ထိုင်းတွင် ကားမှောက်မှုကြောင့် ကျွန်းစုသူအပါအဝင် မြန်မာသုံးဦးသေဆုံး

0
5990

ထိုင်းနိုင်ငံ ဖေ့ခ်ျဘူရီခရိုင်တွင် မြန်မာနိုင်ငံသားမောင်းနှင်လာသော ကိုယ်ပိုင်ကားတစ်စီးသည် အရှိန်လွန်ကာ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်တိမ်းမှောက်ရာမှ မြန်မာနိုင်ငံသား သုံးဦးသေဆုံးကြောင်း လိုက်ပါကူညီဆောင်ရွက် ပေးနေသည့် ဝိဒေသနာရေးပရဟိတအသင်းထံမှ သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖေ့ခ်ျဘူရီခရိုင် ခေါင်းယွိုင်ဒေသရှိ ဖက်ကစန်အဝေးပြေးလမ်းမပေါ်၌ ကားမှောက်ခြင်းဖြစ်သည်။

Chevrolet အမျိုးအစား ကိုယ်ပိုင်ကားတစ်စီးသည် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် အရှိန်လွန်ကာ လမ်းချော်ပြီး လမ်းလယ်ရှိ ဓါတ်တိုင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ကားပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှစ်ဦးမှာ လမ်းမပေါ်လွင့်ထွက်သွားခဲ့ကာ သေဆုံးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ကားမှာ လုံးဝပျက်စီးသွားပြီး လမ်းမအလယ်တွင် ပက်လက်အနေအထား ဖြစ်သွားခဲ့ပြီး ကားထဲ ညှပ်နေသော ကားမောင်းသမားမှာ အပြင်းအထန်ဒဏ်ရာရရှိထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မိနစ် ၂၀ ခန့် အကြာ ကားတံခါးကိုဖြတ်ကာ အပြင်သို့ ထုတ်၍ ကယ်ဆယ်ခဲ့ရကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ဒဏ်ရာရရှိသော ကားသမားကို Phra Chom Klao ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဝိဒေသ ပရဟိတ နာရေးကူညီမှုအသင်းထံမှ သိရသည်။  

သေဆုံးသွားသူများမှာ မောင်ထက်ဝေဟိန်း၊ မထက်ထက်ထွန်း နှင့် မမျိုးမျိုးဆန်း အမည်ရှိသူတို့ဖြစ်ကြပြီး ၎င်းတို့အနက် အသက် ၂၇ နှစ်အရွယ် မထက်ထက်ထွန်းသည် တနင်္သာရီတိုင်း ကျွန်းစုဒေသခံဖြစ်ကြောင်း ယင်းအသင်းမှ ကိုအောင်ဝင်းစိုးက ပြောသည်။

“ကားသမားက ဆေးရုံရောက်မှ သူ့ဒဏ်ရာနဲ့ပဲ ဆုံးသွားတာ။ သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုဝင်တချို့နဲ့တော့ အဆက်အသွယ်ရပြီ။ ကျန်တာက မထက်ထက်ထွန်း မိသားစုဝင်တွေ ကျန်နေတယ်။ သူ့သူငယ်ချင်းတွေကတော့ ဆက်သွယ်ထားတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရန် ကျန်ရှိနေသော ကျွန်းစုဒေသခံ မထက်ထက်ထွန်း၏ မိသားစုဝင်များအနေဖြင့် လာရောက်ဆက်သွယ် ပေးစေလိုကြောင်း ၎င်းက ပြောဆိုသည်။

ကားမှောက်မှုဖြစ်စဉ်အား ခေါင်းယွိုင်နယ်မြေရဲစခန်းမှ CCTV မှတ်တမ်းများနှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။