သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၅)

0
2828
မြင်းခွာပုံဖြစ်နေတဲ့ ကော့မူးရာစခန်းကို ထိုင်းဖက်ကမ်းရှိ တောင်ကုန်းပေါ်ကနေ မြင်ရပုံ။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄)

အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့)

အခန်း-၁၅-

(၁) သောင်ရင်းမြစ်လယ်က ကျည်ဆံတွေကြားမှာ

ဒီလူတွေက လမ်းအတော် ကျွမ်းပုံရပါတယ်။ လက်နက်ကြီးကျည် ကျထားလို့ မီးလောင်ထားတဲ့ နေရာတွေကိုရှောင်ကွင်း၊ တချို့နေရာတွေမှာတော့ သစ်ခက်တွေခုတ်ပြီး တောမီးကို ငြိမ်းသတ်၊ ဝေါ်ကီတော်ကီထဲကနေ ကရင်စကားတွေနဲ့ပြော။

“နာဟူးဃာ … နာဟူးဃာ” (ကြားရလား … ကြားရလား လို့ မြန်မာလို အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့ ကျိုးဖိုးတွေရဲ့ စကားလုံးအတိုင်းဆိုရင်တော့ ရထားဖြစ်လား … ရထား ဖြစ်လားလို့ တဖက်က စက်ကိုင်ထားတဲ့လူကို မေးတဲ့သဘောပါ)။ အဲဒီတလုံးကလွဲရင် ကျန်တာကို ကျနော်က ဘာမှနားမလည်။

ဆိုတော့ ကျနော်စိတ်ထဲမှာ ကိုယ်တခါမှ အသေချာမသိဖူးသေးတဲ့ ဒီလူတွေနဲ့လိုက်လာမိတာ မှားပြီလား။ လိုင်းကားပြန်စီးပြီး မဲဆောက်ပြန်သွားရင် ကောင်းသားဆိုပြီး စဉ်းစားနေမိပါတယ်။ နောက်ပြီး နဝတ စစ်သားတွေ နယ်ကျွံပြီး ဒီတောထဲရောက်နေလေမလား၊ နဝတ ဖက်က လွှတ်ထားတဲ့ စစ်မြေပြင် ကင်းထောက်တွေနဲ့ပဲ တိုးမလား၊ KNU ဖက်က လွှတ်ထားတဲ့ စစ်သားတွေနဲ့ပဲတိုးပြီး လူမှားပစ်ခံရမလား… စသဖြင့် တွေးပူရင်း တကယ့်ကို စိတ်လှုပ်ရှားနေမိပါတယ်။

“ဟိုမှာရောက်ပြီ”။ ကျနော်စဉ်းစားစိတ်ပူလို့ ကောင်းတုန်းမှာ ဝေါ်ကီတော်ကီဆရာက ကျနော့်ကို လက်တို့ပြီး ပြောလိုက်တာပါ။ ကော့မူးရာစခန်းရဲ့ နောက်ကျောဘက်ရှိ ထိုင်း-ကရင် ဘုန်းကြီးကျောင်းတခုကို ဖြတ်အဆင်း၊ သောင်ရင်းမြစ်ဘေးက တောအုပ်တခုထဲရှိ တဲငယ်တလုံးမှာ ထိုင်နေတဲ့ လူ ၃-၄ ယောက်။ KNU စစ်မြေပြင် ထောက်လှမ်းရေးတွေဖြစ်ပုံရပြီး သူတို့ကို ကျနော်တခါမှ မမြင်ဖူးပါ။

သူတို့ အချင်းချင်းကြား ကရင်စကားနဲ့ ပြောနေတာကိုလည် “အဝဲတကာ …” မြန်မာလို “ဒီလူတယောက်ကတော့ဖြင့် …” လို့ အဓိပ္ပယ်ရပြီး ကျနော့်ကို ညွှန်းဆိုတဲ့စကားလုံးကလွဲရင် ကျန်တာကို တလုံးမှနားမလည်။

