်တွင် စတင်ပေါ်ပေါက်ခဲ့သည်။

ထိုလူငယ်အဖွဲ့သည် ပြိုင်ဘက်အဖွဲ့များကို တိုက်ခိုက်ရာတွင် လေးခွများအတွင် ဖန်ဂေါ်လီလုံးများထည့်ကာ တိုက်ခိုက်လေ့ရှိသည်။

သူတို့အသုံးပြုကြသည့် ဖန်ဂေါ်လီများကို တင်စားသည့်အနေဖြင့် စိန်ဂေါ်လီဂိုဏ်းဟု အမည်သမုတ်လိုက်ကြသည်။

စိန်ဂေါ်လီဂိုဏ်းတွင် ဆယ်ကျော်သက်လူငယ်ပေါင်း (၅၀၀)ကျော်ခန့်ပါဝင်ခဲ့ကြသည်။

လွန်ခဲ့သောနှစ်ရက်က ပန်းဆိုးတန်းတွင်ဖြစ်ပွားခဲ့သောရန်ပွဲတွင် စိန်ဂေါ်လီဂိုဏ်းမှ လူငယ်နှစ်ဦး အရိုက်အနှက်ခံရသည့်အပြင် ဆေးရုံတွင် အတွင်းလူနာဖြစ်ခဲ့ရသည်။

ထို့ပြင် မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတို့ဖြင့်လည်း ဖမ်းဆီးခံထားရပြန်သည်။

ရဲများနှင့် ပလဲနံပသင့်သည့် ပြည့်တန်ဆာခေါင်းလူမိုက်များမှာမူ အာမခံဖြင့် ပြန်လွှတ်ပေးခြင်းခံရသည်။

ထိုအခြေအနေတွင် စိန်ဂေါ်လီဂိုဏ်းမှ ဆယ်ကျော်သက်လမ်းသရဲအိမ်ပြေးလူငယ်လေးများသည် ရန်ကုန်လူမိုက် ပြည့်တန်ဆာခေါင်းများကို ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

ထိုနေ့ညက ပန်းဆိုးတန်းသာမက..ရေကျော်၊ ရန်ကင်း၊ ကြည့်မြင်တိုင်၊ မြေနီကုန်း၊ လသာ တို့မှ ပြည့်တန်ဆာခေါင်းလူမိုက်အဖွဲ့များကို စိန်ဂေါ်လီဂိုဏ်းက ရုတ်တရတ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

မထင်မှတ်သော တိုက်ပွဲအတွင်း ရန်ကုန်တစ်မြို့လုံးမှ ပြည့်တန်ဆာခေါင်း (၄)ဦး သေဆုံးခဲ့ပြီး၊ (၁၀)ဦးကျော် ဆေးရုံတင်ခဲ့ကြရသည်။

အထူးသဖြင့် ရန်ကုန်ပန်းဆိုးတန်းပြည့်တန်ဆာခေါင်းများ၊ ရှဲတမတ်များမှာ မိုးကျော်၏ ကျောထောက်နောက်ခံဖြင့် ရပ်တည်နေကြခြင်းဖြစ်သည်။

ပြဿနာ၏ ရင်းမြစ်မှာ လမ်းပေါ်တက်သောင်းကျန်းကြသော ပြည့်တန်ဆာခေါင်းများ၊ ပြည့်တန်ဆာများကိစ္စ ဖြစ်နေသဖြင့် ပြည့်တန်ဆာလုပ်ငန်းများကို အပြီးတိုင် စီမံချက်ဖြင့် နှိပ်ကွပ်ရန် ရန်ကုန်တိုင်းတော်လှန်ရေးကောင်စီအစိုးရ မှ ဆုံးဖြတ်ခဲ့သည်။

ထို့အတူ လမ်းသရဲဂိုဏ်းသားများအား ရပ်ရွာအတွင်း သတ်ဖြတ်ချေမှုန်းပေးပါက အမှုမလုပ်ပါဟု လမ်းစဥ်ပါတီ၊ တွဲဖက်အတွင်းရေးမှူးတစ်ဦး ကိုယ်တိုင်က ပြောဆိုလာခဲ့သည်။

