အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4444

အခန်း(၂၁)

စားပွဲပေါ်တင်လိုက်သော ခြောက်လုံးပြူးသေနတ်ကြောင့် ကိုစံသိန်း ခန္ဓာကိုယ်က အနည်းငယ်မတ်သွားသည်။

“မင်း ငါ့ဆီက ဘာလိုချင်ပြန်ပြီတုန်း..ကြေးမုံရာ”

ကိုစံသိန်း အသံက စိတ်ပျက်လက်ပျက်။

ကြေးမုံက ပြုံးလိုက်သည်။

“သြော်..ဘာမှ မလိုချင်ပါဘူး..ကိုစံသိန်းကြီးရဲ့….ကျွန်တော်နဲ့အတူ အလုပ်အတူတွဲလုပ်ပါလားလို့ လာကမ်းလှမ်းတာပါ”

ကိုစံသိန်းက သက်ပြင်းချသည်။

“အေးပါကွာ..မင်းခေတ်ပဲ..ပြော..ဘယ်လိုလုပ်ချင်တာလဲ”

“ကျွန်တော် လုပ်ငန်းထပ်ချဲ့မယ်..ကိုစံသိန်း..မော်လမြိုင်ကနေ တဆင့် ပစ္စည်းတင်ရတာ..အမြတ်က တဝက်လောက် ကွာနေတာလည်း သိတယ်…ဒီတော့ ယိုးဒယားနယ်စပ်အထိ ချဲ့မယ်”

“အင်း..အဲ့ဒီလမ်းကြောကတော့ သူပုန်တွေကိုင်တာကွ…ငါတို့ကြောမဟုတ်ဘူး…သူ့ကုန်သည်နဲ့ သူ..လမ်းကြောင်းကြေးရှင်းပြီးသွားနေကြတာ..မပိုင်ပဲဝင်ရင် ကိုယ့်သေတွင်းကိုယ်တူးတာပဲ”

“အင်းပါ..ဒါတွေ ကျွန်တော်သိပြီးသားပါ…အခုဟာက ဒီ ရထားလိုင်းမှာပဲ…ခင်ဗျားနဲ့ ကျွန်တော် ပူးပေါင်းလိုက်ကြမယ်လေ..ပူးပေါင်းတယ်ဆိုပေမယ့်လည်း ခင်ဗျားလုပ်နေကျ လမ်းကြောင်း ကို ခင်ဗျားလုပ်ပါ..အင်း..ကျွန်တော်တို့လမ်းကြောင်းပစ္စည်းတွေကိုတော့ ခင်ဗျားအဖွဲ့တွေက ဝင်ကြည့်ပေးပေါ့…ဒီမှာ ဘိုပြား နဲ့ ကျွန်တော့် ကောင်လေးနှစ်ကောင်က ခင်ဗျားနဲ့အတူ လုပ်ကြကိုင်ကြလိမ့်မယ်..ဟိုဘက်ကမှာ ကျွန်တော် လမ်းကြောင်းဖောက်နိုင်ပြီဆိုရင်လည်း..ခင်ဗျား အခုကုန်သည်တွေဆီ ယူတဲ့စျေးထက် ကျွန်တော့်ဆီက ပိုသက်သာမှာပါ..ဘယ်လိုလဲ”

ကိုစံသိန်းက လက်ကြားညှပ်ထားသော ဆေးပေါ့လိပ်ကို မီးညှိ့လိုက်သည်။

“ဟုတ်မှလည်း လုပ်ပါ..ကြေးမုံရာ..ဟိုအကောင်တွေက တစ်ဘက်ပေါက်တွေ..ဒီလူဆို ဒီလူနဲ့ပဲ အလုပ်လုပ်တာ..လူသစ်ဝင်လာရင် အပျောက်ဖျောက်လိုက်တာက ခပ်များများ..”

“ကဲ..ကိုစံသိန်း..ဒီမှာ ရပ်နေတာက ခင်မောင် နဲ့ စိုးနောင်တဲ့…ဘိုပြားက သူတို့ကို ရထားပေါ်က ကိစ္စတွေ သင်ပေးရင်း ခိုင်းလိမ့်မယ်..ခင်ဗျားနဲ့ ခင်ဗျားလူတွေက ကျွန်တော့်လူတွေကို လိုအပ်တာ ဝိုင်းကူပြီး စောင့်ရှောက်ပေးကြပါ….ဟုတ်ပြီလား..ကျွန်တော်က မနက်ဖြန် မော်လမြိုင်ဆင်းမှာမို့”

“အေး..အေးပါကွာ..မင်းသေနတ်ကြီးသာ ပြန်သိမ်းထားလိုက်စမ်းပါ”

ကြေးမုံက ခြောက်လုံးပြူးကို သူလွယ်နေကျ လွယ်အိတ်ထဲ ပြန်ထည့်ထားလိုက်သည်။

………………………………..