“ဒီနေရာကို ရန်သူ့တောင်ကုန်းပေါ်ကနေ မမြင်ရဘူး၊ အေးဆေးပဲ။ ဒါပေမယ့် မြစ်ကို ဖြတ်ရမှာမို့ အလင်းရောင်ရှိနေတဲ့ အချိန်ဆိုမဖြစ်ဘူး။ မှောင်ရီပျိုးတဲ့အချိန်အထိ ဒီမှာခဏစောင့်” ရမယ်လို့ ဝေါ်ကီတော်ကီဆရာက အနှစ်ချုပ် ဘာသာပြန်ပေးပါတယ်။ (အဲဒီ တဲနေရာဟာ နောက်ပိုင်း တိုက်ပွဲကြာလာတဲ့ အခါမှာတော့ ကော့မူးရာနဲ့ ထိုင်းဘက်ကမ်းကို ကြိုးဆွဲလှေနဲ့ ဖြတ်ကူးတဲ့ လမ်းကြောင်းနေရာ ဖြစ်လာပါတယ်)။

ဒီလိုနဲ့ ည ၆ နာရီ ကျော်ကျော်လေးမှာ သောင်းရင်းမြစ်ကို ကျနော်တို့ ဖြတ်ပါတယ်။ မြစ်ပြင်ကျယ်က ပေ ၅၀ လောက်ရှိ မလားပဲ။ ရေကတော့ မြစ်ထဲဆင်းကာစမှာ ဒူးဆစ်လောက်သာရှိပေမယ့် မြစ်လယ်ရောက်တော့ ပေါင်လယ်လောက်၊ ခါးဆစ်လောက်အထိ နက်လာပါတယ်။

ကံကဆိုးချင်တော့ ကျနော်တို့ မြစ်လယ်ကျော်ကျော်လေး အရောက်မှာ နဝတ ဘက်ကနေ လက်နက်ကြီးတွေ ထပ်ပစ်တဲ့အတွက် KNU ဘက်ကလည်း ပြန်ပစ်သံတွေ ကြားလိုက်ရပါတယ်။ “သွားပြီ၊ ဒီတခါတော့ ငါလိုက်လာမိတာ တကယ်မှားပြီ” လို့ စိတ်ထဲတွေးနေတုန်း “ဒက် ဒက် ဒက်” ဆိုတဲ့ M 16 သေနတ် အနီးကပ် ပစ်သံကို ကြားလိုက်ရပြီး “ဖြောက် ဖြောက် ဖြောက်” ဆိုတဲ့ အသံတွေနဲ့အတူ ကျည်ဆံ ထိပ်ဖူးတွေ ကျနော်ဘေးက ရေထဲကျလာပါတယ်။

တိုက်ပွဲအတွေ့အကြုံ မရှိသေးတဲ့ ကျနော်ဟာ တကယ်ပစ်သလား၊ ဘေးကို ခြောက်ပစ်သလားဆိုတာကို ခွဲခြားဖို့အချိန် မရလိုက်။ ဘာလချောင်အိတ်ကိုကိုင်ပြီး ဒိုင်ဗင်ထိုးကာ ရေငုပ်လိုက်ပါတော့တယ်။

“ကျနော်တို့ကို ပစ်နေပြီ၊ အော်ပြောလေ ဆရာ” ဆိုပြီး ဝေါ်ကီတော်ကီဆရာကို ပြောတော့ “ကိစ္စမရှိဘူး၊ ခြောက်ပစ် ပစ်တာပါ” တဲ့။ သူကခြောက်ပစ် ပစ်တယ်လို့ပြောပေမယ့် ဒီလောက်မှောင်မဲနေတဲ့ကြားထဲ ဘယ်လိုလုပ်ပစ်မှတ် ရွေးမှာလဲ။ ပြီးတော့ ကျနော်တို့က တိုက်ပွဲဖြစ်နေချိန် သူတို့စခန်းထဲ ဝင်လာတဲ့လူတွေ။

ရန်သူထင်ပြီး ပစ်မိတယ်ဆိုရင် ကျနော်ဘာမှမတတ်နိုင်။ ဘယ်သူမှလည်း ကျနော်သေသွားတာကို သိလိုက်မှာမဟုတ်။ ဆိုတော့ ကျနော် ခြေဖျားလက်ဖျားတွေ အေးစက်ပြီး အတော်လေးကို တုန်လှုပ်ခြောက်ခြားနေမိပါတယ်။

