စိတ်မရှည်ချင်စရာ ညောင်ခါးရှည်မှာ မပြောဝံ့ကြသည့် ခရီးသွားများ

0
1142

နေပူပူ ကွင်းပြင်ကျယ်အတွင်း တန်းစီရပ်ထားသည့် ကားပေါ်တွင် ရန်ကုန်သွားမည့် ထားဝယ်သား ကိုကျော်တစ်ယောက် ချွေးအလိမ်းလိမ်းဖြင့် ထိုင်နေရင်း စိတ်မရှည်ဖြစ်နေသည်။

ကိုကျော် စီးလာသည့်ကား၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ကားတန်းကြီးက မျက်စိတစ်ဆုံးပင်။

ထိုနေရာတွင် ခရီးသည်တင် ကားကြီး ကားအသေးမှအစ မြေတင်ကား ကုန်တင်ကားကြီးတွေအဆုံး နာရီပေါင်းများစွာ တန်းစီနေရခြင်းဖြစ်သည်။

ယင်းနေရာရောက်နေသည့် ကိုကျော်အပါအဝင် ခရီးသွားများမှာ အပေါ့အလေးသွားမည့် အိမ်သာဟူ၍ ဗလာနတ္ထိ၊ ထမင်းဆိုင် စားသောက်ဆိုင်ဆိုလျှင်လည်း ဝေလာဝေး။

သနပ်ခါးပါးကွက်ကျား လိမ်းထားသည့် ပျံကျဈေးသည်အချို့က ရေသန့်၊ကြက်ဉပြုတ်ကဲသို့ သရေစာ (အဆာပြေမု့န်များ) ရောင်းနေသည်ကိုသာတွေ့ရသည်။

ထိုအခြေအနေတွင် ခရီးသွားများအဖို့ လွင်တီးခေါင်ပြင်၌ ရပ်ထားသည့်ကားပေါ် ငုတ်တုတ်ထိုင်စောင့်နေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

ယင်းနေရာကား တနင်္သာရီတိုင်း၊ မွန်နှင့်ကရင်ပြည်နယ်နေ ပြည်သူများ မဖြစ်မနေ ဖြတ်သန်းအသုံးပြုနေရသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိနေပေသည်။

ထို့အပြင် အောက်မြန်မာပြည်နှင့် အထက်မြန်မာပြည် ကုန်စည်စီးဆင်းရာတွင်လည်း အဆိုပါလမ်းကိုပင် အသုံးပြုနေရသည်။

အဆိုပါနေရာတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ခဲယမ်းရှာဖွေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် X-ray စက်(ဓာတ်မှန်ရိုက်ပြီးရှာဖွေသည့်စက်) တပ်ဆင်ထားပြီး ကားတစ်စီးချင်း စစ်ဆေးနေခြင်းဖြစ်သည်။

‘ညောင်ခါးရှည်’ ဟု ခေါ်သည့် ထိုဂိတ်စခန်းမှာ စစ်တပ်အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် စစ်တောင်းတံတားအလွန် လယ်ကွင်းပြင်ကြား လမ်းမပေါ်တွင် ရှိသည်။‌

အဆိုပါလမ်းမှာ နေ့စဉ်ကားအစီးရေ ရာပေါင်းများစွာ ဖြတ်သန်းနေသည့်အတွက် ယင်းဂိတ်စခန်းနေရာတွင် အနည်းဆုံး ၃ နာရီမှ အများဆုံး ၆ နာရီခန့်အထိ ကားများစုပြုံ စောင့်ဆိုင်းနေရသည်။

ယင်းဂိတ်တွင် ရန်ကုန်ဘက်မှလာသည့် ကားများကို စစ်ဆေးခြင်းမရှိဘဲ ရန်ကုန်ဘက်သွားသည့် ယာဉ်များကိုသာ စစ်ဆေးနေခြင်းဖြစ်သည်။

အိမ်သာနှင့် စားသောက်ဆိုင်ကဲ့သို့ အခြေခံအဆောက်အအုံ မရှိသည့် နေပူပူအောက်တွင် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရသည့်အတွက် ကိုကျော်တစ်ယောက် စိတ်မရှည် ဖြစ်နေရခြင်းဖြစ်သည်။

ထားဝယ်မှ ရန်ကုန်သို့သွားသည့် ခရီးသည်တင်ကားအသေးများနှင့် အိမ်စီးကားများမှာ နေအပူဆုံးအချိန်ဖြစ်သည့် နေ့လယ် ၂ နာရီဝန်းကျင်တွင် ယင်းစစ်ဆေးရေးဂိတ်သို့ ရောက်လေ့ရှိသည်။

