အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4669

အခန်း(၂၂)

ငန်းနက် က သူ့ရှေ့မှ လူငယ်နှစ်ဦးကို သေချာစိုက်ကြည့်နေသည်။

ထို့နောက် သူ့လက်ထဲမှ စာကို နောက်တစ်ကြိမ် ပြန်ဖတ်လိုက်၏။

“လှမောင်သားဆိုတာ မင်းဖြစ်ရမယ်…ဟုတ်တယ်မဟုတ်လား”

ဧရာကို လက်ညိုးထိုးလိုက်သည်။ ဧရာက ခေါင်းညိတ်ပြ၏။

“အေး…ငါတို့ အထက်ဘက်မှာ အလုပ်တွေလုပ်ခဲ့တုန်းက.မင်းအဖေ နဲ့ အမေက သိပ်အတွဲညီခဲ့တာကွ….အေးလေ.. အကိုကြီးက မင်းတို့ကို ကူညီပါလို့ စာထဲမှာရေးထားတယ်…အနှင်းတို့လှမောင်တို့ သားဆိုတော့ သူ မရေးလည်း ငါက ကူညီရမှာပါပဲ..ဒါနဲ့ မင်းဘေးက တစ်ယောက်က”

“ကြေးမုံလို့ ခေါ်ပါတယ်…ကျွန်တော့်သူငယ်ချင်းပါ”

“အေး…ငါ့သမီးယုမော် လှမ်းပြောထားလို့ ကြေးမုံဘာကောင်ဆိုတာ ငါသိထားပါတယ်..အင်း.. မင်းတို့ ဒီနယ်မြေမှာ မှောင်ခိုလမ်းကြောင်းသစ်ချချင်တယ်ဆိုတော့..ဘာတွေများသယ်မှာလဲ”

“ခေတ်ပေါ်အဝတ်အစားနဲ့ ဖက်ရှင်ပစ္စည်းတွေပါ..နေကာမျက်မှန်တို့ သားရေဂျာကင်တို့ ဘောင်းဘီတို့”

ငန်းနက်က မျက်မှောင်ကြုံ့လိုက်သည်။

“အထည်လိပ်တို့ စားသောက်ကုန်တို့ က ပိုမြတ်တာမဟုတ်ဘူးလား”

ကြေးမုံက ပြုံးလိုက်သည်။

“ကျွန်တော်ရည်မှန်းထားတဲ့စျေးကွက်က ရန်ကုန်နဲ့ မန္တလေးက နိုင်ငံတော်ကောင်စီဝင်သားသမီးတွေ၊ သူဌေးသားသမီးတွေ၊ နောက်ပြီး ရုပ်ရှင်အသိုင်းအဝိုင်း နဲ့ အဆို‌တော်အသိုင်းအဝိုင်းတွေအတွက်ပါ..နောက်ဆုံးပေါ် အဝတ်အထည်တွေ၊ အသုံးအဆောင်တွေဆို သူတို့ ပဲ စျေးကောင်းပေးဝယ်နိုင်တာမဟုတ်လား”

“ဒါနဲ့ မင်းက အဲ့ဒီအုပ်စုတွေနဲ့ သိတယ်ပေါ့”

“ကျွန်တော်က ရန်ကုန်က မှောင်ခိုလောကကို ကိုင်ထားတာပါ..သူတို့အတော်များများ ကျွန်တော့်ဆီကနေ ပစ္စည်းတွေ တိုက်ရိုက်မှာလေ့ရှိကြပါတယ်”

ငန်းနက်က ပြုံးလိုက်သည်။

“အေးလေ.ဟုတ်ပါပြီ…ပြန်ဝင်လာမယ့် လမ်းကြောင်းကိစ္စကတော့..ငါ့ကို ပစ္စည်းတန်ဖိုးရဲ့ ရှစ်ရာခိုင်နှုန်းပေးရမယ်၊ နည်းတယ်များတယ် ဂျီးဂျမများနဲ့…အကိုကြီးမျက်နှာရယ်…ဆုံးသွားတဲ့လှမောင်တို့မျက်နှာတို့ရယ်ကြောင့် ငါဒီလောက်ပဲ ယူတာ…. အဲ့ဒါ ငါ့တို့အဖွဲ့အစည်းနယ်မြေတစ်ခုတည်းအတွက်မဟုတ်ဘူး..ဟိုဘက်အဖွဲ့အစည်း နယ်မြေအတွက် လမ်းကြောင်းကြေးပါ ငါထည့်တွက်ပေးထားတာ”

“ဟုတ်ရပါတယ်..”

“နောက်တစ်ခုရှိသေးတယ်….ငါတို့က ဘယ်လိုအဖွဲ့အစည်းလဲ မင်းလည်းသိပြီးသားပဲ..ငါတို့အကြောင်းကို မင်းအဲ့ဒီမှာ အာလျှောက်ချောင်လို့တော့ မရဘူးနော်..ဟေ့ကောင်”

“ကျွန်တော့် စီးပွားရေးသမားပါ..ကျန်တာကျွန်တော်ကိစ္စလို့ကို မထင်တာ”

“အေးလေ.ကြည့်ရသေးတာပေါ့…ဆရာသိန်းက လွှတ်လိုက်တယ်ဆိုတော့ ငါယုံပါတယ်..အဲ့.တစ်ခုတော့ရှိတယ်..သူတို့အသိုင်းအဝိုင်းတွေဘက်က ငါတို့ဒေသနဲ့ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာသတင်းဖြစ်ဖြစ်၊ နိုင်ငံရေးဆိုင်ရာသတင်းတစ်ခုခုဖြစ်ဖြစ် ထူးခြားရင်တော့ ငါ့ကို ပြောပြပေးနိုင်မလား”

ယခုတခါ ကြေးမုံပြုံးအအလှည့်ဖြစ်သည်။

“သြော်.အဲ့ဒါ.သူလျှိုမှုနော်..အသက်နဲ့ ကြေးတိုက်ထားရတာ..အလကားတော့ဘယ်ရမလဲ”

“ဟားဟား..တယ်လဲ လာတဲ့ငတိပဲကွယ့်..ဟုတ်ပါပြီ…ငါတို့ကို လေးရာခိုင်နှုန်းပဲပေး…သတင်းတော့ မှန်မှန်ပေးရမယ်..ဘယ်လိုလဲ”

ကြေးမုံက ခေါင်းညိမ့်လိုက်သည်။

“ဒါနဲ့…ယိုးဒယားမှာရော မင်းတို့ ပစ္စည်းယူဖို့ ချိတ်ရှိပြီလား”

“ဟိုရောက်မှ ကျွန်တော်တို့ ချိတ်ဆက်မှာပါ”

ငန်းနက်က ယုယုမော် ကို တစ်ချက်ကြည့်လိုက်သည်။

“သမီး..မဲဆောက်ဆင်နှစ်ကောင်မှာ သူတို့ ပြောတဲ့ ပစ္စည်းမျိုးတွေ ရှိနိုင်လား”

“မရှိဘူး..ဖေဖေ..သူတို့ ပြောတဲ့ဟာတွေက ဘန်ကောက်ထိ တက်ချိတ်မှရမှာ”