နောက်ဆုံးတော့ ကျနော်တို့ကိုပစ်တဲ့လူရှိရာ ကတုတ်ကျင်းထဲကိုပဲ ကျနော်တို့အုပ်စုရောက်သွားပြီး ဝေါ်ကီတော်ကီဆရာက ကရင်ဘာသာနဲ့စကားတွေပြောနေပါတယ်။ ထုံးစံအတိုင်း ကျနော်က တလုံးမှနားမလည်။ ကျနော့်ပုံကိုကြည့်ပြီး ကရင်စစ်သားတွေ သနားသွားသလား။ ဒါမှမဟုတ် ဟား ချင်နေမလားတော့ ကျနော်မမှန်းတတ်။

(၂) ကော့မူးရာ စစ်ပြေပြင်မှာ တလတာ

ဒုတိယဗိုလ်မှူူးကြီးအေးမြင့်၊ ဒေါက်တာမြင့်ချိုနှင့် ကော့မူးရာက ရဲဘော်အချို့၊

နောက်တနေ့မနက်မှာတော့ ကျနော်တို့နယ်မြေရုံးကလူတွေ စခန်းထိုင်ထားတဲ့ ကျွန်းတံတားကြီး နှစ်ခုဘေးနားက ကတုတ်ကျင်းဆီ ကျနော်ကို ပို့ပေးပါတယ်။ မနေ့ညက အဖြစ်ပျက်ကိုပြောပြတော့ ဘယ်သူကမှ စိုးရိမ်ထိတ်လန့်မှုမပြ။ “မောင်ရင်က မောင်ကျော်တွေရဲ့ ပညာပေးမှုကို ခံလိုက်ရတာပေါ့” ဆိုပြီး တဝါးဝါး တဟားဟားနဲ့ ဝိုင်းရယ်ကြပါတယ် (မောင်ကျော်ဆိုတာက KNU ညီအစ်ကိုတွေကို ကျောင်းသားတွေက ခေါ်လေ့ရှိတဲ့စကားလုံးပါ)။

တကယ်ကတော့ ကျနော်တို့လူတွေရှိတဲ့နေရာနဲ့ မနေ့ညက ကျနော်ရောက်ခဲ့တဲ့နေရာဟာ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် ဆန့်ကျင်ဖက်။ မြင်းခွာရာ သို့မဟုတ် အိုမီဂါပုံရှိတဲ့ ကော့မူးရာစခန်းဟာ စတုရန်းမိုင် တမိုင်ကျော်ကျော် သို့မဟုတ် ကျနော့်မျက်မှန်း ဘောလုံးကွင်းကွင်း ၁၀၀ စာလောက် ရှိမလားပဲ။ မြင်းခွာရာရဲ့ ရှေ့တည့်တည့်က အပေါက်ဟာ နဝတတပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ထားတဲ့ မီတာ ၂၀၀ ဝန်းကျင်ရှိ သတ်ကွင်း။

တိုက်ပွဲမဖြစ်မီအချိန်အထိ ရေကျော်စခန်းနဲ့ မြန်မာနိုင်ငံအတွင်းပိုင်းအထိ သွားနိုင်တဲ့ အဲဒီသတ် ကွင်းရှေ့တည့်တည့်က ကားလမ်းကိုပိတ်၊ သံဆူးကြိုး ခြံစည်းရိုးသုံးထပ်ကာ။ အဲဒီသံဆူးကြိုး သုံးထပ်ရှေ့မှာမှ ဝါးချွန်ခပ်တိုတိုတွေကို သစ်ရွက်ခြောက်တွေနဲ့ဖုံးပြီး စိုက်ထားတဲ့၊ အဝေးကမမြင်နိုင်တဲ့ ခြံစည်းရိုး သုံးထပ်။

သံဆူးကြိုး သုံးထပ်နောက်မှာတော့ ကွန်ကရစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ ကတုတ်ကျင်း ဘန်ကာ တဒါဇင်ခန့်။ ဒါပေမယ့် အဲဒီကတုတ်ကျင်းနဲ့ ခြံစည်းရိုးတွေကို နဝတ တပ်တွေ စခန်းထိုင်ထားတဲ့ တောင်ကုန်းပေါ်ကနေ မမြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီထိပ်တိုက်က ကတုတ်ကျင်း တဒါဇင်ခန့်အပါဝင် သောင်ရင်းမြစ်ပတ်လည်ရှိ ကကုတ်ကျင်းပေါင်း ၁၀၀ ဝန်းကျင်ကို ကြခတ်ဝါးရုံ အကြီးကြီးတွေက မျက်ကွယ်ပေးထားလို့ ဖြစ်ပါတယ်။