အစိမ်းလွှလွှသန်းသောအဖြူ။

ဆင်စွယ်အလား သွယ်လျသည်။

လက်ပြတ်အင်္ကျီအနီရောင်နယ်နိမိတ်စွန်းမှ ဝင်းဝင်းလက်လက် ထိုးထွက်နေသော ထိုလက်မောင်းကလေးများထံ ကြေးမုံ၏ အကြည့်များ တဒင်္ဂဘူတာဆိုက်နေကြသည်။

“ယုယုမော် ဆိုတာ ကျွန်မပါပဲရှင်….ဒီက အိမ်ငှားချင်တာဆို”

“ဟုတ်ပါတယ်..မမ”

“မယု လို့ ခေါ်လည်းရပါတယ်”

“ဟုတ်ကဲ့..မမယု”

ကြေးမုံ၏ အခေါ်အပြောကြောင့် အမျိုးသမီးက လှစ်ခနဲပြုံးလိုက်သည်။

“ကဲ..ဟုတ်ပါပြီ…အိမ်ခန်းငှားမယ်ဆိုတော့ ရွှေမြိုင်သီရိထဲ ဆိုင်ခန်းရော ယူဦးမှာလား..”

“ဆိုင်ခန်းမယူပါဘူးဗျ..နေလို့ရရင်ကို ဖြစ်ပါတယ်..ပစ္စည်းထားလို့ရမယ့် ဂိုထောင်သဘောမျိုးပေါ့”

“သြော်..ဒါဆို ရထားတင်မှာပေါ့…ရန်ကုန်လား”

ကြေးမုံက ခေါင်းညိမ့်ပြလိုက်သည်။

“ဟိုဘက်က ယူနေကျ ကုန်သည်အထိုင်ရော ရှိလား”

ကြေးမုံက ခေါင်းခါပြသည်။

“ဟယ်တော့…အဲ့ဒါနဲ့များ..ဘာလာလုပ်တာတုန်း”

ကြေးမုံက ရယ်လိုက်သည်။

“ကျွန်တော်က အခုမှ လမ်းကြောင်းစတက်ကြမှာ မမယု ရဲ့”

“ဟယ်တော့”

ယုယုမော် က ရယ်ချင်စိတ်ကို မြိုသိပ်ဟန်ဖြင့် နှုတ်ခမ်းကို ကိုက်ကာ ပြုံးလိုက်သည်။

“ငါ့မောင်ကို ဘယ်သူချောက်တွန်းလိုက်တာများလဲ..ဒီလမ်းကြောင်းက ကျိုက်ထီးရိုးတက်သလို တွေ့ရာလူ တက်သွားလို့ရတာမျိုးမဟုတ်ဘူးလေကွယ်”

“ကျွန်တော်ကလည်း တွေ့ရာလူမဟုတ်ပါဘူး..မမယု ရဲ့”

ယုယုမော်က ခပ်လှောင်လှောင်လေး ပြုံးလိုက်သည်။

မော်လမြိုင်၏ မှောင်ခိုခေတ်ဦး..လမုတန်းတစ်လျှောက် ရွှေမြိုင်သီရိတခွင်သည် အစည်ကားဆုံးဖြစ်ခဲ့သည်။

အထည်အလိပ်၊ မီးဖိုချောင်သုံးပစ္စည်းစုံ၊ ဖိနပ်၊ နာရီ၊ ဦးထုတ်၊ ပန်ကာ၊ ခေတ်ပေါ်အဝတ်အစား၊ မုန့်ပုံး အစရှိသည့် အရာရာသည် စစ်အာဏာရှင်စနစ်၏ ထိန်းချုပ်မှုအောက်တွင် ရှားပါးသည်ထက်ရှားပါးလာသည်။

ထိုရှားပါးမှုအတွက် ထိုင်းနိုင်ငံမှ မှောင်ခိုစျေးကွက်က အားထားရာဖြစ်လာခဲ့သည်။

မော်လမြိုင်၊ ရွှေမြိုင်သီရိမှောင်ခိုတန်း အစ တွင် ယုယုမော် သည်လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။

ကျေးကွက်၊ဖော့ရှန်၊ တက်ထရက်၊ ဇောင်းသား၊ ပိုလီယက်စတား ခေတ်ပေါ်အထည်စတွေ ဘာလိုချင်သလဲ၊ ကိုက် ၁၀၀ ကနေ ၁၀ ကိုက်ပိုင်းအထိ ဘယ်လိုယူချင်လဲ၊ ဘယ်လောက်ဝယ်ချင်ပါသလဲ။

ယုယုမော် က ချိတ်ဆက်ပေးသည်။

အထည်လိပ်စျေးကွက်သာမဟုတ် အခြားမှောင်ခိုကုန်တွေအတွက်လည်း ယုယုမော်က အကျိုးဆောင်။

ထိုတင်မက…မှောင်ခိုစျေးတန်းထဲမှ တဖက်ယက်တဲဆိုင်ကလေးများ အရောင်းအဝယ်လုပ်မလား။ ယုယုမော် မှာ အချိတ်အဆက်အကုန်ရှိနေသည်။

