ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် လယ်ယာလုပ်ငန်းများ အခက်ကြုံ

0
3333

အထွေထွေစရိတ်ကြီးမြင့်လာမှုနှင့်အတူ လယ်ယာလုပ်ငန်းတွင်လည်း သွင်းအားစုစရိတ်များမြင့်တက်လာပြီး လယ်လုပ်သည့်တောင်သူများ တွက်ခြေမကိုက်ဖြစ်လာကြောင်း ထားဝယ်ခရိုင်မှ လယ်သမားအချို့က ပြောသည်။

လယ်ကို စတင်ထွန်ယက်သည့်အချိန်မှ ရိတ်သိမ်းသည်အထိ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ တစ်ဧကလျှင် ကျပ် သုံးသိန်းခွဲခန့် ကုန်ကျကြောင်း ထားဝယ်ခရိုင်မှ လယ်သမားအချို့က ပြောသည်။

မိမိပိုင်လယ်၊ မိမိပိုင်ထွန်စက်နှင့် မိမိဘာသာလုပ်သည်ကိုပင် သုံးပုံ တစ်ပုံသာကိုယ့်အတွက်ကျန်သည်ဟု သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အခနဲ့ ငှားပြီးလုပ်ရမယ်ဆိုရင် သူ့ဟာနဲ့သူ ဒုံရင်းဒုံရင်းပဲ၊ အပိုငွေဆိုတာ မရှိဘူး၊ ဘာလို့လဲဆို ပစ္စည်းဈေးတွေက ကြီးနေတယ်လေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

စက်သုံးဆီဈေးကြီးခြင်း၊ ဓာတ်မြေဩဇာဈေး အဆမတန်မြင့်တက်နေခြင်းတို့ကြောင့် လယ်ဧက နည်းနည်းလုပ်ကိုင်သူများအဖို့ ပို၍တွက်ခြေမကိုက်ဖြစ်ကြသည်ဟု လယ်သမားအချို့က ဆိုသည်။

လယ်အခြေအနေနှင့် ဓာတ်မြေဩဇာကျွေးနိုင်မှုပေါ်မူတည်ကာ လယ်တစ်ဧကကို စပါး တင်း ၄၀ မှ ၇၀-၈၀ အထိ ထွက်သည်ဟု လယ်သမားအချို့က ပြောသည်။

သို့သော် ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် စပါးထွက်နှုန်း၊ စပါးဈေးအပေါ်မူတည်ကာ လယ်ပိုင်ရှိသူများအတွက် သုံးပုံတစ်ပုံခန့်သာ ကိုယ့်အတွက်ကျန်သည်ဟု လယ်သမားအချို့က ဆိုသည်။

ကိုယ်ပိုင်လယ်မရှိ၍ လယ်ရော၊ ထွန်စက်ရော၊ ရိတ်ခြွေစက်ပါ ငှားရမ်းလုပ်ကိုင်ကြသူတို့အဖို့ဆိုလျှင် မိမိအတွက်ပင် မကျန်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

လယ်တစ်ဧကလျှင် မျိုးစပါး ၃ တင်းထည့်ရသဖြင့် ယင်းအတွက် ငွေကျပ် ၂၁၀၀၀၊ ထွန်ခ ၈၀၀၀၀ ကျပ်၊ ပုလဲ ဓာတ်မြေဩဇာ တစ်အိတ်ကို ငွေကျပ် ၁၄၅၀၀၀ ကျပ်ရှိပြီး ရိတ်ခြွေခ ၁၀၀၀၀၀ ကျပ် ပေါင်းပါက လယ်တစ်ဧကလျှင် မိမိလုပ်အားမပါဘဲ ထုတ်လုပ်မှုစရိတ်တင် ၃၅၀၀၀၀ ကျပ်ခန့်ကုန်ကျသည်ဟု ထားဝယ်မြို့ ဥဿရံရပ်ကွက်မှ လယ်သမား ဦးကျော်ကျော်လင်းက ပြောသည်။

လယ်အများနဲ့လည်း ရှုံးနေတာပဲ၊ ရှုံးရှုံးနဲ့ပဲ လုပ်နေရတယ်၊ ကျွန်တော့်မှာတော့ ကိုယ့်စက်တွေနဲ့ကိုယ်ဆိုတော့ လုပ်အားခနဲ့ ဓာတ်မြေဩဇာဖိုး၊ စက်သုံးဆီဖိုးလောက်ပဲကုန်တယ်” ဟု ဦးကျော်ကျော်လင်းက ဆိုသည်။

လယ်ယာထုတ်လုပ်မှုစရိတ်ကြီးပြီး လယ်လုပ်သူအတွက် အကျန်နည်းလာသဖြင့် လယ်ကိုပစ်ကာ နိုင်ငံခြားသွားသူက အာဏာသိမ်းကာလတွင် ပို၍များလာသည်ဟု လယ်သမားအချို့က ပြောသည်။

မနှစ်က ရိတ်ခြွေခက တစ်ဧကကို ခုနှစ်သောင်း၊ အခုက တစ်သိန်းလို့ပြောနေတယ်၊ မငှားလို့လည်း မဖြစ်ဆိုတော့ ဘယ်လိုလုပ်မလဲ၊ စပါးထွက်နှုန်းကလည်း တင်းသုံးဆယ်ကျော်ပဲထွက်တယ်၊ လာမယ့်နှစ်ဆို ငါလည်း မလုပ်နိုင်တော့ဘူးဆိုတော့ ခုအတိုင်းဆို မလုပ်ဘဲ လယ်ကိုပစ်ထားလိုက်တော့မယ်” ဟု လောင်းလုံးမြို့နယ်မှ အသက် ၆၀ ကျော် လယ်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

ပုလဲဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် သုံးသောင်းဝန်းကျင်ခန့်က လယ်တစ်ဧကကို တစ်အိတ် သုံးကြိမ်ကျွေးသော်လည်း ယခု ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ပုလဲဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် ၁၄၅၀၀၀ ဖြစ်လာချိန်တွင် တစ်အိတ်ကို သုံးခါခွဲ၍ ကျွေးသည်ဟု လယ်သမားအချို့က ပြောသည်။

ဓာတ်မြေဩဇာ လျော့သုံးလိုက်ပါက စပါးထွက်နှုန်းလျော့သည်ဟု လယ်သမားတို့က ဆိုသည်။

လယ်ထွန်စက်ငှားခမှာ ပြီးခဲ့သည့်နှစ်က တစ်ဧက ခြောက်သောင်းကျပ်ခန့်သာရှိသော်လည်း ယခုနှစ်တွင် ရှစ်သောင်းကျပ်ခန့်ပေးရသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က ရိတ်ခြွေစက်ငှားရမ်းခမှာ တစ်ဧက ခုနှစ်သောင်းကျပ်ခန့်သာပေးရသော်လည်း ယခုနှစ်တွင် တဧက တစ်သိန်းကျပ်အထိ ပေးကာငှားရမ်းရသည်ဟု လယ်သမားအချို့က ပြောသည်။