ငန်းနက်က စားပွဲခုံဘေးတွင်ရှိသော ရေခဲပုံးထဲမှ ထိုင်းဘီယာတစ်ဗူးကို ဖောက်ခနဲနေအောင် ဖွင့်လိုက်သည်။

ထို့နောက်

“ကိုဘရင်. ပါလီမန်ဒီမိုကရေစီပါတီနဲ့ အစည်းအဝေးက ဘယ်တော့လဲဗျ”

ငရုတ်သီးဘရင်က သူ့မှတ်စုစာအုပ်လေးကို ထုတ်ပြီး ကြည့်လိုက်သည်။

“မေ ၂၅…ဗိုလ်ငန်းနက်”

“ဒါဆို နောက်တပတ်ထဲ‌ပေါ့…အင်း..ဟုတ်ပြီ…ငါ မေ ၂၅ မှာ ဘန်ကောက်ကို အစည်းအဝေးတက်ဖို့သွားရမယ်..သခင်နုတို့ ပါတီနဲ့ ငါတို့တိုင်းရင်းသားအဖွဲ့တွေ တပ်ပေါင်းစုတစ်ခုဖွဲ့မယ်ကိစ္စပဲ… အဲ့ဒီကျ မင်းတို့နှစ်ယောက်ကို ငါ့ကိုယ်ရံတော်တပ်သားအဖြစ်နဲ့ ခေါ်သွားမယ်…ယုမော်လည်း လိုက်ခဲ့…ဘန်ကောက်ရောက်ရင် မင်းတို့ကိစ္စကို ယုမော်က လိုက်ကူညီပေးလိမ့်မယ်..အေး..အလကားတော့မရဘူးနော်.. အကျိုးဆောင်ခ ဘတ်သုံးရာတော့ ပေးရလိမ့်မယ်..ဒါနဲ့ မင်းတို့ သေနတ်တွေဘာတွေရော ကောင်းကောင်း ပစ်တတ်ကဲ့လား”

“ဟုတ်..ပစ်တယ်ပါတယ်”

ကြေးမုံက ဝင်ဖြေလိုက်သည်။

“မင်းကရော”

“တခါမှတော့ မပစ်ဖူးသေးဘူး”

“ဟာကွာ..လှမောင် နဲ့ အနှင်းသား လုပ်နေပြီးတော့များ”

ဧရာ မျက်နှာကွက်ခနဲ ပျက်သွား၏။

………………………………..

ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရသည် အာဏာသိမ်းစဥ်က ဖမ်းဆီးထားသော ဝန်ကြီးချုပ်ဦးနုကို ပြန်လည်လွှတ်ပေးလိုက်သည်။

ဦးနုသည်ထောင်မှလွတ်မြောက်ပြီးနောက် မိမိကို ထောက်ခံသူအင်အားစုအနေအထားကို သိရှိရန် ရန်ကုန်မြို့ပေါ် ရပ်ကွက်များတွင် ဗုဒ္ဓဘာသာဆိုင်ရာတရားပွဲများ ဦးဆောင်ကျင်းပခဲ့သည်။

ဦးနုဦးဆောင်ကျင်းပသည့် တရားပွဲများကို လူထုက စုစုဝေးဝေးတက်ရောက်ခဲ့ကြသည်။

ထိုအချိန်တွင် ရခိုင်ပြည်တွင် ရေဘေးဒုက္ခကြုံနေသဖြင့် ဦးနုသည် တရားပွဲများမှ အလှူငွေကောက်ခံပြီး ရသမျှကို အစိုးရထံ ရေဘေးရံပုံငွေအဖြစ်ပေးအပ်လိုက်သည်။

စစ်အစိုးရအနေဖြင့် ဦးနုသည် နိုင်ငံရေးကို စိတ်ကုန်ပြီး ဘာသာရေးဘက်သို့ ပိုမိုအားသန်သွားပြီဟု အထင်ရောက်ခဲ့ကြသည်။

၁၉၆၈ တွင် ဦးနုသည် အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ၏ ဖိတ်ကြားမှုဖြင့် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရန် အစိုးရထံ ခွင့်တောင်းသည်။

ဗိုလ်ချုပ်နေဝင်းစစ်အစိုးရက အသာတကြည်ခွင့်ပြုခဲ့သည်။

ဦးနုသည် အိန္ဒိယမှတဆင့် အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံများသို့သွားရောက်လည်ပတ်ခဲ့သည်။

ထိုခရီးစဥ်အတွင်း ဦးနုသည် စစ်အစိုးရကို တော်လှန်ပုန်ကန်မည့်လမ်းစဥ်တချို့ကို နိုင်ငံခြားအင်အားစုများနှင့် ဆွေး‌နွေးတိုင်ပင်ခဲ့သည်။

ထို့နောက် ဦးနုသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံတွင် ရှိနှင့်ပြီးသား နိုင်ငံရေးအင်အားစုများနှင့်တွေ့ဆုံသည်။

မကြာမီ နေရှင်းသတင်းစာအယ်ဒီတာချုပ် ဦးလောရုံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်စောကြာဒိုး၊ဦးဇာလီမော်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးချုပ်တီကလစ် တို့နှင့် ပူးပေါင်းပြီး ပါလီမန်ဒီမိုကရေစီပါတီကို ဗန်ကောက်မြို့တွင် တည်ထောင်ခဲ့ကြသည်။

ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရကို လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်ကြသည်။

၁၉၇၀ နှစ်ဦးတွင် ဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ ဦးသွင် ကလည်း ပါလီမန်ဒီမိုကရေစီပါတီနှင့် လာရောက်ပူးပေါင်းသည်။

၁၉၇၀ မေလ ၂၅ တွင် ပါလီမန်ဒီမိုကရေစီပါတီက ဦးစီးပြီး တိုင်းရင်းသားပေါင်းစုံညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ)ကို ဖွဲ့စည်းရန် အစည်းအဝေးတစ်ခုကျင်းပခဲ့သည်။

ထိုအစည်းအဝေးသို့ ကေအင်ယူကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီတို့ ဦးဆောင်တက်ရောက်ခဲ့ကြသည်။

နိုင်ငံရေးခေါင်းဆောင်များအစည်းအဝေးနည်းတူ စစ်ရေးအတွက်လည်း တပ်မှူးများကိုလည်း ခေါ်ဆောင်လာခဲ့ရာ တပ်ရင်းမှူး ဗိုလ်မှူး ငန်းနက်နှင့်အတူ ကြေးမုံ၊ ဧရာ၊ ယုယုမော် တို့လည်း ဘန်ကောက်သို့ ရောက်ရှိလာခဲ့သည်။

………………………………..