ဒီလို ကျည်ကွယ် မျက်ကွယ်ကောင်းပြီး ပထဝီအနေထားအရလည်း လုံး၀ အသာစီးရနေတဲ့အပြင် စိတ်ဓာတ်ရေးရာအရလည်း ၈ လေးလုံး အရေးတော်ပုံပြီးကာစ၊ DAB တပ်ပေါင်းစုရဲ့ အင်အားနဲ့ စည်းလုံးညီညွတ်မှု အတောင့်တင်းဆုံးကာလ ဖြစ်ပါတယ်။

KIO, ALP အပါဝင် NDF အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုက တပ်စုတစု၊ ရှေ့မှာ ကျနော်တင်ပြခဲ့တဲ့ မာနယ်ပလောမှာ မဖွဲ့ဖြစ်လိုက်တဲ့ DAB စစ်ကြောင်းကနေ ပြန်လာတဲ့ မင်းသမီးစခန်းက ABSDF တပ်စုတစု၊ ဘုရားသုံးဆူဘက်က တပ်စုတစု၊ သေဘောဘိုးဘက်က တပ်စုတစုနဲ့ မဲဆောက်မှာ သောင်တင်နေတဲ့ ကျောင်းသားအတော်များများ ဝမ်ခတိုက်ပွဲထဲ ဝင်လာကြပါတယ်။

နောက်တခါ ABSDF ကျောင်းသားဟောင်းတွေ အပါအဝင် လူဆိုး-လူတော်လေးတွေနဲ့ စုဖွဲ့ထားတဲ့ DAB စစ်ကြောင်းတခုရဲ့ နာမည်ကြီးစစ်ကြောင်းမှူး ဗိုလ်မှူး ရောဘတ်ဇံရဲ့ တပ်ဖွဲ့တွေလည်း ကော့မူးရာမှာ စစ်ကူရောက်နေပါတယ်။ ဒါကြောင့်လည်း ကော့မူးရာတိုက်ပွဲဟာ ၆ နှစ်နီးပါး ကြာခဲ့ပြီး အရှည်ကြာဆုံး စစ်ပွဲတခုအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

၁၉၈၉ မေလကနေ ၁၉၉၅ ဖေဖော်ဝါရီလကုန်ပိုင်းအထိ ကြာမြင့်ခဲ့တဲ့ ဒီတိုက်ပွဲအတွင်း တကယ့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သူတွေ၊ အသက်ပေးသွားသူတွေနဲ့စာရင် ကျနော်ဟာ ဘာမှမဟုတ်။ ၆ နှစ်ကြာစစ်ပွဲမှာ တလနဲ့ ၆ ရက်လောက်သာ ပါဝင်ခဲ့ဖူးတဲ့ အညတြရစစ်သည်တဦးမျှသာ။

ကျနော်ရှိနေစဉ် တလကျော်ကာလအတွင်း နဝတတပ်တွေက သောင်ရင်းမြစ်ကိုဖြတ်ပြီး ဝမ်ခဈေးထဲကိုဝင်၊ အဲဒီကနေ ကော့မူးရာကို နောက်ကျောကနေ ဝင်တိုက်တာ တကြိမ်နဲ့ ထိပ်တိုက်မီတာ ၂၀၀ သတ်ကွင်းမှာ တက်တိုက်တာ ၁၀ ကြိမ်လောက် ကြုံခဲ့ဖူးပါတယ်။ ဒီလိုပြောလိုက်လို့ အဲဒီပွဲမှာ ကျနော်ကိုယ်တိုင် ဦးစီးပါဝင်ခဲ့တယ်လို့ မထင်လိုက်ပါနဲ့။

ကော့မူးရာ စစ်မြေပြင်မှာ ဒေါက်တာမြင့်ချိုဖွင့်ထားတဲ့ ကုတုတ်ကျင်းထဲက အရေးပေါ် ဆေးခန်း။

ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း မင်းသမီးစခန်းမှာ စစ်သင်တန်းပေးဖို့ စပြင်ဆင်နေချိန်မှာ နယ်မြေကော်မီတီဆီ ပါလာတဲ့ကျနော်ဟာ ဝမ်ခတိုက်ပွဲရောက်တဲ့အထိ တခါမှ စစ်သင်တန်း (ဝါးရင်းတုတ် သင်တန်းမှအပ) အသေအချာ မတက်ဖူးသေးပါ။ ပဒို (နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအရာရှိ) လိုလို၊ သူးခို (စစ်ဖက်အရာရှိ) လိုလိုနဲ့ အပေါ်မရောက် အောက်မရောက် ဘဝကနေ ဝမ်ခတိုက်ပွဲထဲ ရောက်လာသူပါ။

ဝမ်ခ ရောက်ရောက်ချင်း AK 47 တလက်ကိုကိုင်ပြီး သေနတ်ပစ်နည်း၊ ဖြုတ်နည်း၊ တိုက်ချွတ်နည်းတွေကို လက်ပူတိုက် သင်ရပါတယ်။ AK 47 ဟာ အကြမ်းခံနိုင်ဆုံး လက်နက်ဖြစ်ပြီး ဖြုတ်-တပ်-ဆေးကြောရတာလည်း လွယ်ကူလို့ ကျနော်ရွေးလိုက်တာပါ။ ဒါပေမယ့် သူရဲ့ တခုတည်းသော အားနည်းချက်ကတော့ ကျည်ထွက်တဲ့အခါ မီးပွင့်မှုနှုန်း သိပ်မြင့်တဲ့အတွက် ညတိုက်ပွဲနဲ့ ကြုံတဲ့အခါ မိမိရဲ့နေရာကို တဖက်ရန်သူက မြင်နိုင်တဲ့အချက် ဖြစ်ပါတယ်။

M 16 ကတော့ မီးပွင့်တဲ့ပြဿနာ မရှိပေမယ့် မကြာခဏ ဂျမ်းဖြစ်တတ်ပါတယ်။ ဒါကလည်း ကျနော်တို့ ကိုင်နေတဲ့သေနတ်တွေက အမေရိကန်စစ်သားတွေကိုင်နေတဲ့ သေနတ်လို အသစ်စက်စက် မဟုတ်ဘဲ အတော်အိုဟောင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။

နောက်တခါ နဝတတပ်ဆီက သိမ်းဆည်းရမိတဲ့ G3, G4 လက်နက် အတော်များများကိုလည်း ကျနော်တို့ ကျောင်းသားတွေ အသုံးပြုခဲ့ပါတယ်။ တချို့ စစ်ရေးအတွေ့အကြုံ ရှိသူတွေရဲ့အဆိုအရ နဝတတပ်သားတွေဟာ AK 47, M 16 ကျည်ကို သိပ်မကြောက်ဘဲ G3, G4 ကျည်ကို ပိုကြောက်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကျောင်းသားတွေ ကြားမှာတော့ G3, G4 က အလွန် လေးလံပြီး ဒီဇိုင်းကလည်း မလှပတဲ့အတွက် သိပ်မကြိုက်ကြပါဘူး။

အဲဒီလို AK 47 တလက်နဲ့ ဟန်ရေးပြနေတဲ့ ကျနော်ဟာ တကယ် တိုက်ပွဲဖြစ်တဲ့အခါမှာတော့ ကတုတ်ကျင်းထဲမှာ တုန်တုန်ရီရီဖြစ်နေပါတယ်။ ဆက်သွယ်ရေးမြောင်းဘောင်ပေါ်မှာ လမ်းလျှောက်မပျက်ဘဲ ဝေါ်ကီတော်ကီ ပြောနေဆဲဖြစ်တဲ့ KNU က စစ်ဗိုလ်တွေကို အားကျငေးကြည့်နေသူ၊ AK 47 သေနတ်ကို ကကုတ်ကျင်းထဲကနေ ခေါင်းမဖော်ရဲပဲ ပစ်နေသူ၊ သေနတ်ပြောင်းတခုစာသာ ဖွင့်ထားတဲ့ ကတုတ်ကျင်း သေနတ်ပစ် ပေါက်ကနေ နဝတဘက်က ပစ်လိုက်တဲ့ကျည်များ ကိုယ့်မျက်နှာဆီတန်းပြီး ဝင်လာမလားဆိုပြီး ဘုရားတနေသူတဦးမျှသာ ဖြစ်ခဲ့ပါတယ်။