ရန်ကုန်၏ ဘုရင်ဖြစ်နေသော မိုးကျော် နှင့် အခြားနယ်မြေခံလူမိုက်ဂိုဏ်းခေါင်းဆောင်များဖြစ်သော အီဆာ၊ အီဆတ်၊ အလီ၊ ပီတာ၊ စိန်ဝင်းတို့အတွက် ဝင်ငွေကောင်းသော ပြည့်တန်ဆာလုပ်ငန်းများ ဆုံးရှုံးမှုသည် ကြီးမားခဲ့သည်။

ထို့ကြောင့် နောက်ထပ် မိမိတို့ လုပ်ငန်းများကို နှောက်ယှက်လာနိုင်သော လမ်းသရဲဂိုဏ်းဝင်လူငယ်များကို သုတ်သင်ရန် အားလုံး ညီတူညီမျှ ဆုံးဖြတ်လိုက်ကြတော့သည်။

………………………………..

“မြိုင်..မြိုင်”

အသံက ခပ်အုပ်အုပ်။

ခင်ဝင်းကြည်က မြဝတီမဂ္ဂဇင်းကို အိပ်ရာထဲလှဲကာဖတ်နေသည်။

ပုခက်ထဲမှ ကလေးငယ်ကို ကြေးမုံမိခင် ဒေါ်မြင့်ဝင်းက ချော့သိပ်နေ၏။

မြိုင်က ဓာတ်မီးကို ယူက ခြံ‌ရှေ့သို့ ထွက်သွားသည်။

“ဘယ်သူလဲ”

“ငါ စိုးရပါ”

“ကိုစိုးရ ဘာဖြစ်လာတာလဲ..ညကြီးမင်းကြီး”

“တံခါးဖွင့်ပေးပါဟာ..အနောက်မှာငါတို့ကို သတ်မယ့်လူတွေလိုက်လာလို့”

မှောင်ရိပ်အတွင်းဝယ်..စိုးရအပါအဝင် ဆံပင်ရှည်ရှည်နှင့် လူငယ်တစ်ယောငက်လည်း ပါလာသေးသည်။

“မြိုင်..မြန်မြန်လုပ်…နင်တို့အိမ်ဆို သူတို့ မဝင်ရဲဘူး..လုပ်ပါ..ငါတို့ညီအစ်ကိုအသတ်ခံရတော့မယ်”

မြိုင်က ခြံတံခါးသော့ကိုအမြန်ဖွင့်ပေးလိုက်သည်။

“မြိုင်..ဘယ်သူတွေလဲ”

ခင်ဝင်းကြည် က မဂ္ဂဇင်းဖတ်နေရာမှ အသံများ ကြားသဖြင့် မခင်ဝင်းကြည်က ခြံတံခါးဝရောက်လာသည်။

ထိုအချိန်တွင် ခြံတံခါးပွင့်သွားပြီးနောက် စိုးရနှင့်လူငယ်တစ်ဦး ခြံထဲ ဝင်လာသည်။

“မမဝင်း..ခြံတံခါးကို သော့ခတ်ထားလိုက်…ဘယ်သူလာလာဖွင့်မပေးနဲ့..သူတို့ကို ကျွန်တော် ခြံနောက်ဖက်မှာ ပုန်းစရာရှာပေးဦးမယ်”

မြိုင်က စိုးရတို့ နှစ်ဦးကို ဦးဆောင်ကာ အနောက်သို့ခေါ်သွားသည်။

ထိုအချိန်တွင် အိမ်ရှေ့သို့ လူတစ်စုရောက်ရှိလာသည်။ အလီ နှင့် ကြည့်မြင်တိုင်စံငြိမ်းဦးဆောင်သော လူများ။ လက်ထဲတွင် ပုဆိန်များ၊ ဓားရှည်များကိုင်ထားကြ၏။

“လမ်းသရဲကောင် ဒီခြံထဲ ဝင်သွားတာမြင်လိုက်တယ်..တံခါးဖွင့်စမ်း”

“ဘာတွေလာပြောနေတာလဲ..ဒါ ကြေးမုံအိမ်နော်”

ခင်ဝင်းကြည်က သော့ဂလောက်ကို အတင်းပိတ်သည်။

“သြော်.ဘယ်သူများလဲလို့…ဖေလိုးမ.နင်အောက်ဆော့လို့ ကိုကြီးကျော်ဝင်းသေရတာ…နင့်ကို သတ်ချင်နေတာကြာပြီ”