ကြေးမုံသည် ထိုင်းနိုင်ငံဘန်ကောက်၊ မဲဆောက်တို့မှတဆင့် မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်အထိ တိုက်ရိုက်ပေါက်သော မှောင်ခိုလမ်းကြောင်းတစ်ခုလုံးကို ချုပ်ကိုင်နိုင်ရန် မော်လမြိုင်တွင် အထိုင်ချခဲ့သည်။

ထိုလမ်းကြောင်းတွင် ကြေးမုံ၊ ဧရာ၊ဘိုဗြား၊ စိုးနောင်၊ ခင်မောင် တို့နှင့်အတူ မှောင်ခိုသမားလူငယ်အများအပြား ပါဝင်လာခဲ့၏။

ယုယုမော်သည်လည်း ကြေးမုံအတွက် မရှိမဖြစ် ဒေါက်တိုင်တစ်ခုဖြစ်လာသည်။

သုံးလကျော်ကြာခဲ့ပြီးနောက် သြဂုတ် ၁၅ ရက်နေ့တွင် ကြေးမုံနှင့် ဧရာ တို့ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာကြသည်။

ဘူတာကြီးတွင် စိုးရက သုံးဘီးကားငှားကာသူတို့နှစ်ဦးကို လာကြိုသည်။

“အခြေအနေတွေကတော့ ငါခုန ပြောသလိုပဲ..ကြေးမုံ..အဘိုးကြီးနှစ်ယောက်သေသွားပြီးကတည်းက ရန်ကုန်က ကိုမိုးကျော်လက်ထဲ ရောက်သွားတာပဲ”

ကြေးမုံက ဘန်ကောက်မှ ဝယ်လာသော နေကာမျက်မှန်ကို ချွတ်လိုက်သည်။ ထို့နောက် ငါးသုံးလုံးစီးကရက်ဗူးကို ထုတ်ကာ စိုးရနှင့် ဧရာတို့ကို ကမ်းပေးလိုက်သည်။

“အဘိုးကြီးနှစ်ယောက် အဖြောင်ခံရမယ်ဆိုတာတော့ ငါသိပြီးသားပါ..အင်း..ကိုမိုးကျော်ကို ပွဲထုတ်ထားတာတော့ ငါတို့အတွက် သိပ်မကောင်းဘူး..ဧရာ”

“မိုးကျော်ကို ငါတို့ ကြိုလက်ဦးထားရင်ရော”

“နေဦးကွ..မိုးကျော်က အဓိကမဟုတ်ဘူး..သူ့ကို အခုလို ထောင်ကလွတ်ပြီး ရန်ကုန်မြို့ပေါ် ပေါ်တင်ကြီး နေလို့ရအောင် လုပ်ပေးထားတာ အနောက်မှာ ဘယ်သူရှိလဲ..မင်းလည်း သိပါတယ်….ငါ အဲ့ဒီလူကြီးနဲ့ တွေ့ရဦးမှာပဲ..သူနဲ့ စကားပြောကြည့်တာပေါ့”

“ဦးစံဘ နဲ့ ဦးထွန်းရင်အတွက် စိတ်မ‌ကောင်းဘူးကွာ..သူတို့က ငါတို့အသက်ကို ကယ်ခဲ့ဖူးတယ်”

ဧရာက သုံးဘီးကားအရှိန်ကြောင့် တိုက်နေသည့်လေ ကြားမှာ စီးကရက်ကို ရအောင်မီးညှိရင်းက ပြောလိုက်သည်။

ကြေးမုံက သုံးလတာခွဲခွာခဲ့ရသော ရန်ကုန်မြင်ကွင်းများကိုသာ ငေးမောနေ၏။

………………………………..

Strand Hotel ။ ရန်ကုန်။

မျက်မှန်ကြီးက ကြေးမုံရှေ့တွင် ရှိသော ငွေထုတ်ကို ကြည့်လိုက်သည်။

“နောက်ဆို ငါမှာ တာဝန်တွေနဲ့ အလုပ်တွေများတော့မှာ..ဒီတော့…မင်းနဲ့ငါ တိုက်ရိုက်တွေ့စရာမလိုတော့ဘူး..ကြေးမုံ…ငွေကိစ္စကိုလည်း မင်းကို ဘဏ်အကောင့်နံပါတ်တစ်ခုပေးထားမယ်..အဲ့ဒီကိုပဲ လစဥ်လွှဲတော့…စာရင်းဇယားအတိအကျကိုတော့ ငါ့လူတစ်ယောက်က လတိုင်းမင်းဆီ လာယူလိမ့်မယ်..နောက်ပြီး .မင်းအတွက် အလုပ်ရှိရင် ငါ့လူတွေကပဲ ဆက်သွယ်လိမ့်မယ်…မင်း ငါနဲ့ တိုက်ရိုက်တွေ့ခွင့်ရတာ ဒါနောက်ဆုံးပဲ..”

“လမ်းကြောင်းပေါ်မှာ ရဲတွေ တပ်တွေနဲ့ ကျွန်တော် စကားပြောလာရရင်ရော..ဘယ်လိုလုပ်ရမလဲ”

“ငါက ကွန်မြူနစ်ကိစ္စ၊ ကရင်ကိစ္စ အရေးကြီးအော်ပရေးရှင်းတွေကိုင်နေရတယ်…မင်း ကိစ္စတွေ ခေါင်းထဲ မထည့်နိုင်သေးဘူး….ဒီဖုန်းနံပါတ်ကို ယူထား…ဒါက ငါ့လူ ဗိုလ်မှူးကြီးဘိုနီပဲ..ပြည်ထဲရေးနဲ့ဆိုင်တဲ့ကိစ္စတွေမှာ တကယ်တမ်းအရေးကြီးပြီဆို သူ့ကိုမင်းဆက်သွယ်ပါ..ငါတို့ပစ္စည်းတွေအများကြီးဆုံးရှုံးမှ ဆက်နော်..တချို့ကိစ္စတွေ မင်းနည်းမင်းဟန်နဲ့ ဖြေရှင်းပေါ့”

ကြေးမုံက ဖုန်းနံပါတ်ကဒ်ပြားကို ယူလိုက်ပြီး ရှေ့မှ ဝီစကီခွက်ကိုကောက်ကိုင်လိုက်သည်။

“ခဏနေဦး..မင်းမိတ်ဆွေဟောင်းတစ်ယောက်ကို ငါဖိတ်ထားသေးတယ်”

ထိုစဥ် အခန်းဝတွင် မိုးကျော် ပေါ်လာသည်။

မိုးကျော်က စပိုရှပ်မိုးပြာရောင်နှင့် ဖလဲဘောင်းဘီကို ဝတ်ထားသည်။

ကြေးမုံဘေးရှိ ခုံတွင် ဝင်ထိုင်လိုက်သည်။

“ကဲ..လူစုံပြီဆိုတော့ ငါပြောစရာရှိတာပြောမယ်..မကြာခင်မှာ ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို ငါတာဝန်ယူဖို့ရှိတယ်…ပြီးရင် နံပါတ်ဝမ်းကြီးရဲ့ စစ်ဘက်အကြံပေးရာထူးလည်း ငါပဲဖြစ်ဖို့ များသွားပြီ… ငါ အင်အားကြီးတာနဲ့အမျှ မင်းတို့အတွက်လည်း အကျိုးရှိတယ်ဆိုတာ မင်းတို့သိပြီးသားပါ…မင်းတို့နှစ်ယောက်လုံးကို ငါတိုက်ရိုက်မတွေ့နိုင်တော့ဘူး..ရှေ့လျှောက် ငါအလုပ်တွေ များတော့မှာ….မင်းတို့နှစ်ယောက် ကို ပြောချင်တာက..အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့..အခု ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီ..ကိုယ့်စီးပွားရေးကိုယ်လုပ်ကြ…တချို့ ထိတွေ့မှုတွေရှိရင် ညှိယူကြဖို့ပဲ..အမှောင်ထဲက မင်းသားများမှာ မင်းတို့ နှစ်ယောက်က ခေါင်းဆောင်တွေ..ခေါင်းဆောင်ပီသအောင်နေကြ..မင်းတို့ကို ငါရှေ့လျှောက်အားကိုးချင်သေးတယ်”

