မြို့တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် တိုက်ပွဲဆက်ဖြစ်မည်ကို တနင်္သာရီမြို့သားများ စိုးရိမ်

0
3547

တနင်္သာရီမြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့ထဲတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း တနင်္သာရီမြို့ခံများက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက် နံနက် နာရီမှ ညနေ ၅နာရီအထိ မြို့တစ်ဖက်ကမ်း ဗောဓိကမ်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း မဟာမိတ်တပ်က ထုတ်ပြန်ထားသည်။

ယင်းနေ့ ညတွင် တနင်္သာရီမြို့ထဲတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကားတန်းကို ဗောဓိကမ်းရွာ တံတားအနီးမှနေ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်က ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးခဲ့ပြီး မြို့ပေါ်က အရပ်သားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း မြို့ခံတို့က ပြောဆိုသည်။

“ဟိုဖက်ကမ်း ဒီဖက်ကမ်း ပစ်ကြတာပေါ့။ သေတဲ့သူက လူငယ်ပဲသေး။ မင်းမင်းလို့ခေါ်တယ်။ မရင်းကြီးရွာက အလောင်းတောင် မနေ့ကမှကောက်ပြီး သဂြိုဟ်လိုက်ရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဗောဓိကမ်းကျေးရွာတွင် ပြီးခဲ့လအတွင်းက တိုက်ပွဲဖြစ်ခဲ့ဖူးသော်လည်း တနင်္သာရီမြို့အတွင်းသို့ ပစ်ခတ်ခဲ့ခြင်း မရှိဖူးကြောင်း ဒေသခံများက ဆိုသည်။

သို့သော် လက်ရှိအချိန် နိုဝင်ဘာ ၁၄ ရက်ညတွင် ပစ်ခတ်မှုသည် မြို့အတွင်းသို့ ရောက်ရှိလာနေသည့်အတွက် စိုးရိမ်ကြောင့်ကြနေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“လက်ရှိတစ်မြို့လုံး ငြိမ်သက်တိတ်ဆိတ်နေတယ်။ ကြောက်လို့ အပြင်တောင် ကောင်းကောင်း မထွက်ရဲကြဘူး။ ကိုယ့်အိမ်ကိုယ်နေနေကြတယ်” ဟု တနင်္သာရီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး နောက်တစ်နေ့ နံနက်ပိုင်း လေယာဉ်များလည်း လာရောက်ပျံသန်းခဲ့သည်ဟု မြို့ခံတို့က ဆိုသည်။  

မြို့အတွင်း ငြိမ်သက်နေသော်လည်း ယနေ့ နိုဝင်ဘာ ၁၆ နံနက်၌ ညောင်ပင်ကွင်း၊ ခြောက်မိုင်ဖက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ညောင်ပင်ကွင်းနဲ့ ခြောက်မိုင်အကြား ထုံတွန်ရွာဖက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သိရသေးတယ်” ဟု ညောင်ပင်ကွင်းရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်က တနင်္သာရီမြို့နယ်၊ အရှေ့မော်တုံး၊ အနောက်မော်တုံးနှင့် တနင်္သာရီမြို့တစ်ဖက်ကမ်း ဗောဓိကမ်းရွာတို့တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီတပ်က ကိုးဦးထက်မနည်း သေဆုံးခဲ့ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်းတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ မြိတ်ခရိုင်တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်မှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။