အသက် နှစ်ဆယ့်ခြောက်နှစ်အရွယ်၊ အပျိုကြီးဖြစ်လုဖြစ်ဆဲ၊ ဖြူတောင့်ညက်ထွားရေဆေးငါးကြီးနှယ့်။

ထိုနှယ့်..ထွားသော..နုသော..လှသော… သွက်သော ယုယုမော်။ မှောင်ခိုတန်းမှ ယောက်ျားတို့ ပါးစပ်ဖျားတွင် ခေတ်စားရာ ယုယုမော်။

ရန်ကုန်တက္ကသိုလ်မှ ဓာတုဗေဒဘွဲ့ရခဲ့သည့် ပညာတတ်ယုယုမော်။

သို့သော်…

ယုယုမော် ကြင်လည်ရာသည် မှောင်ခိုစျေးတန်း။ ယုယုမော် ပျော်ရွှင်ရာသည် ရွှေမြိုင်သီရိ။

ထို့ကြောင့်လည်း ယုယုမော်က ယခုမှ မှောင်ခိုမြေကို ခြေချပြီး ယိုးဒယားလမ်းကြောင်းအထိ တက်မည်ဆိုသော ပုဂ္ဂိုလ်လေးကို ကြည့်ကာ လှောင်ပြုံးလိုက်ခြင်းဖြစ်သည်။

ယုယုမော်၏ လှောင်ပြုံးကြောင့် ကြေးမုံ က မျက်မှောင်ကြုံ့သွားသည်။

အခြေအနေကို ယုယုမော်ကပင် ပြန်ထိန်းလိုက်သည်။

“ကဲပါ..ရှင်က တွေ့ကရာလူတွေမဟုတ်ဘူးဆိုတာ ပုံကြည့်တာနဲ့ ကျွန်မသိပါတယ်..ကဲကဲ..လာ….ငှားမယ့်အိမ်လိုက်ပြပါ့မယ်..လာ..လာ”

ယုယုမော် က လှုပ်လီလှုပ်လဲ့ဖြင့် ရှေ့က ဦးဆောင်သွားသည်။

ကြေးမုံ၏ အကြည့်က ထိုလှုပ်လီလှုပ်လဲ့ပေါ် တဖျတ်ဖျတ်လူးလွန့်ရင်းဖြင့်။

ရွှေမြိုင်သီရိရပ်ကွက်ရှိ တိုက်ခံအိမ်တစ်လုံး၏ အောက်ထပ်ကို ယုယုမော်၏ ဆောင်မမှုဖြင့် ခြောက်လပြတ် ငှားရမ်းလိုက်သည်။

တိုက်ခံအိမ်ဆိုသော်ငြား အပေါ်ထပ်တွင် လူမနေ။ မြေညီထပ်နှင့်အပေါ်ထပ်ကြားတွင် ထပ်ခိုးပုံစံလုပ်ထားသော တစ်လွှာရှိနေသည်။

ထိုတစ်လွှာမှာ မှောင်ခိုပစ္စည်းများဝှက်ရန်အတွက် မျက်နှာကျက်ပုံစံမျိုး လျှို့ဝှက်ပြုလုပ်ထားခြင်းဖြစ်သည်။

ထိုခေတ်က မော်လမြိုင် မှောင်ခိုစျေးတန်းအနီးတဝိုက်ရှိနေအိမ်များတွင် မှောင်ခိုပစ္စည်းများ ဝှက်ရာ လျှို့ဝှက်အခန်းငယ်လေးများ ကိုယ်စီရှိတတ်ကြသည်။

ယုယုမော် နှင့် အိမ်ပိုင်ရှင်က ထိုနေရာသို့ တက်ပုံဆင်းပုံ၊ ပစ္စည်းသယ်ယူပုံတို့ကို သေချာရှင်းပြသည်။

အိမ်ရှင်က အခန်းငှားရမ်းခထဲက ငွေကြေးတစ်ချို့ကို ယုယုမော် အား ပွဲစားခ ပေးကာ ပြန်သွားခဲ့သည်။

“ကဲ..အားလုံးလည်းအဆင်ပြေပြီနော်..”