မိုးကျော်က ခပ်ထေ့ထေ့ပြုံးလိုက်သည်။

“ကဲ..ကြေးမုံ..မင်းက အငယ်လေ..လက်ဆွဲနှုတ်ဆက်ဖို့ ထလိုက်”

ကြေးမုံက လက်ဆွဲနှုတ်ဆက်ရန် ထလိုက်သည်။

မိုးကျော်က ဝီစကီခွက်အလွတ်ကို ယူပြီး ပုလင်းထဲမှ ဝီစကီကို ငှဲ့လိုက်၏။

“ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ပဲလေ..လက်ဆွဲနှုတ်ဆက်ဖို့ထိတော့ မလိုဘူးမဟုတ်လား..ကာနယ်ကြီးရဲ့”

မိုးကျော်စကားကြောင့် ကြေးမုံက လက်ကိုရုတ်ကာ ပြန်ထိုင်လိုက်သည်။

“ကဲ..စကားတွေလည်း ဆုံးပြီးဆို‌တော့ ကျွန်တော် ပြန်တော့မယ်”

ကြေးမုံက ရုတ်တရက်မတ်တပ်ထရပ်လိုက်သည်။

မိုးကျော်က ဝီစကီကို တမျှင်ခြင်းစုပ်သောက်နေ၏။

ကြေးမုံထွက်သွားပြီးနောက် မျက်မှန်ကြီးက ကျေနပ်စွာပြုံးလိုက်သည်။

“အင်း..မင်းတို့နှစ်ယောက်ပွဲကတော့ အတော်ကြည့်ကောင်းမှာပဲကွ…ဟားဟား”

ကြေးမုံက Stand Hotel တံခါးဝသို့ရောက်သောအခါ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကိုတွေ့ရသည်။

ယာဥ်ထိန်းရဲများက ဟိုတယ်ရှေ့တွင် ပြာယာခပ်နေသည်။ ဝန်ထမ်းများကလည်း ဟိုတယ်တံခါးဝတွင် အသင့်ပြင်ဆင်နေကြ၏။

ကြေးမုံက ဝန်ထမ်းတစ်ဦးနားသို့ ကပ်ပြီးမေးလိုက်သည်။

“ဘယ်သူလာမှမို့လို့လဲဗျ”

“စန္ဒာဝင်းနဲ့ သူ့သူငယ်ချင်းတွေ ဒီမှာ နေ့လည်စာလာစားကြမှာတဲ့”

“စန္ဒာဝင်းဆိုတာ ဘယ်သူလဲ”

“ဟာ..ခင်ဗျားကလည်း…ဦးနေဝင်း သမီးလေဗျာ..နိုင်ငံတော်ရဲ့ မင်းသမီးလေးပေါ့”

“သြော်”

မကြာမီ အနက်ရောင်ကားတစ်စီးဆိုက်လာ၏။

ကားပေါ်မှ တက္ကသိုလ်ကျောင်းသူအရွယ် အမျိုးသမီးလေးတသိုက် ရယ်မောပြီး ဆင်းလာကြသည်။

ရှေ့ဆုံးမှ ထွက်လာသော ကောင်မလေးကို ပုခုံးပေါ်တွင် နှစ်ပွင့်တင်ထားသည့် ယာဥ်ထိန်းရဲက အပြေးအလွှားထီးသွားမိုးပေး၏။

သူတို့ ဟိုတယ်အတွင်း ဝင်သွားသည့်အခါမှ ကြေးမုံ အပြင်တွင်ရပ်ခဲ့သော ဆိုင်ကယ်ရှိရာ လျှောက်လာလိုက်သည်။

………………………………..

“အော်…သူတို့ကိုမှတ်မိလား…ကစ်တီ”

စိန်ဓါးမြှောင်က ပက်လက်ကုလားထိုင်တွင်ထိုင်နေရင်း လှမ်းမေးလိုက်သည်။

ဘုရားစင်ရှေ့တွင် ထိုင်ကာ ဒေါ်မြကြည်က ခြေထောက်ကို ဆေးလိမ်းပေးနေသည်ကို ခံနေသည့် ကစ်တီက လှမ်းကြည့်လိုက်၏။

“တခါက ဆရာကြီးပြောလို့ မျက်မှန်ကြီးဆီ အပ်လိုက်တဲ့ကလေးတွေမဟုတ်လား”

ကြေးမုံနှင့် ဧရာက အထုပ်များကို ဆွဲကာ အိမ်ပေါ်တက်လာ၏။

“သြော်..မြကြည် သူတို့ကို မတွေ့ဖူးသေးဘူးနော်..ဟိုမှာ အနှင်းသားလေ”

စိန်ဓါးမြှောင်၏ ဇနီး ဒေါ်မြကြည်က ဆေးလိမ်းပေးနေရာမှ ထရပ်လိုက်သည်။

“အနှင်း…အနှင်းသား….ဧရာလေး..ဧရာလေးကို..အန်တီကို မှတ်မိလား..သား..အန်တီ့ကို”

ဧရာ၏ လက်ကိုဆွဲကာ မျက်နှာကို ကိုင်ကြည့်နေသည်။

လိမ်းဆေးများပေနေသဖြင့် ဧရာ့မျက်နှာတစ်ခုလုံး ပူရှိန်းရှိန်းဖြစ်သွား၏။

“ကဲ..ဒီနေ့တော့ လူစုံတက်စုံပဲ..ဟိုတခေါက် မင်းတို့လာတုန်းက မြကြည်က စစ်ကိုင်းမှာ သီလရှင်သွားဝတ်နေတာ.. မင်းတို့အကြောင်းပြောပြတော့ သူ့မှာ တွေ့ချင်နေရှာတာလေ”

စိန်ဓါးမြှောင်က ပက်လက်ကုလားထိုင်မှ ထလာပြီး ဘုရားစင်ရှေ့တွင်ထိုင်လိုက်သည်။

“ကဲ..ဘယ်လိုလဲ..လုပ်ငန်းအစဥ်ပြေကြရဲ့လား”

“ဘဘကျေးဇူးပါပဲ…ကျွန်တော်တို့ မော်လမြိုင်က လက်ဆောင်တွေပါလာလို့ပါ”

“အေး..အေး..ဒီမယ်..ဒါက ကစ်တီတဲ့….မင်းတို့ကို တခါက ကူညီပေးခဲ့တဲ့ အန်တီလေ..သိတယ်မဟုတ်လား”