“သူများဖုတ်တွေမှာ ဝတ်လစ်စလစ် ကောင်မလေးပုံတွေ ကပ်ထားပြီး ခင်ဗျားဖုတ်မှာတော့ ဘုရားပုံတွေနဲ့ပါလား။ စစ်တိုက်ရင်းနဲ့ ကုသိုလ် အတော်ရနေပြီ ထင်တယ်နော်” လို့ ကျနော်နဲ့ တပ်စုတခုတည်း တာဝန်ကျတဲ့ ၂၁၁ ရဲဘော်တချို့က စပါတယ် (ကတုတ်ကျင်း၊ ဘန်ကာတွေကို KNU နဲ့ ကျောင်းသားတွေက ဖုတ်လို့ ခေါ်ပါတယ်။ ဆက်သွယ်ရေးမြောင်းကိုလည်း လျှောက်မြောင်းလို့ ခေါ်ကြပါတယ်)။

သူတို့ ပြောမယ်ဆိုလဲ ပြောချင်စရာပါပဲ။ သာမန်အချိန်မှာ ညအိပ်ရာဝင်ရင်တောင် ဘုရှားရှိခိုးမှုကို ပုံမှန်လုပ်လေ့မရှိတဲ့ကျနော်ဟာ အခုတိုက်ပွဲအတွင်းမှာတော့ မနက်တခါ၊ ညတခါအပြင် အချိန်ရတိုင်း ဘုရားရှိခိုး ဆုတောင်းသလိုဖြစ်နေတဲ့အတွက် သူတို့မျက်စိနောက်နေပုံရပါတယ်။

အဲဒီအချိန်က ကျနော်နဲ့တပ်စုတခုတည်း တာဝန်ကျသူတွေထဲမှာ အခု DKBA ဘက်ကိုပြောင်းသွားတယ်ဆိုတဲ့ KNU တပ်စုမှူးတဦးနဲ့ တပ်ကြပ်ကြီးတဦး၊ နောက် ABSDF ရဲ့ ဆက်သွယ်ရေးဌာန အကြီးအကဲဖြစ်လာပြီး အခု သြစတေးလျကို ရောက်သွားတဲ့ ကိုဗျတ္တနဲ့ မုဒုံဖက်က ကျောင်းသား ၃-၄-ဦး။ နောက်တခါ ၂၁၁ တပ်ရင်းမှူနဲ့ ဗဟိုတပ်ထောက်ချုပ်ဖြစ်လာပြီး အခု မဲဆောက်မှာ ကျောင်းဆရာနဲ့ ဂီတဖျော်ဖြေမှု လုပ်နေသူ ကိုဝင်းချို။ နောက် ကျဆုံးသွားကြပြီဖြစ်တဲ့ ကိုနီမင်း၊ ကိုလှသွင်နဲ့ နယ်မြေရုံးအဖွဲ့မှ ကိုမြင့်ဆွေတို့ကို ကျနော်အမှတ်ရနေပါတယ်။

စစ်မြေပြင်ဆိုပေမယ့် တိုက်ပွဲက တချိန်လုံးဖြစ်နေတာမျိုးတော့ မဟုတ်ပါ။ မနက်စောစောနဲ့ ညနေ ရေချိုးချိန်မျိုးမှာ နဝတဘက်က ပုံမှန်နီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပါတယ်။ ဒါပေမယ့် ထိပ်တိုက်ကို တက်ထိုးတာမျိုးဆိုရင်တော့ ဘာအသံမှမပေးဘဲ ငြိမ်နေစဉ် မနက်လင်းအားကြီးမှာ လက်နက်ကြီးနဲ့ ထရစပ်ပစ်ပြီး ရုတ်တရက် ထလုပ်တာမျိုးတွေ ဖြစ်ပါတယ်။ ထိုင်းဘက်ကမ်းကိုကူးပြီး ကော့မူးရာစခန်းကို နောက်ကျောကနေ ဝင်တိုက်တာမျိုးကိုတော့ နေ့လည်ဘက်မှာ ဗြောင်လုပ်လေ့ရှိပါတယ်။