ကြေးမုံက နောက်ထပ်ငွေတစ်ထပ်ကို ယုယုမော်ထံ ကမ်းပေးလိုက်သည်။

“ဒါက ကျွန်တော်တို့ကို ကူညီတဲ့အတွက်ပါ”

“ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်မစောပါနဲ့…မမယု ရဲ့…ကူညီလက်စနဲ့ ကျွန်တော်ကို ကူညီပါဦး”

ယုယုမော် က ကြေးမုံကို မေးခွန်းထုတ်သလိုကြည့်လိုက်သည်။

“ကော့ဘိန်းဘက်က လူတစ်ယောက်နဲ့ ကျွန်တော်တွေ့ချင်တာ…သူ့ဆီကို မမယု လိုက်ပို့ပေးနိုင်မယ်လို့ ထင်တယ်”

“ဦးဘရင် တဲ့…ဟိုးတုန်းကတော့ ငရုတ်သီးဘရင်လို့လည်း ခေါ်ကြတယ်”

ယုယုမော် မျက်နှာပျက်သွားသည်။

သူ့လက်ကိုင်အိတ်ထဲသို့ လက်ကို နှိုက်လိုက်သည်။

ယုယုမော်၏ လက်နုနုထဲတွင် ပါလာသည်က အမေရိကန်နိုင်ငံလုပ် မိန်းမကိုင်ပစ္စတိုသေနတ်လေးတစ်လက်။

ကြေးမုံ၏ မျက်နှာတည့်တည့်သို့ ချိန်ထားသည်။

“ လက်ကိုမြှောက်ကို နောက်ကို လှည့်..ဒူးထောက်ထားစမ်း”

ကြေးမုံက ပေကပ်ကပ်လုပ်နေသည်။

“မပစ်ရဲဘူး..မထင်နဲ့..ခေါင်းပွင့်သွားမယ်..ကိုယ်တော်”

ယုယုမော်က ပစ္စတိုလုံခြုံရေးခလုတ်ကို ဖွင့်လိုက်ပြီး မောင်းကို ကျွမ်းကျင်စွာ တင်လိုက်သည်။

ထိုအခါမှ ကြေးမုံက လက်ကို မြှောက်ကာ နောက်သို့ လှည့်ကာ ဒူးထောက်ထိုင်လိုက်သည်။

ယုယုမော်က လက်ကိုင်အိတ်ကို စားပွဲပေါ်တင်ကာ ကျန်လက်တစ်ဖက်ဖြင့် အသံတိတ်ကိရိယာကို ထုတ်ကာ ပစ္စတို ပြောင်းဝတွင် တပ်လိုက်၏။

ပစ္စတိုထိပ်ဖျားရှိ အသံတိတ်ကိရိယာ၏ ပြောင်းဝက နောက်စေ့သို့ လာထောက်သည်ကို ကြေးမုံ ခံစားလိုက်ရသည်။

“ရှင်က MI က လား..ရဲဘက်ကလား”

“ဟီး..ဟီး”

ကြေးမုံ ထံမှ ရယ်သံထွက်လာသည်။

“ရယ်စရာဘာမှ မပါဘူး…တော်တော်သေချင်နေတယ်ဟုတ်လား..မေးတာဖြေလေ”

“ရဲလည်မဟုတ်ပါဘူး..အမ်အိုင်လည်းမဟုတ်ပါဘူး…တောင်ဥက္ကလာ ဘုရားလေးအိမ်က လာတာပါ”

သေနတ်ပြောင်းက နောက်စေ့မှ အနည်းငယ်ခွာသွားသည်။

“ဟင်…ဘဘကြီးစိန်ဓါးမြှောင် လွှတ်လိုက်တာလား… သေချာလား”

“သူရေးလိုက်တဲ့ စာလည်းပါပါတယ်”

ကြေးမုံက ခေါင်းပေါ်မှ လက်ကို ချရန်ပြင်လိုက်သည်။

“မလှုပ်နဲ့..လှုပ်တာနဲ့ ခေါင်းအပွင့်ပဲနော်..ဘယ်မလဲ..အဲ့ဒီစာ”

“ကျွန်တော့်ဘောင်းဘီ ဘယ်ဘက်ဘေးအိတ်ထဲမှာဗျ”

ယုယုမော်က ကြေးမုံ နောက်ဘက်သို့ ဒူးထောက်ထိုင်ချလိုက်ပြီး ဘောင်းဘီးဘေးအိတ်ကပ်သို့ လက်ဖြင့် နှိုက်လိုက်သည်။

ယုယုမော်၏ အရှေ့အထက်ပိုင်း တောင်ကုန်းမို့မို့တို့က ကြေးမုံ၏ ကျောကုန်းလွင်ပြင်ကို မထိခလုတ် ထိခလုတ် ဖြင့် နွေးခနဲဖြစ်စေသည်။

ယုယုမော် လက်ထဲ စာတစ်စောင်ပါလာ၏။

“စာအိတ်ပေါ်က စာကိုပဲ ကြည့်ပါဗျာ..ဦးဘရင်ဆီ မရောက်မချင်း ဖွင့်မဖတ်ဖို့ ဦးလေးကြီးက မှာလိုက်တယ်”

ယုယုမော်က စာအိတ်ပေါ်တွင် ရေးထားသော စာကို ကြည့်လိုက်သည်။

“ဥုံ…. ဘယ်သူမှမယုံနဲ့”

ထိုစာတန်းအောက်တွင် ဆရာသိန်းဟူသော လက်မှတ်ကို ထိုးထားလေသည်။

“ကဲ..လက်တွေချတော့.မတ်တပ်ရပ်ပြီး..ဒီဘက်ကို လှည့်လို့ရပါပြီ”