အမျိုးသမီးကြီး က ကြေးမုံနှင့် ဧရာကို အလိုက်သင့်ပြုံးပြလိုက်သည်။

“အ‌တော်ပါပဲ..အန်တီ့ကို ကျေးဇူးတင်လွန်းလို့..ကျွန်တော် ဘန်ကောက်ခဏရောက်တော့ နေကာမျက်မှန်လှလှလေးတွေ ဝယ်လာခဲ့သေးတယ်… မစန္ဒာဝင်းတို့လည်း ဝတ်လို့ရအောင်ပါ”

ကြေးမုံက အိတ်ထဲမှ နေကာမျက်မှန်ဗူးသုံးဗူးကို ထုတ်ကာ အမျိုးသမီးကြီး ရှေ့သို့ ထိုးပေးလိုက်သည်။

အမျိုးသမီးကြီးက မျက်မှောင်ကြုံ့လိုက်ပြီး

“မင်းက ငါ့သမီးကို သိလို့လား”

“ဒီလိုပဲ ကြားဖူးတာပါ..အန်တီရယ်..ဒီနိုင်ငံမှာ အန်တီတို့ မိသားစုအကြောင်း မသိတဲ့သူရှိမလား”

အမျိုးသမီးကြီး ပြုံးသွားသည်။

“ကစ်တီရေ…ကောင်လေးတွေက ထိုင်းကနေ ပစ္စည်းတွေ သွင်းနေတာလေ…တချို့ လိုအပ်တာရှိလည်း ကစ်တီတို့ မှာလိုက်လို့ရတယ်နော်”

“အင်း..အရင်ကတော့ တလတခါလောက် ရဟတ်ယာဥ်နဲ့ စျေးဝယ်ထွက်ဖြစ်ပါတယ်.. အခုက အိမ်က ဗိုလ်ချုပ်ကလည်း သူ့နိုင်ငံရေးတွေနဲ့ မအားဘူးဖြစ်နေတယ်….အိမ်က က‌လေးတွေကိုလည်း ပြောလိုက်ပါ့မယ်..လိုချင်တာမှာလို့ရအောင်”

“အင်း..ကောင်းပါတယ်..ကစ်တီ..ဟိုတခါ ဗိုလ်ချုပ်အတွက် ကျုပ်လုပ်ပေးလိုက်တဲ့ အစီအရင်ရော ဘယ့်နှယ့်နေတုန်း”

“ဆရာကြီးလည်း သတင်းစာတွေဖတ်ရတယ်မဟုတ်လား…သူ့ကို ဒုက္ခပေးနေတဲ့ ကွန်မြူနစ်တွေ ရှုံးနေကြတာ…ဆရာကြီး အစီအရင်ကြောင့်လည်း ပါမှာပေါ့လေ… မကြာခင် ဧရာဝတီ ဘိုကလေးဘက်မှာ အပြီးသတ် စစ်ဆင်ရေးတစ်ခု လုပ်ဖို့ရှိတယ်…အဲ့ဒါ ဆရာကြီးကိုလည်း ပြောပေးပါဆိုလို့ ဆေးလည်းလိမ်းရင်း လာတာ ”

“စစ်ဆင်ရေးနာမည်ပေးပြီးပြီလား”

“ပေးပြီးပါပြီ…ကျွန်မတို့ကိုးကွယ်တဲ့ဆရာတော်ကြီးကိုယ်တိုင်ပေးတာပါ”

“ဘာတဲ့လဲ”

“ထော်ပိုင်”

စိန်ဓါးမြှောင်က ထော်ပိုင်ဆိုသည့် နာမည်ကို ပါးစပ်မှ တတွတ်တွတ်ရွတ်သည်။

ထို့နောက် ဘုရားစင်ပေါ်မှ ငွေရောင်ဖယောင်းတိုင်တစီးကို ယူလိုက်ပြီး အမျိုးသမီးကြီး လက်သို့ ထပ်ထည့်ပေးလိုက်သည်။

“အရင်တခါက အင်းချပ်ပေါ်မှာပဲ ထွန်း..စစ်ဆင်ရေးစတဲ့ အချိန်နဲ့ နာရီမှာ စထွန်းဖို့နော်”

အမျိုးသမီးကြီးက ဖယောင်းတိုင်ကို လှမ်းယူလိုက်သည်။ ထို့နောက် စိန်ဓါးမြှောင်ထံသို့ စာအိတ်တစ်အိတ်ပေးပြီးနောက် ပြန်သွားတော့၏။

ကြေးမုံနှင့် ဧရာမှာ မလှမ်းမကမ်းတွင် ထိုင်နေကြသည်။

“ကဲ…မင်းတို့ကို တွေ့ချင်နေတဲ့ လူတစ်ယောက်ရှိနေတယ်…ကဲ…မြနှစ်ရေ”

အခန်းထဲမှ မမြနှစ်က လူတစ်ယောက်ကို တွဲလျက်ထွက်လာသည်။

“ဟာ..အကိုကြီး”

ထွန်းရင်။

တဖက်က မြနှစ်ကို အားပြုလျက်..တစ်ဖက်က ချိုင်းထောက်နှင့်။

ညာဘက်ခြေထောက်တစ်ဖက်မရှိတော့။

ခန္ဓာကိုယ်တွင်လည်း မီးလောင်ဒဏ်ရာများနှင့်။

ဧရာက မတ်တပ်ထရပ်ကာ သွားတွဲသည်။

“အကိုကြီးတို့ သေပြီဆိုပြီး သတင်းကထွက်နေတာ..ဝမ်းသာလိုက်တာဗျာ”

ထွန်းရင်က ဘာစကားမှမပြော။

စိန်ဓါးမြှောင်က ဘုရားစင်ရှေ့တွင် ထိုင်နေရာမှာ ပက်လက်ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်သည်။

“ဒုတိယကမ္ဘာစစ်တုန်းက စကားတခွန်းရှိတယ်ကွ…စစ်ပွဲမှာ.အနိုင်ရယ် အရှုံးရယ်ဆိုတာမရှိဘူး..မသေလို့ ကျန်ရစ်ကြသူတွေပဲရှိတယ်တဲ့…မသေသေးသမျှတော့ အနိုင်ဆိုတာ ပြန်ယူလို့ရပါတယ် ..ဟုတ်ရဲ့လား..မောင်ထွန်းရင်”

“စံဘအပေါ် ကျွန်တော် တာဝန်မကျေခဲ့ဘူး”

