ရနောင်းမှ တော်လှန်ရေးသမားများ ဖမ်းဆီးနိုင်ရေး ထိုင်း-မြန်မာ ဆွေးနွေးဟုဆို

0
4474

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင်နေထိုင်ပြီး စစ်ကောင်စီကို တော်လှန်ရာတွင်ပါဝင်သူများအား ဖမ်းဆီးနိုင်ရေးကိစ္စအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစည်းအဝေးပွဲကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်က ကော့သောင်းမြို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သည့် ပထမအကြိမ် မြန်မာ-ထိုင်း( ကော့သောင်း- ရနောင်း) နယ်စပ်ဆက်ဆံရေးရုံး အစည်းအဝေးတွင် အကြမ်းဖက်အဖွဲ့များ ရှာဖွေဖော်‌ထုတ်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း မြန်မာဘက်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် NUG၊ PDF အဖွဲ့များနှင့် ဆက်စပ်သည့်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းဖြစ်ရာ အကြမ်းဖက်အဖွဲ့များ ရှာဖွေဖော်ထုတ်‌ရေး ဆိုသည်မှာ တော်လှန်ရေး သမားများနှင့် တော်လှန်ရေး အဖွဲ့ကိုကူညီပေးနေသူများကို ရည်ညွှန်းခြင်းဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

ယင်းသို့ဆွေးနွေးခဲ့သည်ဆိုပါက ထိုင်းအစိုးရ၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်ရတော့မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

အာဏာသိမ်းမှုမှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း တော်လှန်ရေးမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေသောကြောင့် တော်လှန်ရေးလုပ်ငန်းများ ရပ်တန့်သွားရန် စစ်ကောင်စီက ကြိုးပမ်းလုပ်ဆောင်နေပြီး တော်လှန်ရေးနှင့် ဆက်နွယ်သူများကို ဖမ်းဆီးနိုင်ရေး၊ ထောက်ပံ့ရေးလမ်းကြောင်းများကို တားဆီးနိုင်ရေး လုပ်ဆောင်လာသည်ကို တွေ့ရသည်။

အဆိုပါအစည်းအဝေးသို့ ရနောင်းမြို့အုပ်ချုပ်ရေးမှူး၊ ရန်ကုန်အခြေစိုက် ထိုင်းသံရုံးတာဝန်ရှိသူ၊ ထိုင်းရဲဆက်ဆံရေးသံမှူး၊ ရနောင်းခရိုင်ရဲမှူးကြီးတို့ တက်ရောက်ခဲ့ပြီး မြန်မာဘက်ခြမ်းမှ နိုင်ငံဖြတ်ကျော်မှုခင်းဌာန ဒုတိယဌာနမှူး ရဲမှူးကြီးကျော်ဇေယျ အပါအဝင် အခြားတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန သတင်းများကို ‌ရေးသားထုတ်ပြန်နေသည့် We Love Kawthaung Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် မှုခင်းတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ လူမှောင်ခိုအမှု၊ မူးယစ်‌ဆေးဝါးအမှုများအပြင် အကြမ်းဖက်အဖွဲ့များ ရှာဖွေဖော်‌ထုတ်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း  မြန်မာနိုင်ငံသားအများအပြား  လုံခြုံရေးအခြေအနေ၊ စီးပွားရေးအခြေအနေတို့ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာသွားကြပြီး တနင်္သာရီတိုင်းသားအချို့မှာလည်း ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက်နေထိုင် အလုပ်လုပ်ကိုင်‌မှုများ ရှိနေသည်။

ထိုင်းနိုင်ငံဘက်ကလည်း မြန်မာ-ထိုင်း( ကော့သောင်း- ရနောင်း) နယ်စပ်ဆက်ဆံရေးရုံး အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း နှစ်နိုင်ငံနယ်စပ် တစ်လျှောက်ရှိ အကြမ်းဖက်အဖွဲ့များ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေး ဆွေးနွေးခဲ့သည်ဆိုသော အချက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။