ယုယုမော်နှင့် မျက်နှာချင်းဆိုင်လှည့်လာသော ကြေးမုံမျက်နှာက ပြုံးဖြီးနေသည်။

“အံမယ်…သနားလို့ မပစ်တာကို မျက်နှာက စပ်ဖြီးဖြီးနဲ့…ခုန ကျွန်မ ရှင့်ကို တကယ်ပစ်သတ်တော့မလို့..ရှင်ကံကောင်းသွားတယ်မှတ်”

“ခင်ဗျားလည်း ကံကောင်းတာပါ..မမယုရယ်”

“ဘာရှင့်”

“ဧရာရေ..ထွက်ခဲ့တော့ဟေ့”

အိမ်တံခါးဝမှ ဧရာ ထွက်လာသည်။ လက်ထဲတွင် ကြေးမုံ၏ ခြောက်လုံးပြူးနှင့်။

“သြော်..ရှင်တို့က ဒီလိုကိုး..ယောက်ျားကြီးတွေဖြစ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ကြံစည်လာလိုက်ကြတာ”

“တနယ်တကျေးမှာလေဗျာ…ပြီးတော့ သူပုန်ယူဂျီလုပ်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လာတွေ့ရမှာလေ…ဒီလောက်တော့ စီမံရတာပေါ့”

“ကဲ..ဟုတ်ပါပြီ..ထိုင်ကြပါဦး..ခုနကိစ္စဆက်ပြောကြတာပေါ့”

ကြေးမုံရော ဧရာပါ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ကြသည်။

ယုယုမော်က သူတို့နှင့်မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ဝင်ထိုင်ရင်း စားပွဲပေါ်သို့ ပစ္စတို သေနတ်ကို ပစ်တင်လိုက်သည်။

ကြေးမုံက မျက်စပစ်ပြလိုက်သဖြင့် ဧရာကလည်း ခြောက်လုံးပြူးကို စားပွဲပေါ်သို့ တင်လိုက်၏။

“ကျွန်မဆီမှာတော့ ရှင်တို့နဲ့ ပတ်သက်ပြီး ဘာညွှန်ကြားချက်မှမရှိဘူး”

“ဟုတ်ပါတယ်…ဦးလေးကြီးကလည်း ကျွန်တော်တို့ကို ဒီစာနဲ့အတူ ခင်ဗျားဆီ ရောက်အောင်သွားပါလို့ မှာလိုက်တာလို့ ကျွန်တော်တို့မှာ ခင်ဗျားဆီ အားကိုးတကြီးလာတာပါ..မမယုရယ်…အခုတော့ ခင်ဗျားက ကျွန်တော့် ကို သေနတ်ကြီးနဲ့ ထောက်ပြီး သတ်မယ်ဖြတ်မယ်တကဲကဲ လုပ်ပါလေရောလား”

ကြေးမုံစကားကြောင့် ယုယုမော် မက အားနာသည့်ပုံစံဖြစ်သွားသည်။

“ကျွန်မရန်ကုန်မှာကျောင်းတက်တုန်းက ဘဘကြီးအိမ်မှာနေခဲ့တာပဲ..ဘဘကြီးတပည့်တွေထဲ ရှင်တို့ကို တခါမှ မတွေ့ဖူးပါဘူး”

“ကျွန်တော်တို့က သူ့တပည့်တွေမှ မဟုတ်တာပဲ”

“ဒါဆို ရှင်တို့က ဘာတွေလဲ”

“ကျွန်တော်က ကြေးမုံ၊ သူက ဧရာ”

ယုယုမော် ၏ မျက်လုံးများက တအံတသြ။

“ဟင်..ရှင်က ကြေးမုံ”

“ဟုတ်ပါတယ်..ကျွန်တော့်ကို သိလို့လား”

“သြော်..မုတ္တမရထားလမ်းကြောင်းမှာ ဒီလောက်နာမည်ကြီးနေတာ..မသိပဲနေမလား… ကိုစံသိန်းတောင် ကြောက်ရတဲ့ ရန်ကုန်လူမိုက်ကြီးဆိုလို့ အကြီးကြီးထင်နေတာ…အခုကျတော့…သေးသေးလေးပါလား..အဟက်”

ယုယုမော်က ရယ်လိုက်သဖြင့် ဧရာကပါ လိုက်ရယ်သည်။ ကြေးမုံက မခံချိမခံသာဖြစ်သွားပြီး မျက်နှာတစ်ခုလုံး သွေးရောင်လွှမ်းလာသည်။

“ကဲ..ဆရာကိုကြေးမုံ….ကျွန်မ ဟိုဘက်ကို ဆက်သွယ်လိုက်ပါဦးမယ်..အဲ့ဒီက ညွှန်ကြားချက်ရတာနဲ့..ရှင်တို့ကို ပြန်အကြောင်းကြားပါ့မယ်..ကျွန်မကို သွားခွင့်ပြုပါဦး”