အလီက အမှောင်ထဲမှထွက်လာပြီး ခင်ဝင်းကြည်ကို ဓါးရှည်နှင့် တံခါးကြားထဲမှ ဆောင့်ထိုးလိုက်ရာ ခင်ဝင်းကြည် ဗိုက်ထဲ ဓါးက တဝက်ခန့်ဝင်သွားတော့သည်။

ခင်ဝင်းကြည်က သွေးရူးသွေးတန်းဖြင့် နောက်သို့ လှည့်ပြေးပြီး လှေကားဝတွင် လဲကျသွား၏။

သွေးအိုင်ထဲမှ ခင်ဝင်းကြည်ကို ဒေါ်မြင့်ဝင်းက ကြောင်ကြည့်နေသည်။

ထိုအချိန်တွင် အိမ်အနောက်ဖက် ဂိုထောင်တွင် မှောင်ခိုပစ္စည်းအချို့ကို ထုတ်ပိုးနေသည့် ကိုစန်းထွန်းနှင့် ကြေးမုံ၏ တပည့် လူငယ်များ တုတ်ဓါးများဖြင့် ပြေးထွက်လာကြ၏။

အလီ ၊ အီဆတ် နှင့် ကြည့်မြင့်တိုင်စံငြိမ်း တို့ဦးဆောင်သောအဖွဲ့ကား ကိုစန်းထွန်းတို့ လူအုပ်ကို မြင်သည်နှင့် အနောက်ဖက်သို့ ထွက်ခွာသွားကြပြီဖြစ်သည်။

………………………………..

ညဥ့်ကား နက်လှပြီ။

လမ်းမတော်ဘက် စျေးတန်းများထံမှ ပျံ့လွင့်လာသော အသံတချို့ပင် တိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးအနောက်ဖက်၊ ရင်ခွဲရုံ က မီးမှိန်မှိန်လေး ထွန်းထား၏။

“ညီလေး…ပြန်တော့လေကွာ..ငါတို့လည်းစိတ်မကောင်းပါဘူး”

ဆေးရုံကြီးလူမိုက် စိန်ဝင်းကို ဧရာက မော့ကြည့်လိုက်သည်။

ဓါးဒဏ်ရာရပြီးနောက် မခင်ဝင်းကြည်ကို ဆေးရုံသို့တင်ပို့လိုက်ကြသည်။

နှစ်ရက်အကြာတွင် မော်လမြိုင်သို့ ရောက်နေသော ဧရာက ခင်မောင်နှင့်အတူ ရန်ကုန်သို့ အသည်းအသန်ပြန်လာခဲ့သည်။

သို့သော် မခင်ဝင်းကြည် ကား ထိုနေ့တွင်ပင် ရင်ခွဲရုံသို့ ရောက်ရှိသွားပြီဖြစ်သည်။ ကြေးမုံသည် ယုယုမော်နှင့်အတူ ဘန်ကောက်သို့ရောက်ရှိနေသည်။

ဧရာသည် ညဥ့်နက်သည်အထိ ရင်ခွဲရုံမှ မပြန်သေး။

“ကိုစိန်ဝင်း..အလီ ဘယ်မှာလဲ..ကျွန်တော်သိချင်တယ်..ခင်ဗျားသိတယ်မဟုတ်လား”

“ရဲကလည်း သူ့ကို လိုချင်နေတာပဲ..ငါလည်းဘယ်သိမလဲကွာ”

“ဒါဆို မိုးကျော်ဘယ်မှာလဲ”

“ဟ..သူ့အိမ်မှာရှိမှာပေါ့”

“မမဝင်းကို သတ်ဖို့ မိုးကျော်က အမိန့်ပေးတာမဟုတ်လား”

“မဟုတ်ပါဘူးကွာ..လမ်းသရဲတွေနဲ့ ငါတို့ငြိကြတဲ့ပွဲမှာ..မင်းတို့အိမ်ထဲဝင်ပြေးတော့…အလီက မတော်တဆသတ်လိုက်တာလို့ အလီနဲ့ပါတဲ့ကောင်တွေပြောတာပဲ”