စိန်ဓါးမြှောင်က ရယ်လိုက်သည်။

“မင်းရော..စံဘရော ဟော့ဒီက ကလေးတွေအရွယ်တုန်းက လူတွေအများကြီးသတ်ခဲ့ကြတာမဟုတ်လား… ကိုယ့်အလှည့်ဆိုတာကို မတွေးခဲ့ကြဘူးမဟုတ်လား…ငါ့ဘဝမှာလည်း ဓါးပြတိုက်ရင်း လူတွေသတ်ခဲ့ဖူးပါတယ်..သတ်တိုင်းလည်း အသတ်ခံရသူနေရာမှာ ဝင်ပြီး စဥ်းစားမိတယ်…ငါလည်း သူတို့လိုသေနိုင်တာပဲဆိုပြီး…အဲ့ဒီမှာ အရာရာကို သတိနဲ့နေတတ်တတ်လာတယ်…ဘယ်သူ့ကိုမဆို သံသယထားတယ်…ငါနဲ့ပတ်သက်တဲ့ မိတ်ဆွေဖြစ်ဖြစ် ရန်သူဖြစ်ဖြစ် သူတို့ရဲ့ အားနည်းချက်ကို လေ့လာတယ်…သူတို့ကို ငါ့စိတ်ကူးနဲ့ ထောင်ချောက်တွေဆင်ကြည့်တယ်…ဒါပဲ..မသေချင်ရင်…သေခဲ့တဲ့လူတွေကို ဥပမာယူပြီး ကိုယ့်ကိုကိုယ်ကာကွယ်..ဘယ်သူက ရန်သူလဲဆိုတာကို အခြေအနေနဲ့အချိန်အခါအရ တွက်ချက်တယ်…အခု မင်းတို့ မျက်မှန်ကြီးကို လုပ်ကြံဖို့ကြိုးစားပြီး ဘာဖြစ်လို့ ပေါ့တော့တော့နေခဲ့ရတာလဲကွာ”

ထွန်းရင်က ဆတ်ခနဲဖြစ်သွားသည်။

“ကျုပ်တို့ မျက်မှန်ကြီးကို မလုပ်ကြံခဲ့ဘူး..ဆရာသိန်း..စံဘက လုပ်မယ်ဆိုလို့တောင် ကျုပ် က အချိန်မတန်သေးဘူးဆိုပြီး တားခဲ့သေးတယ်”

စိန်ဓါးမြှောင် မျက်မှောင်ကြုံ့သွားသည်။

“ဒါဆို ဘယ်သူလုပ်တာလဲ”

စိန်ဓါးမြှောင်၏ အိမ်ပေါ်ထပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

“မျက်မှန်ကြီးက အခုချိန်မှာ အစိုးရအဖွဲ့ထဲရော စစ်တပ်မှာပါ အရမ်းသြဇာကြီးလာနေတာပဲ…သူ့ကို ကြောက်တဲ့သူတစ်ယောက်ယောက်သတ်တာနေမှာပေါ့”

မမြကြည်က ဝင်ပြောလိုက်သည်။

စိန်ဓါးမြှောင်၏ အကြည့်က ကြေးမုံထံသို့ ရောက်သွား၏။

ကြေးမုံနှင့် စိန်ဓါးမြှောင် မျက်လုံးချင်း ဆုံသွားကြသည်။

“ကျုပ် ‌ရေခဲကို အရင်သတ်မယ်..ဒီကောင် စံဘကို သတ်တာ”

ထွန်းရင်က အားယူပြီး ပြောလိုက်သည်။

“ထွန်းရင်…မင်းတို့ ဂန္ဓာမာသောင်းရီ တို့ ဒီအတိုင်းချည်းပဲ…သတ်ရဲတယ် သေရဲတယ်ဆိုတဲ့ကိစ္စကို ကမူးရှူးထိုးလုပ်မယ့်အစား စနစ်တကျလုပ်ဖို့ နည်းနည်းလေးတွေးကြရင် ဒီလိုတွေ ဖြစ်စရာတောင်မရှိဘူး.”

“ကျွန်တော့်ကိစ္စ‌လေးတွေရှိသေးလို့ ပြန်ခွင့်ပြုပါဦး..ဦးလေးကြီး”

ကြေးမုံက ထပြောသည်။

“အကိုကြီးကိုထွန်းရင် နေရေးစားရေး လိုအပ်တာရှိရင် ကျွန်တော်တို့ကို ပြောပါ..ကျွန်တော်တို့ ကူညီပါ့မယ်”

ဧရာက ထွန်းရင်ထံ သွားပြောသည်။

“ရပါတယ်..ငါက အရင်က ရန်သူဟောင်းတွေကိုလည်း ကယ်ဆယ်ပေးထားပါတယ်ကွ”

စိန်ဓါးမြှောင်က ပက်လက်ကုလားထိုင်မှ ထလာပြီး ပြောသည်။

ထို့နောက် ကြေးမုံ၏ ပုခုံးကို ဖက်ကာ ခပ်တိုးတိုးပြောလိုက်သည်။

“ကောင်လေး….တချို့ကိစ္စတွေက သေချာမှ လုပ်ကွာ..မဟုတ်ရင် မဆိုင်သူတွေ ထိပြီး အားလုံးရှုပ်ကုန်‌ရော”

“ကျွန်တော်က ကြောက်တတ်တယ်..ကျွန်တော်ကြောက်ရတဲ့အရာဆို ဒီလောကကြီးမှာ မထားချင်ဘူး..အဲ့ဒါကြောင့်”

“ငါ့ကိုတော့ မကြောက်မိပါစေနဲ့ကွာ…ငါကကြောက်စရာမကောင်းဘူးနော်..ကဲ..သွားတော့..ဟိုဘက်ပြန်တက်ခါနီး လာဦးကွာ..ငန်းနက်ကြီးအတွက် အရက်နဲ့စိမ်သောက်ဖို့ ဆေးမြစ်ပေးချင်လို့”

………………………………..

၁၉၇၀ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။ ည ၉ နာရီ ၁၀။

ဆောင်းဆိုသော်ငြား ရန်ကုန်မိုးကား သဲသဲမဲမဲ။

သမ္မတရုံတွင် ရုံတင်နေသည့် “Its a mad, mad, mad world” ဆိုသည့် ဟောလီးဝုဒ်ဟာသရုပ်ရှင်ကား က ယခင်ညများနှင့်မတူပဲ ကြည့်ရှုသူများဖြင့် စည်ကားနေသည်။

အထူးသဖြင့် တက္ကသိုလ်ကျောင်းသူများ လာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်နေ့က စတင်ခဲ့သော ရန်ကုန်တက္ကသိုလ်ရွှေရတုပွဲလန်းသဘင်ကြီးတွင် စတိတ်ရှိုးများ၊ စျေးပွဲတော်များကြောင့် ကျောင်းသားများဖြင့်စည်ကားခဲ့သည်။

သို့သော် မော်လမြိုင်ကောလိပ်တွင် ဖြစ်ပွားနေသော သပိတ်မှောက်ပွဲများကူးစက်လာမည်စိုးသဖြင့် ရန်ကုန်တက္ကသိုလ်ရွှေရတုပွဲကို အစိုးရမှ ဆက်လက်ကျင်းပခွင့်မပြုပဲ ပိတ်ပင်လိုက်သည်။

ထို့ကြောင့် အချို့ကျောင်သားကျောင်းသူများမှာ ရုပ်ရှင်ရုံဆီသို့ ခြေဦးလှည့်ကြတော့သည်။