ယုယုမော်က စားပွဲပေါ်မှ သူ့ပစ္စတိုသေနတ်ကို အသံတိတ်ပြောင်းဖြုတ်ပြီး စလင်းဘက်အိတ်ထဲသို့ သပ်ရပ်စွာ ထည့်လိုက်သည်။

“ကဲ..လူကြီးမင်းတို့…နောက္မှတွေ့ပါမယ်ရှင်”

ယုယုမော်ထွက်သွားသည်။

ဧရာက ပြုံးစိစိ။

“ငါလိုးမ…လီးဖြစ်နေတာလား”

ကြေးမုံက ဧရာကို ခပ်တိုးတိုးဆဲလိုက်ပြီး စားပွဲပေါ်မှ ခြောက်လုံးပြူးကို သိမ်းလိုက်သည်။

………………………………..

စားပွဲပေါ်တွင် ခြောက်လုံးပြူး တစ်လက်။

ကျည် ခုနှစ်တောင့်။

စားပွဲထိပ်ဆုံးတွင် ထိုင်နေသော မျက္မှန်ကြီးက ကျည်ဆံများကို ငေးရင် စီးကရက်ကို ဖွာလိုက်သည်။

“မိုးကျော်..မင်းကောင်တွေကို အဓိက လူသုံးယောက် သတ်ခိုင်းလိုက်တယ် ကျည်ဆံ တစ်ဒါဇင်မှာ လေးတောင့်ပဲပါလာတယ်..ကိုယ့်ဖက်ကနှစ်ယောက်သေတယ်..သူတို့ဘက်က ဘယ်နှစ်ယောက်သေလဲ…ကဲ..ပြော”

“စံငြိမ်းနဲ့ တိုးလှိုင်ကို ကျွန်တော် သေချာမေးပြီးပါပြီ….အဘိုးကြီးနှစ်ယောက်ရော..ရေခဲရော သေတာ သေချာပါတယ်..ကာနယ်ကြီးရဲ့”

မျက်မှန်ကြီးက စိတ်ပျက်လက်ပျက်ဖြင့် မတ်တပ်ထရပ်လိုက်သည်။

“ဘယ်မလဲ အလောင်း..အလောင်းရလား..မင်းမှာ သက်သေရှိလား”

မိုးကျော်က ကျွတ်ခနဲ စုတ်သတ်လိုက်သည်။

“ဟိုနှစ်ယောက် က မီးလောင်တာလေဗျာ…တစ်ယောက်က ရေထဲ ကျသွားတာ..အလောင်းတော့ ဘယ်ရမှာလဲ”

“အဲ့ဒါပြောတာပေါ့ကွ….မင်းကောင်တွေ အလုပ်ကို သေချာမလုပ်ခဲ့ဘူး….ရေခဲ မသေဘူးကွ….မနေ့ညကပဲ ကျောက်တံတားရဲစခန်းမှာ လာအဖမ်းခံသတဲ့…အဲ့ဒါ ဘာသဘောလဲ မင်းသိလား”

မိုးကျော်က ခေါင်းခါပြသည်။

“မိုးကျော်..ရေခဲဆိုတဲ့ကောင်က လူလည်…လည်တာမှ လှစ်လှစ်လေး… ရဲဘက်မှာ သူ့ပြစ်ချက်တွေ ခြေချုပ်မှုတွေအများကြီးဆိုတော့ သူ့ကို ရဲက သေချာပေါက် ထောင်ထဲထည့်မှာပဲ..ဒီအချိန်မှာ ထောင်က သူ့အတွက် အလုံခြုံဆုံးပဲဆိုတာ သူသိတယ်”

“ထောင်ထဲ ထည့်လည်း ရအောင်လိုက်သတ်လို့ရပါတယ်..ကာနယ်ကြီးစီစဥ်ပေးမယ်ဆိုရင်ပေါ့”

“မိုးကျော်…အဲ့ဒီလို လုပ်လို့မရတော့တဲ့အခြေအနေကွ…ငါ့မှာ ရှေ့သွားရမယ့်အစီအစဥ်တွေရှိသေးတယ်… တချက်မှ လွဲလို့မရဘူး..ဒီမြစ်လယ်ခေါင်က တုံကင်းပေါ်မှာ ပစ်ကြခတ်ကြတဲ့ကိစ္စနောက်ကွယ်မှာ ငါခိုင်းတယ်ဆိုတာ သိတဲ့သူက ရေခဲရယ်.မင်းရယ်ပဲ ရှိတာ……ငါ့ကြောင့် ပြည်သူလူထုက ဒီလိုအထိတ်တလန့်ဖြစ်ရတယ်ဆိုတာမျိုး နံပါတ်ဝမ်းကြီး သိလို့မရဘူး…ရေခဲ ဆိုတဲ့ကောင်က ကောင်စီထိပ်ပိုင်းက လူကြီးကတော်တွေနဲ့ လုံးထွေးနေတာ..သူ့ဆီက တခုခုပေါက်ကြားသွားရင် ငါ့အတွက် ခက်သွားမယ်.. နံပါတ်ဝမ်းကြီးရဲ့ စစ်ဘက်အကြံပေးဆိုတဲ့ ရာထူးက မကြာခင်ပေါ်လာတော့မှာ..အဲ့ဒီနေရာကို လိုချင်နေကြသူတွေအများကြီးပဲ….အဲ့ဒီနေရာဟာ ငါ့အတွက်သေချာပြီဆိုရင် နံပါတ်ဝမ်းကြီးနဲ့ ဗိုလ်စန်းယုကြား အသာလေးကစားလို့ရတယ်…ဒါကြောင့် ဒီအတောအတွင်း ငါ့နာမည်လုံးဝ အထိအခိုက္မခံနိုင်သေးဘူး..”