“မတော်တဆတဲ့လားဗျ…မမဝင်းကို ဒီကောင်မသိစရာလား…တောက်”

ခင်မောင်က ဧရာ၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။

“ကိုဧရာ..ကိုကြေးပြန်အလာကို စောင့်ပါဦးလားဗျာ..အမအလောင်းမြေကျပြီးမှပဲ ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့..ကိုစန်းထွန်းတို့လည်း အဲ့ဒီကောင်ကို လိုက်ရှာနေပါတယ်”‌

ကြေးမုံက ယုယုမော်နှင့်အတူ ဘန်ကောက်သို့ ရောက်ရှိနေချိန်ဖြစ်သည်။

ဧရာက ဘာတခွန်းမှ ပြန်မပြော။

“လာပါဗျာ..မနက်လည်း အမအလောင်းကို လာထုတ်ရဦးမယ်..အိမ်မှာလည်း မမြိုင်တို့ပဲ ကျန်ခဲ့တာ…ကျွန်တော်တို့ ပြန်မှဖြစ်မယ်”

“မင်းတို့ ပြန်ကြကွာ…ငါ မမဝင်း ရှိတဲ့နေရာမှာ မနက်အထိနေမယ်..သွားကြ..ဟေ့ကောင်တွေ..ကိုစိန်ဝင်း ခင်ဗျားလည်း သွားဗျာ..ကျုပ်ဟာကျုပ် တစ်ယောက်တည်းနေပါရစေ”

“ခင်ဗျားတစ်ယောက်တည်းတော့ စိတ်မချဘူး..ကိုဧရာ..ကျွန်တော်လည်း နေခဲ့ပေးမယ်”

ခင်မောင်က ဧရာ့ဘေးတွင် ထိုင်ချလိုက်သည်။

“ငါတစ်ယောက်တည်းနေချင်လို့ပါကွာ…မင်းလည်း ပြန်တော့ ဟေ့ကောင်..ပြန်ဆိုပြန်ကွာ..မပြန်ရင် မင်းပါ ငါသတ်မှာ”

ဧရာက ဘောင်းဘီကြားမှ ဓါးမြှောင်ကို ထုတ်ကာ ရွယ်လိုက်သည်။

“ခင်ဗျားကတော့ ဒုက္ခပါပဲဗျာ”

ခင်မောင်က စိတ်ပျက်စွာဖြင့် ထသွား၏။

မှောင်ပျပျ မီးအလင်းရောင်အောက်တွင် ဧရာ တစ်ယောက်တည်း ထိုင်နေသည်။

မည်သူမျှ မရှိသည့်နောက် ဧရာထံမှ ရှိုက်သံသဲ့သဲ့ထွက်လာ၏။

“အီး..ဟီး..ဟီး”

ဧရာ ငိုနေပြီ။

“အခုတော့ ငိုနေပြီမှတ်လား.ကောင်လေးရာ..မင်းတို့က လူ့စည်းဘီလူးစည်းဆိုတာကို နားမလည်ပဲ..သူများမယားကို ကြာခိုခဲ့တာကိုးကွ..အခုတော့ ငိုနေသတဲ့လား..ဟားဟား”

အမှောင်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

မိုးကျော်။

သူ့နောက်တွင် ရပ်နေသူက ကြည့်မြင်တိုင်စံငြိမ်းဆိုသည့် လူမိုက်ငယ်တစ်ဦး။

“အလီ ကိုရှာနေတာလား..အလီက ခဏနေသွားအဖမ်းခံတော့မှာပါ မပူပါနဲ့…အလီက ဟိုကောင်မ ခင်ဝင်းကြည်ကိုသတ်တယ်..ပြီးတော့ သူ့ကို ရန်ရှာလာတဲ့ မင်းကိုလည်း ခုခံကာကွယ်တဲ့အနေနဲ့ သတ်လိုက်ရပါတယ်ဆိုပြီး သွားအဖမ်းခံတော့မှာပါ”