ရုပ်ရှင်လွှတ်သည်နှင့် ကျောင်းသူတစ်စုမှာ သမ္မတရုံမှ ပန်းဆိုးတန်းရှိ သုံးဘီးဂိတ်ဆီသို့ လမ်းလျှောက်လာကြသည်။

ထိုအချိန်တွင် ပန်းဆိုးတန်းတဝိုက်မှ ညအလုပ်သမတို့၏စျေးကွက်ကား အစည်ကားဆုံးအချိန်ဖြစ်နေပေပြီ။

တိုက်ကြိုတိုက်ကြားတွင် မိတ်ကပ်ထူထူ၊ အမောက်ထောင်ထောင်နှင့် နှုတ်ခမ်းနီနီရဲရဲများ မတ်တပ်ရပ်နေကြသည်။

ရှဲတမတ်ဟု ခေတ်စားခဲ့သော မီးခြစ်ဆံစျေးကွက်သည်လည်း စစ်အာဏာသိမ်းပြီးဆယ်စုနှစ်တစ်စုမပြည့်ခင်မှာပင် ရှဲတစ်ကျပ် ဟု စျေးခုန်တက်သွားတော့သည်။

နယ်မြေခံလူမိုက်ဂိုဏ်းများနှင့် ဆက်စပ်နေကြသော ရှဲတမတ်ခေါင်းများ၊ ပြည့်တန်ဆာခေါင်းများက လမ်းမများပေါ်တွင် ဆွယ်စကား၊ စျေးစကားများဆိုကြသည်။

“ဟေ့…ဟိုအနီရောင်နဲ့စော် ကာတစ်ကြီးကတော့ အယ်နေတာပဲ…မော်စီရေ”

လွတ်လပ်ရေးခေတ်က မန္တလေးမြို့ရှိ ကာတစ်ဆေးတိုက်တွင် ဆေးစုံအိုးကြီးတစ်ခုပုံဖြင့် ဆိုင်းဘုတ်တင်ထားသဖြင့် အမျိုသမီးများ၏ တင်ပါးကို အဆိုပါဆေးစုံအိုးဖြင့် နှိုင်းကာ ကာတစ် ဟု ခေါ်သည့် ဗန်းစကားက ခေတ်စားဆဲဖြစ်သည်။

ပန်းဆိုးတန်းထောင့်တစ်နေရာမှ ပြည့်တန်ဆာခေါင်းမော်စီ၏ စကားသံကို ကြားသဖြင့် တက္ကသိုလ်တတိယနှစ် ကျောင်းသူ ကြည်ကြည်ဟန်သည် ချာခနဲ ပြန်လှည့်လာသည်။

“မိန်းကလေးတွေ့တိုင်း ပါးစပ်သရမ်းတဲ့..အောက်တန်းစားတွေ…ငါတို့က တက္ကသိုလ်ကျောင်းသူတွေဟဲ့..နင်တို့ ပါးစပ်ကမြင်းချင်တိုင်းကမြင်းလို့ရတဲ့ အစားတွေမဟုတ်ဘူး..ရဲသွားတိုင်လိုက်လို့ အကုန် ဖမ်းခံရမယ်..သူတောင်းစားတွေ”

“အောင်မယ်..ကောင်မက နှုတ်သီးတယ်ကောင်းပါလား..ဟင်းဟင်း..ငါကလည်း ဒီနှုတ်သီးမျိုးမှကြိုက်တာကွ”

ဘီအီးဒီစီအရက် တစ်ပိုင်းခန့် သောက်ထားပြီးဖြစ်သော ပြည်တန်ဆာခေါင်းလူမိုက်မော်စီ သည် စီးကရက်သောက်လက်စကို ကြည်ကြည်ဟန်၏ ရှေ့သို့ တောက်ထုတ်လိုက်၏။

သူတို့နှင့် မလှမ်းကမ်း မှောင်ရိပ်တွင် ဂစ်တာတီးနေသော လူငယ်တစ်စုက အခြေအနေကို အကဲခတ်နေသည်။

ကြည်ကြည်ဟန်၏ သူငယ်ချင်းများက ကြည်ကြည်ဟန်ကို သွားရန် ဆွဲခေါ်ကြသည်။

“အံမယ်..ညီမလေးက အကိုကြီးတို့နဲ့ နေချင်သေးလို့လား..နှုတ်သီးကောင်းလေးတော့ မော်စီ့ အမြည်းခံချင်နေပြီထင်ရဲ့”

“ခွေးသူတောင်းစားတွေ”

ကြည်ကြည်ဟန်က စီးထားသော ဖိနပ်ကို ချွတ်ကာ မော်စီကို လှမ်းပစ်လိုက်သည်။

မထင်မှတ်ထားသဖြင့် တိုက်ထောင့်တွင် ထိုင်နေသော မော်စီ၏ မျက်နှာတည့်တည့်သို့ ဖိနပ်က လာမှန်သည်။

“ဟာ..ဒီဖေလိုးမတော့”

မော်စီက ပုဆိုးကို တိုတိုဝတ်ပြီး ထလာသည်။

ဂစ်တာတီးနေသော လူငယ်အုပ်စုထဲမှ သုံးဦးက အုတ်ခဲကိုယ်စီကိုင်လာပြီး ကြည်ကြည်ဟန့်ထံ ပြေးလာနေသော မော်စီကို ထုချလိုက်၏။

မော်စီတပည့်များက တုတ်များဖြင့် ရောက်လာပြီး လူငယ်သုံးဦးကို ဝိုင်းရိုက်ကြသည်။

ပန်းဆိုးတန်းတကျောရှိ ပြည့်တန်ဆာမှောင်ရိပ်များ၊ ရှဲတမတ်တန်းများအားလုံးသည် လူမိုက်အလီ၏ တပည့် မော်စီနှင့် တင်ဖေ တို့ လူတွေချည်းဖြစ်သဖြင့် ပွဲကား သူတို့အသာစီးရသွားသည်။

ကြည်ကြည်ဟန်နှင့် တက္ကသိုလ်ကျောင်းသူအဖွဲ့ မည်သည့်နေရာသို့ ရောက်သွားမှန်းမသိသော်လည်း ဝင်ကူညီသူ လမ်းသရဲလူငယ်များမှာ ထိပ်ပေါက်သူပေါက်၊ ခေါင်းကွဲသူကွဲဖြစ်ကုန်တော့သည်။

မကြာမီ ရဲများရောက်လာ၏။

မော်စီ၊တင်ဖေ တို့သည် ရန်ကုန်လူမိုက်ခေါင်းဆောင် မိုးကျော်၏ လက်အောက်ခံများဖြစ်ကြပြီး နယ်မြေခံရဲများအား ဆက်ကြေးပုံမှန်ပေးနေကြသူများဖြစ်သဖြင့် အာမခံကိုယ်စီဖြင့် လွတ်သွားကြသည်။

လမ်းသရဲလူငယ်အုပ်စုကိုမူ မော်စီတို့၏ သတင်းပေးမှုကြောင့် ရန်ပွဲတွင်မပါဝင်သော အနီးအနားမှ လူငယ်များကိုပါ ရဲများက ဖမ်းဆီးရှာဖွေပြီး ဆေးခြောက်များ မိသဖြင့် မူးယစ်ဆေးဝါးအမှုနှင့် ဖမ်းဆီးထားလိုက်ကြတော့သည်။