နဝတဘက်က ပစ်တဲ့ လက်နက်ကြီးတွေကလည်း တကယ့်ကြောက်စရာကောင်းပါတယ်။ ၁၂၀ မီလီမီတာ၊ ၈၁ မီလီမီတာ အဝေးပစ်မော်တာအမြောက်ဆံနဲ့ ကျနော်တို့ရဲ့ ကတုတ်ကျင်းအမိုးကို ပြိုအောင်ထုတဲ့ဲ့အချိန်၊ နောက် ကတုတ်ကျင်းကို ကာပေးထားတဲ့ ကြခတ်ဝါးရုံနဲ့ ကျွန်းပင်တွေကို ၈၄ မီလီမီတာ လောင်ချာနဲ့ထုတဲ့အချိန်၊ ဆက်သွယ်ရေးမြောင်းထဲ လမ်းလျှောက်နေသူတွေကို ထိနိုင်ဖို့ အော်လီဂန်းစက်သေနတ် (မူလ အမည်က Oerlikon ဖြစ်ပြီး ၂၀ မီလီမီတာကျည်နဲ့ပစ်တဲ့ ဘော်ဗာ သို့မဟုတ် စက်လက်တမျိုး ဖြစ်ပါတယ်) နဲ့ ကျွန်းပင်တွေ၊ သစ်ကိုင်းတွေကို ပစ်ချိုးတဲ့အချိန်တွေဟာ အတော်စိတ်လှုပ်ရှား ဖို့ကောင်းပါတယ်။

အဲဒီလို လက်နက်ကြီးမျိုးစုံနဲ့ ဆက်တိုက်ပစ်နေတဲ့ အချိန်ဆိုရင် ဆက်သွယ်ရေးမြောင်းထဲမှာရော၊ ကတုတ်ကျင်းထဲမှာပါ ပုန်းနေလို့ မလုံခြုံတော့သလို ခံစားရပါတယ်။ နောက်တခါ ညတိုက်ပွဲတွေမှာ နဝတ ဘက်ကနေ မီးကျည်ပစ်တဲ့ အချိန်မျိုးဆိုရင်လည်း ကော့မူးရာတခွင်လုံး နေခင်းဘက်ထက်တောင် ပိုလင်းထိန်သွားသလို ခံစားရတဲ့အတွက် ကတုတ်ကျင်းထဲမှာ ကိုယ်ပုန်းနေတာကိုတောင်မှ တဘက်ရန်သူက မြင်နိုင်တယ်ဆိုပြီး သံသယဝင်တဲ့အထိ စိုးရိမ်မှုဖြစ်စေခဲ့ပါတယ်။

အဲဒီကာလ ကျနော်တို့ဘက်က သုံးတဲ့ကျည်တွေကလည်း နဝတ ထက် သိပ်မညံ့။ ၁၂၀ မမ မရှိပေမယ့် ၈၁ မမနဲ့ ၆၀ မမ မော်တာတွေကို အတော်သုံးနိုင်ခဲ့ပါတယ်။ ၈၄ မမ လောင်ချာမရှိပေမယ့် အဲဒီလောက်နီးပါး အစွမ်းထက်တဲ့ ၈၂ မမ၊ ၅၇ မမ နောက်ပွင့်လောင်ချာတွေ၊ ၆၂ မမ ပုခုံးထမ်း တခါသုံးလောင်ချာ၊ အာပီဂျီ အမှတ်၂၊ အမှတ် ၅၊ အမှတ် ၇ တို့ကို အတော်သုံးနိုင်ခဲ့ပါတယ်။

ပြီးတော့ နဝတရဲ့ အော်လီဂန်း စက်သေနတ်ထက် ပိုအားကောင်းတဲ့ ပွိုင့် ၅ (၅ မမ အချင်းရှိ ကျည်ကိုသုံးတဲ့စက်လတ်) စက်သေနတ်ကို သုံးနိုင်ခဲ့ပါတယ်။ လက်နက်ငယ်အပိုင်းမှာလည်း M 79 မမ လောင်ချာ။ နောက် M 79 နဲ့ M 16 တွဲထားတဲ့သေနတ်၊ AK စက်လက်၊ M 16 စက်လတ်၊ AK 47, M 16 နဲ့ ကာဘိုင်သေနတ်တွေရှိပါတယ်။ ခဲယမ်းအပိုင်းမှာလည်း နဝတလောက် ကျည်ဆံမဖြုန်းနိုင်ပေမယ့် လုံလောက်စွာနီးပါး အသုံးပြုနိုင်ခဲ့ပါတယ်။

……………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၆) >>>>>

ထက်အောင်ကျော်