မိုးကျော်လက်ထဲတွင် ဓားရှည်တစ်ချောင်းလက်ခနဲ။

ဧရာက နဘေးသို့ လှိမ့်ပတ်ရှောင်လိုက်သည်။

အဘူး က လက်ထဲမှ ဒုတ်ဖြင့် ဧရာကို ပြေးဝင်ရိုက်သည်။

ဖြောင်းခနဲ မြည်သံနှင့်အတူ ဧရာခေါင်းကို ရိုက်မိသွား၏။

ဧရာက စံငြိမ်းကို ဝင်လုံးပြီး ဓါးမြှောင်ဖြင့် ကျောကုန်းကို ထိုးချလိုက်သည်။

သို့သော် ထိုးချက်က အားမပါတော့။

မိုးကျော်၏ နောက်ထပ်ဓါးချက်က ဧရာ၏ လက်ပြင်ကို စိုက်ဝင်သွားပြီဖြစ်သည်။

စံငြိမ်းက ဧရာလက်ထဲမှ ဓားမြှောင်ကို လုယူလိုက်ပြီး လည်ပင်းကို တစ်ဆုံး ထိုးစိုက်ချလိုက်တော့၏။

ဧရာ သွေးအိုင်ထဲတွင် အသက်ငင်နေသည်။

“ဒီလောကထဲ မင်းတို့ကို ငါခေါ်သွင်းလာတာ..ငါပဲ အဆုံးသတ်ပေးရမှာပေါ့..ကောင်လေးရ”

မိုးကျော်..ဧရာ့ကို အပေါ်မှ မိုးလျက် ပြုံးပြီးကြည့်နေသည်။

ဧရာကတော့ မည်သို့မျှ မတုန့်ပြန်နိုင်တော့။

………………………………..

၁၉၇၁ ဇန်နဝါရီလ (၃)ရက်။ ဘန်ကောက်မြို့။

Luxury ဟိုတယ်ထဲသို့ ဝင်လာကတည်းက ကြေးမုံမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။

ရေကူးကန်အတွင်း ရေကူးနေကြသော နိုင်ငံခြားသားပျိုဖြူများ၊ ထိုင်းပျိုမယ်များကို လိုက်ငေးနေသည်။

ယုယုမော်က ကြေးမုံ၏ လက်မောင်းကို ဆိတ်ဆွဲလိုက်သည်။

“ဆရာကြီး..အလုပ်ကိစ္စလာတာနော်.. အိန္ဒြေရှိရှိနေပါဦး”

“အင်းပါ..မမယုရဲ့..ကျွန်တော်လည်း ဒီဟိုတယ်မျိုး ခုမှ ရောက်ဖူးတာမို့ပါ”

ရေကူးကန်နဘေးတွင် ဆီအုန်းနှင့် ပင်လယ်ကဗွီးပင်လေးများကို အလှတန်းစီစိုက်ထားသည်။

တခုသော စားပွဲတွင် လူတစ်ယောက်ထိုင်နေ၏။

ကြေးမုံနှင့် ယုယုမော်ကို မြင်သည့်အခါ ထိုသူက ထလာသည်။

“အကိုကြီးဆွန်ချိုင်း ဧည့်သည်တွေထင်ပါတယ်”

ထိုင်းစကားဖြင့် ပြောသဖြင့် ယုယုမော်က ခေါင်းညိတ်ပြလိုက်သည်။

ထိုသူက ရေကူးကန်နှင့်မျက်နှာချင်းဆိုင်ရှိ ဟိုတယ်အတွင်းဘက်အခန်းသို့ သူတို့ကို ဦးဆောင်ခေါ်သွားသည်။

အခန်းတွင်း ဝင်လိုက်သည်နှင့် ရွှေရောင်အတိပြီးသောအခင်းအကျင်းများက ကြေးမုံရော ယုယုမော်ကိုပါ ဖမ်းစားလိုက်သည်။

ရွှေရောင်ကျွန်းထိုင်ခုံကြီး တွင် မျက်နှာဝိုင်းဝိုင်း မျက်လုံးမှေးမှေးဖြင့် လူတစ်ယောက်ထိုင်နေသည်။

မစ္စတာဆွန်ချိုင်းကူပလွမ် (Somchai Khunpluem)။

သူ့အား Godfather of Chonburi ဟု လူသိများကြသည်။ ချောင်ဘူရီခရိုင်မှနာမည်ကျော် နိုင်ငံရေးသမားနှင့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။

ချောင်ဘူရီခရိုင်ရှိ ကမ်းခြေအားလုံးသည် သူ့လက်အောက်တွင်ရှိနေသည်။

“မစ္စယု…ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီနော်…ခင်ဗျား မိတ်ဆွေ နဲ့ မိတ်ဆက်ပေးပါဦး”