ထိုကဲ့သို့ လုံခြုံရေးစစ်ဆေးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ခရီးသွားများ အခက်တွေ့နေရခြင်းမှာ စစ်ကောင်စီတာဝန်ရှိသူများ ကိုယ်ချင်းစာစိတ်မရှိခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့မှ ရန်ကုန်မြိုသို့ မကြာခဏ ခရီးသွားလေ့ရှိသည့် ကိုကျော်က ဆိုသည်။

“လုပ်တဲ့သူတွေ စီမံခန့်ခွဲတဲ့သူတွေက ကိုယ်ချင်းစာတရားနဲ့ လူစိတ်ထားစေချင်တယ်။ အခုက ဒီနေရာကို ဖြတ်ရမှာတောင် ကြောက်လာတယ်”ဟု ကိုကျော်က ပြောသည်။

ကားအများစုမှာ ယင်းနေရာတွင် အချိန်ကြာမြင့်စွာ ရပ်စောင့်နေရသည့်အတွက် အဲယားကွန်းက မအေးတော့သည့်အတွက် ပိတ်ထားကြသည်။

ယင်းအခင်းအကျင်းတွင် ကားပေါ်မှာပင် ဆက်နေပါက ပူလောင်မွန်းကြပ်နေသလို ကားအောက်ဆင်းပြီး လမ်းလျှောက်ပါကလည်း နေပူပူကွင်းပြင်ကြီးဖြစ်နေပြန်သည်။

ထိုသို့ ခရီးသွားများနှင့် ကားသမားများ နေပူပူအောက် စိတ်ပင်ပန်းဆင်းရဲနေချိန်တွင် ဒေသခံဆိုင်ကယ်ကယ်ရီများ အလုပ်ဖြစ်နေသည်။

နေ၏အပူရှိန်နှင့် ကားအစီးရေမြောက်မြားစွာ၏ အင်ဂျင်မှထွက်သည့်အပူဒဏ်ကို မခံနိုင်သူအချို့မှာ စစ်ဆေးရေးဂိတ်အလွန် အရိပ်အာဝါသရှိသည့်နေရာသို့ ဆိုင်ကယ်ကယ်ရီဖြင့် လိုက်သွားလေ့ရှိသည်။

ဆိုင်ကယ်ကယ်ရီသမားများ အလုပ်ဖြစ်နေချိန်တွင် X-ray စက်တွင် အစစ်ဆေးခံရန် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရသည့်အတွက် ဆီဖိုးကုန်ကျစရိတ်ပိုများသည်ဟု ကားသမားများက ငြီးတွားကြသည်။

“ဖြည်းဖြည်လေး သွားလိုက် ရပ်လိုက်နဲ့ စက်သတ်ထားလို့လည်း မရဘူးလေ” ဟု ထားဝယ်-ရန်ကုန်ပြေးဆွဲနေသည့် ကားအသေးမောင်းနှင်နေသည့် ကိုစောက ဆိုသည်။

ထိုသို့စစ်ဆေးနေခြင်းမှာ အချိန်ကြာလွန်းနေသည့်အတွက် ခရီးသွားများ အဆင်ပြေစေမည့် နည်းလမ်းတစ်ခုခုကို စီစဉ်သင့်ကြောင်း ၎င်းက ပြောသည်။

“နေ့တိုင်းစစ်နေတာက လွန်လွန်းတယ်။ ဦးနှောက်ရှိတဲ့သူတွေဆို စဉ်းစားရမှာလေ။ ဒီလောက်ပိတ်နေတာက မပိတ်အောင် နည်းလမ်းတစ်ခုတော့လုပ်ရမှာလေ”ဟု ကိုစောက ပြောသည်။

အဆိုပါဂိတ်ကို ဖြတ်သန်းရန် လမ်းမပေါ်ယာဉ်နှစ်ထပ်ရပ် တန်းစီထားကြပြီး ယင်းယာဉ်များကို ကျော်တက်ပါက ဖမ်းဆီးဒဏ်ရိုက်သည့် အဖွဲ့ကလည်း အဆင်သင့်စောင့်ကြိုနေပြန်သည်။

ထိုသို့ ကျော်တက်သည့်ယာဉ်များကို ဖမ်းဆီးရန် အချိန်းအချက်လုပ်ပြီး ယာဉ်ထိန်းရဲထံ သတင်းပေးနေသည့် ဆိုင်ကယ်ကယ်ရီသမားအချို့လည်း ယင်းနေရာတွင် ကျက်စားနေကြောင်း ကိုစောက ပြောပြသည်။