“ဒီလိုဆို ကျွန်တော်က ဘာဆက်လုပ်ပေးရမလဲ..ကာနယ်ကြီး”

မျက်မှန်ကြီးက စားပွဲပေါ်မှ ကျည်ဆံတောင့်လေးများကို လက်ဖြင့် ကိုင်ကြည့်လိုက်သည်။

“ရှင်ဘုရင်ကို သတ်ရင် ရှင်ဘုရင်ဖြစ်တယ်တဲ့……ဒီနေ့မင်း..ရန်ကုန်က လူမိုက်ဘုရင်နှစ်ယောက်ကို သတ်လိုက်ပြီမဟုတ်လား..မိုးကျော်..ဒီတော့..လသာအဘိုးကြီးနှစ်ယောက်ရဲ့ ရန်ကုန်ပလ္လင်ကို မင်းဆက်ခံရမယ်”

မျက်မှန်ကြီးစကားကြောင့် မိုးကျော်က မျက်ခုံးပင့်လိုက်သည်။

“ထောင်ထဲမှာ ကာနယ်ကြီးပြောခဲ့တဲ့အပေးအယူအတိုင်းဆို ကျွန်တော့်ကို ပြစ်ဒဏ်ဆယ်နှစ်လျော့အောင် လုပ်ပေးမယ်ဆို..ကျွန်တော်က ထောင်ထဲ နောက်လေးနှစ်နေရဦးမယ်ဗျ”

“မဟုတ်ဘူး.ပြည်ထဲရေးဝန်ကြီးဘိုနီကိုပြောပြီး..မင်းကို ငါအပြီးထုတ်ပေးလိုက်မယ်….အခု အသစ်စတဲ့ ရဲဘက်စီမံကိန်းမှာ မင်းကို ရဲဘက်ပါအောင် ငါလုပ်ပေးမယ်..ပြီးရင် ရဲဘက်ပြေးစာရင်းပြလိုက်ရုံပဲ……စံဘ၊ ထွန်းရင်နဲ့ ကျော်ဝင်း မရှိတော့တဲ့.အမှောင်ထဲက မင်းသားများအဖွဲ့ မှာ မင်းကို လိုအပ်တယ်..မိုးကျော်”

“နေပါဦးဗျ..ကြေးမုံကရော”

မျက်မှန်ကြီးက မိုးကျော်ရှေ့မှ ခုံတွင် ဝင်ထိုင်လိုက်သည်။

“အဲ့ဒီချာတိတ်ကိုတော့ မင်းသွားမထိနဲ့..သူက မင်းထက် ဟိုးအရှေ့ကို ပြေးနေပြီ…နို့ဆီခွက်လောက်ရှိတဲ့ ရန်ကုန်မြို့လယ်ခေါင်ကို သူစိတ်မဝင်စားတော့ဘူး… မင်းတစ်ခု မှတ်ထားရမှာက..လောလောဆယ် ကြေးမုံ ဟာ ငါတို့အတွက် အရမ်းအသုံးဝင်နေတယ်..မင်းတို့ချင်းကြားမှာ အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့…မင်းသူ့ကို လုံးဝထိလို့မရဘူး”

“ထိရင် ဘာဖြစ်မှာလဲ”

“မင်းကို ဓါးနဲ့သေနတ်ပေးမယ်….သေရေးရှင်ရေးကိစ္စအတွက်သုံးရတော့မယ်ဆို..မင်းအနေနဲ့ လက်နက်နှစ်ခုထဲက တစ်ခုပဲယူရမယ်..တစ်ခုကို စွန့်ပစ်ရမယ်ဆို ဘာကို စွန့်ပစ်မလဲ”

“ဓါးကို ပစ်မှာပေါ့..သေနတ်က ဓါးထက် ပိုအသုံးဝင်တယ်လေ”