“ကြေးမုံလို့ ခေါ်ပါတယ်….မြန်မာပြည်မှာတော့ ရှင့်လိုမျိုး လုပ်ငန်းလုပ်တဲ့သူပါပဲ”

“ကောင်းပါတယ်…ဒီတော့ရှေ့ဆက် အလုပ်တွဲလုပ်ကြတဲ့အခါ အဆင်ပြေတာပေါ့… မင်းအဖေ ကတော့ ဒီဘက်အခြမ်းက ကိစ္စတွေ မင်းနဲ့ပဲ ပြောဖို့ လိုတယ်တဲ့..ဒီ‌တော့ ငါတို့ စပြောကြတော့မလား”

“ရှင်ဘက်က ဖြစ်စေချင်တာကို အရင်ပြောပါ..မစ္စတာဆွန်ချိုင်း”

“အခု အင်ဒိုချိုင်းနားစစ်ပွဲက ပိုလျှံနေတဲ့လက်နက်တွေ သင်္ဘောနှစ်စီးတိုက်ရှိနေတယ်..ကမ္ဘောဒီးယားကမ်းခြေကနေ ငါ့နယ်မြေထဲကိုနောက်လထဲ ရောက်မယ်… မင်းတို့ ဘက်မှာလည်း အစိုးရကို ပုန်ကန်ဖို့ ဝန်ကြီးချုပ်ဟောင်းက Parliamentary Democracy Party-PDP နဲ့ တပ်တစ်ခုဖွဲ့နေပြီဆိုတာ ငါသတင်းရထားတယ်..အဲ့ဒါ ဟုတ်လား”

“အဲ့ဒါ..ဟုတ်ပါတယ်”

“ဒီတော့ PDP ရဲ့ လက်နက်ဝယ်ယူရေးလမ်းကြောင်းမှာ ငါ့ဆီက ပစ္စည်းတွေရောင်းချင်တယ်..လက်နက်မှောင်ခို ဆိုတာ ငါ့အတွက် သိပ်အန္တရာယ်ကြီးတယ်..ဒါပေမယ့်အမြတ်အစွန်းလည်း ကြီးတော့ ငါစွန့်စားမိလိုက်တာပဲ…ငါ့ကို ထိုင်းထောက်လှမ်းရေးက မျက်လုံးဒေါက်ထောက်ကြည့်နေတာ..ငါက နိုင်ငံရေးပါတီထောင်ဖို့လည်းရှိနေတယ်…ဗမာနိုင်ငံရေးသမားတွေနဲ့ ငါဆက်သွယ်နေတယ်ဆို သူတို့ ချက်ချင်းသိမှာပဲ..အဲ့ဒီတော့ ဒီလက်နက်မှောင်ခိုကိစ္စမှာ မင်းတို့အကူအညီငါလိုတယ်.. မင်းတို့နဲ့ငါ အကျိုးတူပူးပေါင်းလုပ်မယ်..မင်းတို့က ငါ့လက်နက်တွေကို PDP ကိုရောင်းနိုင်ဖို့ အဲ့ဒီက ခေါင်းဆောင်တွေဆီ ငါ့ကိုယ်စား ချဥ်းကပ်‌ပေးနိုင်မလား”

ယုယုမော်က ကြေးမုံကို ဘာသာပြန်ပြလိုက်သည်။

“ခင်ဗျားရဲ့ ကိုယ်စားလှယ်အနေနဲ့လား”

“ပွဲစားသဘောမျိုးပါပဲ”

“ကျွန်မတို့အတွက် အကျိုးအမြတ်က ဘာလဲ”

“နှစ်ဆယ်ရာခိုင်နှုန်းပေးမယ်”

ဆွန်ချိုင်းက လက်နှစ်ချောင်းထောင်ပြ၏။

“PDP မှမဟုတ်ဘူး..ဗမာပြည်ထဲမှာ တခြားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိသေးတယ်..တကယ်လို့ အဲ့ဒီဘက်ကိုပါ ဖြန့်ပေးနိုင်ရင်ရော…ပစ္စည်းလုံလုံလောက်လောက်ရှိပါ့မလား”