ဒီဇင်ဘာလ ၈ ရက်။

ပန်းဆိုးတန်းကား ယခင်အတိုင်းပင် ညစျေးကွက်ဖြင့် တောက်ပနေဆဲ။

(၃၅)လမ်း ဗိုလ်ချုပ်လမ်းဘက်မှ ပန်းဆိုးတန်းလမ်းမဆီသို့ ဆံပင်ရှည်ရှည်၊ ခေါင်းလောင်းဘောင်းဘီ၊ကိုယ်ကြပ်အင်္ကျီများနှင့် လူငယ်တစ်စု တက်လာကြသည်။

သူတို့ဦးတည်ရာကား ပန်းဆိုးတန်း၏ ပြည့်တန်ဆာခေါင်းအချုပ် တင်ဖေ နှင့် မော်စီတို့ စတည်းချရာ မှောင်ရိပ်ဆီသို့။

“ဟေ့..ရှေ့မှာ လမ်းသရဲတွေလာနေပါလား…ဘာအထာလဲမသိဘူး..ဟိုနေ့က ဇယားထင်တယ်ကွ”

တင်ဖေက သူ့တပည့်ခေါင်းနှစ်ဦးအား သတိပေးလိုက်သည်။

“ဘူတာချောင်ထဲက ကောင်တွေ ဆေးဖိုးလာတောင်းကြတာနေမယ်…ဟိုကောင်တွေကတော့ အချုပ်ထဲက ထွက်မလာသေးပါဘူး….ရုတ်ရုတ်ရုတ်ရုတ်လုပ်လို့ကတော့ မော်စီဓါးနဲ့တွေ့သွားမှာပေါ့”

မော်စီက ခါးကြားမှ မောင်းချဓားကို ထုတ်ပြလိုက်သည်။

၁၉၇၀ ကျော်ကာလများတွင် ရန်ကုန်မြို့၊ လူငယ်ထုအကြား လမ်းသရဲယဥ်ကျေးမှု စတင်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

ထိုအချိန်က အနောက်နိုင်ငံများတွင်လည်း ဟစ်ပီယဥ်ကျေးမှုအားကောင်းနေချိန်။ ဘီးတဲလ်တေးဂီတအဖွဲ့၏ သီချင်းစာသားများ၊ ဝတ်စားဆင်ယင်မှုများက ကမ္ဘာလူငယ်ထုအပေါ် လွှမ်းမိုးထားသည်။

စစ်အာဏာဖြင့် ဖိနှိပ်ခံရသော လူအဖွဲ့အစည်းအတွင်း လူငယ်ထု၏ ထွက်ပေါက်ရှာရုန်းကြွမှုအနေဖြင့်ဆေးခြောက်ယဥ်ကျေးမှု၊ ဂစ်တာယဥ်ကျေးမှု၊ အိမ်ပြေးယဥ်ကျေးမှု တို့ထွန်းကားလာသည်။

လမ်းသရဲဟု အခေါ်ခံရသောလူငယ်ထုမှာ ရန်ကုန်လမ်းမများပေါ်တွင် ဆေးခြောက်ပြောင်းများ၊ ဟော်လိုဂစ်တာများ၊ ဆံပင်ရှည်ရှည်များ ၊ တက်တူးများနှင့်အတူ အုပ်စုလိုက်စတင်ခြေချလာကြသည်။

ယခုလည်း လမ်းသရဲလူငယ်တစ်စုက ပန်းဆိုးတန်းတွင် နှစ်ပေါင်းများစွာမင်းမူနေကြသော ပြည့်တန်ဆာခေါင်း အုပ်စုထံ ဦးတည်လာနေပြီဖြစ်သည်။

တင်ဖေက သောက်လက်စစီးကရက်ကို ပစ်ချလိုက်သည်။ မတ်တပ်ထရပ်လိုက်ပြီး ပုဆိုးကို ခပ်တိုတိုပြင်ဝတ်လိုက်၏။

ထိပ်ဆုံးက ဆံပင်ရှည်ရှည်နှင့် လမ်းသရဲခေါင်းဆောင် လူငယ်ထံ ဦးတည်လိုက်သည်။

“ကိုတင်ဖေ..ဟိုဖက်မှာရော”

အစောပိုင်းက မောင်းချဓါးပိုင်ရှင်မော်စီ အသံက တုန်ရင်နေသည်။

တဖက်ခြမ်းဆီမှလည်း လမ်းသရဲတစ်အုပ် ချီတက်လာပြန်ချေပြီ။

သူတို့ ဖာခေါင်းအုပ်စုမှာ ဆယ်ယောက်မပြည့်။ သူတို့ကို နှစ်ဖက်ညှပ်ထားသည့် လမ်းသရဲအုပ်စုမှာ အယောက်သုံးဆယ်ထက်မနည်း။

တင်ဖေက တိုက်နံရံကြားတွင် ဝှက်ထားသော နှစ်တစ်လက်မတုတ်ကို ဆွဲယူလိုက်စဥ်ပင် အမှောင်ထဲတွင် အလင်းရောင်လေးတစ်ခုက လှစ်ခနဲ ထွက်ပေါ်လာသည်။

“ဖောက်” “ဖောက်” “ဖောက်”

လမ်းသရဲလူငယ်အုပ်စုလက်ထဲရှိ လေးဂွများ ထံမှ ဖန်ဂေါ်လီလုံးများ၊ ကုန်းစေ့များသည် တင်ဖေတို့ အုပ်စုထံ စုပြုံဝင်ရောက်လာကြသည်။

“စိန်ဂေါ်လီတွေဟ..ပြေး..ပြေး”

မော်စီက အော်ဟစ်ပြီးပြေးသည်။ ကျန်သူများလည်း အလဲလဲအကွဲအကွဲ။

တင်ဖေက နှစ်တစ်လက်မ တုတ်ဖြင့် မိုက်ရူးရဲတိုးဝင်သည်။

ရှေ့ဆုံးမှ ဆံပင်ကောက်ကောက်ရှည်ရှည်၊ အကောင်သေးသေးဖြင့် လူငယ်က လက်ထဲတွင်ပါသော ပုဆိန်အသေးကလေးဖြင့် တင်ဖေ၏ ပုခုံးကို ခုတ်ချလိုက်သည်။

တင်ဖေ လဲကျသွား၏။

တိုက်ထောင့်တစ်ခုတွင် ပိတ်မိနေသော မော်စီကို လမ်းသရဲလူငယ်သုံးဦးက ဝိုင်းလိုက်ကြ၏။

ခဏအကြာတွင် မိုးကျော်၏ လက်ရုံးများဖြစ်သည့် အလီ၊အီဆတ်တို့ ခေါင်းဆောင်သော လူမိုက်အဖွဲ့များ ထပ်ရောက်လာကြသည်။

သို့သော် မော်စီကား တိုက်ထောင့်ဘေးတွင် သွေးအလိန်းလိန်းနှင့် အသက်ငင်နေပြီဖြစ်သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၃ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>