“ပွဲစားတစ်ယောက်(ဆိုင်ကယ်ကယ်ရီသမား) လည်းရှိတယ်။ သူက ဘယ်လိုလုပ်လဲဆိုတော့ ပုလိပ်က သူ့ကိုအကုန်လွှဲထားတယ်။ လိုင်စင်တွေ ဝှီးတက်တွေကို သူပဲလိုက်ထုတ်ပေးနေတယ်”၎င်းက ဆိုသည်။

ကျော်တက်မိသည့်အတွက် အဖမ်းခံရချိန်တွင် ပဲခူးမြို့ယာဉ်ထိန်းရုံး၌ ရှင်းပါက ဒဏ်ကြေး ကျပ်ငါးသောင်းပေးရပြီး ယင်းနေရာတွင်ပင် ပွဲစားအကူအညီဖြင့် ရှင်းပါက သုံးသောင်းဝန်းကျင်ဖြင့် အဆင်ပြေနေသည်ဟု ပြောသည်။

ထားဝယ်- ရန်ကုန်လမ်းပိုင်းတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ပေါင်း ဆယ်ချီရှိသော်လည်း ညောင်ခါးရှည် X-ray ဂိတ်တစ်ခုတွင်သာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရသည်။

တစ်ဘက်တွင်လည်း ရန်ကုန်မြို့ အပါအဝင် နိုင်ငံအနှံ့အပြားတွင် ညမထွက်ရ အမိန့်ထုတ်ထားသည့်အတွက် အချိန်မီ မရောက်မည်ကို ခရီးသွားများက စိုးရိမ်နေရပြန်သည်။

ခရီးသည်တင်မှန်လုံကားကြီးအများစုမှာ ယင်းဂိတ်မရောက်မီလမ်းခရီးတွင် ညအိပ်ပြီးမှ သွားလေ့ရှိသော်လည်း ခရီးသည်တင်ကားအသေးအချို့နှင့် အိမ်စီးကားများမှာ လမ်းခရီးတွင် ညအိပ်ခြင်းမရှိပေ။

ယင်းကြောင့် ကားအသေးနှင့် အိမ်စီးကားများမှာ ထိုဂိတ်ကို ကျော်ပြီးပါက ရန်ကုန်သို့ အချိန်မီရောက်ရန် ကားသမားများက အရှိန်တင်မောင်းရပြန်သည်။

ထားဝယ်မှ ရန်ကုန်သို့ လေးယောက်စီးကားအသေးဖြင့်သွားသည့် ဒေါ်ချိုချိုတစ်ယောက်လည်း ညောင်ခါးရှည်ဂိတ်အလွန် ပဲခူးတိုင်းအတွင်းတွင် ညအိပ်လိုက်ရသည်။

သူမတို့ ဂိတ်ကိုဖြတ်လာချိန်တွင် နောက်ကျနေပြီဖြစ်သည့်အတွက် လမ်းခရီးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခွင့်တောင်းပြီး ညအိပ်ရခြင်းဖြစ်သည်။

သူမစီးသွားသည့်ကားမှာ လမ်းခရီးတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးပြီး ယင်းဂိတ်သို့ ညနေ သုံးနာရီခန့်တွင်မှ ရောက်သွားခဲ့သည်။

အထက်ပါဂိတ်သို့ ရောက်သွားချိန်တွင် အစစ်ဆေးခံမည့်ကားတန်းကြီးကို စောင့်နေရပြီး ညမထွက်ရကန့်သတ်ချက်ရှိနေ သည့်အတွက် ရန်ကုန်အထိဆက်မသွားတော့ဘဲ ညအိပ်လိုက်ရသည်ဟု ဆိုသည်။

ထိုအခြေအနေများကြောင့် ယင်းဂိတ်တွင် နာရီပေါင်းများစွာ မစောင့်ဆိုင်းရစေရန် စီမံသင့်ကြောင်း ရန်ကုန်သို့ ခရီးသွားလေ့ရှိသည့် ကိုကျော်က ဆိုသည်။

“ရှာမယ်ဆိုလည်း X-ray စက်တွေ ပိုတိုးသင့်တာပေါ့။ အခုကလူတိုင်း စိတ်ဒုက္ခဖြစ်နေကြတာပေါ့။ အဲဒီဂိတ်မှာ ဒုက္ခပေးတာက တော်တော်ဆိုးတယ်”ဟု ကိုကျော်က ပြောသည်။