ကြေးမုံပြောစကားကို ယုယုမော်က ဘာသာပြန်ပြောလိုက်သည်။

ဆွန်ချိုင်းက ပြုံးလိုက်၏။

“အရှေ့တောင်အာရှမှာ အမေရိကန်တွေနဲ့ ကွန်မြူနစ်တွေရှိနေသမျှ လက်နက်တွေက ရှိနေဦးမှာပဲ..ဒီအတွက် မပူပါနဲ့”

၁၉၇၀ ကာလများတွင် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် PLA သို့မဟုတ် Parliamentary Democracy Party-PDP ကို ဝန်ကြီးချုပ်ဟောင်း ဦးနုကဦးဆောင်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင်များဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်နှင့် အခြားနိုင်ငံရေး ခေါင်းဆောင်များ ပါဝင်ခဲ့ကြသည်။

ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်သည် ၁၉၇၀ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ အထူးတိုင်း တိုင်းမှူး (ဦးတင်မောင်ဝင်း) ၊ တောင်ပိုင်းတိုင်း (ဗိုလ်ရန်နိုင်)၊ အလယ်ပိုင်းတိုင်း (ဦးသွင်)၊ မြောက်ပိုင်းတိုင်း(ဗိုလ်မှူးအောင်) စသည့်ဖွဲ့စည်းပုံဖြင့် ထိုစဉ်က လူအင်အားခန့်မှန်း (၆၀ဝဝ) ခန့် ပါဝင်လှုပ်ရှားခဲ့ကြသည်။

ထိုမတိုင်ခင်က မြန်မာပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်အများစုမှာ ဒုတိယကမ္ဘာစစ်လက်ကျန် လက်နက်များကိုသာ ကိုင်ဆောင်ခဲ့ကြသည်။

ဦးနု၏ PLA သည် စတင်ဖွဲ့စည်းကတည်းကပင် အမေရိကန်အစိုးရ၏ ငွေကြေးအကူအညီအများအပြားရခဲ့သဖြင့် တောင်အာရှမှ လက်နက်ကုန်သည်များက စျေးကွက်ရရှိရေး အလုအယက် ချိတ်ဆက်နေကြချိန်ဖြစ်သည်။

PLA အနေဖြင့်လည်း မဟာမိတ်ပြုထားသည့် မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးတို့ထက် ပိုမိုခေတ်မှီသည့် လက်နက်များကိုင်ဆောင်ရန် ဆုံးဖြတ်ထားကြသည်။

ထိုအခြေအနေတွင် ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်မှ နာမည်ကျော် ဒုစရိုက်ခေါင်းဆောင် ဆွန်ချိုင်းသည် သူ၏ လက်နက်များ ရောင်းချနိုင်ရန်အတွက်ကြိုးပမ်းခဲ့သည်။

ဆွန်ချိုင်းသည် ထိုင်းနိုင်ငံဘက်တွင် ပင်လယ်ဓားပြဖြစ်ခဲ့ဖူးသည့် ဗိုလ်မှူးငန်းနက်အား PLA နှင့် မဟာမိတ်များအစည်းအဝေး တက်ရောက်လာစဥ် ချိတ်ဆက်မိခဲ့သည်။

ထို့နောက် ဗိုလ်မှူးငန်းနက်က စီးပွားရေးကိစ္စဖြစ်သဖြင့် သမီးဖြစ်သူ ယုယုမော်ကို ဆက်သွယ်ရန် ပြောခဲ့သည်။

ယုယုမော်သည် မိန်းကလေးဖြစ်နေသဖြင့် ကြေးမုံနှင့်အတူ တွဲလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ကြေးမုံကား ယုယုမော်၏ သံယောဇဥ်လက်ရုံးအဖြစ်နှင့် ဘန်ကောက်သို့ နောက်တစ်ကြိမ်ပါလာခဲ့ပြန်သည်။

ထိုအခြေအနေကား သာမန်ခါးပိုက်နှိုက်ကလေးဘဝမှ မှောင်ခိုဂိုဏ်းခေါင်းဆောင်ဖြစ်လာသည့် ကြေးမုံ၏ ဘဝ တဆစ်ချိုးချိန် ရောက်လာခဲ့ပြီဖြစ်သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၄ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>