“အေး..မင်းတို့နှစ်ယောက်ဟာ ငါ့လက်ထဲက သေနတ်နဲ့ ဓားဆို..ကြေးမုံက သေနတ်ပဲ….ဒီတော့ ကြေးမုံကို…ထိချင်တယ်ဆိုရင်တော့ မင်းလည်း ဓါးအဆင့်ကနေ သေနတ်အဆင့် ဖြစ်အောင်လုပ်ပါ..ငါ့အတွက်.မင်းက ပိုကောင်းတဲ့..ပိုအသုံးဝင်တဲ့..သေနတ်တစ်လက်ဖြစ်ရင်တော့..ကြေးမုံကို မင်းလုပ်ချင်ရာ လုပ်ပေါ့”

မိုးကျော်က လှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီး စားပွဲပေါ်မှ ခြောက်လုံးပြူးသေနတ်ကိုသာ စိုက်ကြည့်နေသည်။

မျက်မှန်ကြီးက အပြင်သို့ ထွက်သွားပြီဖြစ်သည်။

အခန်းထဲတွင် မိုးကျော်တစ်ယောက်တည်း။

မိုးကျော် ၏ မျက်နှာပေါ်မှ အပြုံးတို့ ပျောက်ကွယ်သွားသည်။

မိုးကျော်က မျက်လုံးကို စုံမှိတ်ထား၏။

သူ့ဆိုင်ကယ်နောက်တွင် ပထမဆုံးအကြိမ်လိုက်ပါလာသော ကြေးမုံ၏ ပုံရိပ်ပေါ်လာသည်။

သူ၏ ကျေးဇူးရှင် အကိုကြီးကိုကျော်ဝင်း၊

ထို့နောက် ဧရာ နှင့်အတူ ရယ်မောပျော်ရွှင်နေသော မမဝင်း။

လွန်ခဲ့သောနှစ်များ တရုတ်ဗမာအရေးအခင်းကလာက အမှောင်ရိပ်ထဲတွင် ထိုင်နေသော တရုတ်မလေး၏ ချစ်စရာမျက်နှာကလေး။ သူ့ကော်လာစကို အားကိုးတကြီးကိုင်ဆွဲကာ ကြောက်နေသော ထိုတရုတ်မလေး။

“ညီမ..ထလို့မရဘူး”

မိုးကျော်နားထဲ ထိုအသံကလေးကို ကြားယောင်နေသည်။

အသက်ရှုသံများက ပိုမိုပြင်းထန်လာသည်။ ရင်ဘတ်က နိမ့်ချည်မြင့်ချည်။

“ရှင်ဘယ်သူလဲ..ကိုမိုးကျော်..လက်မှတ်မှောင်ခိုသမားကို ရှင်ရိုက်လိုက်တာမဟုတ်လား”

ရုပ်ရှင်ရုံရှေ့တွင် သူ့ကို ခပ်ငေါက်ငေါက်မေးလိုက်သော စီစီ၏ ပုံရိပ်များ။

မိုးကျော်က သူ့အင်္ကျီဘယ်ဘက်အိပ်ကပ်ကို ညာဘက်လက်ဖဝါးဖြင့် ဖိလိုက်သည်။

အိတ်ကပ်အတွင်းမှ တစ်နှစ်ကျော်ကြာပြီဖြစ်သည့် သတင်းစာဖြတ်ပိုင်းကလေးက သူ့နှလုံးသားနှင့် ပိုမို နီးကပ်သွားသည်။

သတင်းစာဖြတ်ပိုင်းလေးတွင် ပါရှိသည်က…

“ခရစ်တော်၌ အိပ်ပျော်ခြင်း

နန့်မေစီအယ်လောလ (ခ) စီစီ

အသက်(၁၉)နှစ်

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဦးလူနီလမ်းနေ ဒေါက်တာစောအယ်လောလ၊ ဒေါ်ရှုကျင်တို့၏ တစ်ဦးတည်းသော သမီး မနန့်မေစီအယ်လောလ (ခ) စီစီ သည် ၁၉၆၉ ခု မတ်လ ၂ ရက်နေ့ နံနက် ၁နာရီ ၃၀ အချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့်…”

စီစီသည် သူ၏ မင်္ဂလာပွဲတွင် လာ‌ရောက်ရမ်းကားသော မိုးကျော်ကို ကပ်ကြေးဖြင့်ထိုးခဲ့သည်။

သတို့သားဘက်မှလည်း ထိုမင်္ဂလာပွဲကို ဖျက်ပစ်ခဲ့သည်။

မင်္ဂလာပွဲပျက်ပြီး တလအကြာတွင် စီစီသည် သူမ၏ အသက်ကို ကြိုးတစ်ချောင်းထံတွင် အဆုံးစီရင် အပ်နှံခဲ့လိုက်တော့သည်။

ယခုတော့ ထိုကြိုးသည် စီစီ၏ နောက်ဆုံးထွက်သက်ကိုသာမက မိုးကျော်၏ နှလုံးသားကိုလည်း တင်းတင်းကြပ်ကြပ်စည်းနှောင်သွားခဲ့ပြီဖြစ်သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၂ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>