မြိတ်မြို့တွင် စစ်ဘေးရှောင်များတည်းခိုနေသည့်နေအိမ်အချို့ကို ညအချိန်ဝင်စစ်

0
3882

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် နေအိမ်အချို့ကို နိုဝင်ဘာလ ၁၄ ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဝင်ရောက်စစ်ဆေးပြီး လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

မြိတ်တောင်နယ်မြေ၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုအတွင်း ရပ်ကွက်တို့ရှိ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

နယ်ဒေသမှ စစ်ဘေးရှောင်လာကြသူများနေထိုင်သည့် နေရာများကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်တာဝန်ရှိသူတို့ ပါဝင်ကြောင်း မြိတ်တောင်နယ်မြေနေ ရပ်ကွက်နေသူအချို့က ဆိုသည်။

“သူတို့ (စကစ) သတင်းရထားတဲ့အိမ်ကို ရုတ်တရက် ဝင်စစ်တာထင်တယ်။ ဧည့်စာရင်းစစ်တာမျိုး မဟုတ်ဘူး။ လမ်းထဲမှာ တစ်အိမ်ပဲ ဝင်စစ်တယ်။ ဘာမှမတွေ့ကြဘူး” ဟု မြိတ်တောင်နယ်မြေရှိ ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများသည် နီးစပ်ရာကျေးရွာများ၊ မြို့ပေါ်ရှိ အသိဆွေမျိုးတို့နေအိမ်ထံတွင် လာရောက် ပြောင်းရွှေ့နေထိုင်နေကြရသည်။

မြို့ပေါ်တွင် တည်းခိုပါက ဧည့်စာရင်းတိုင်ကြားသည့်အချိန်တွင် စစ်ဘေးရှောင်လာသူဖြစ်သည်ကို အသိပေး ပြောကြားရကြောင်း ရပ်/ကျေးလအုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်သူတို့အား ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုရှိ မရှိကို အတည်မပြုနိုင်သေးပေ။

သို့သော် ဝင်ရောက်စစ်ဆေးစဉ် လက်ကိုင်ဖုန်းတွင် နိုင်ငံခြားနှင့် ငွေလွှဲထားကြောင်းကို တွေ့ရှိသဖြင့် လူငယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကာယကံရှင် မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

ဖမ်းဆီးခံရသည့် အမျိုးသားသည် မြိတ်တောင်နယ်မြေရှိ ရပ်ကွက်တစ်ခုအတွင်း နေထိုင်သူဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း မြိတ်-တနင်္သာရီကားလမ်းမပေါ်ရှိ တုံး‌ဗျောကျေးရွတွင် စစ်ကေင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း တနင်္သာရီမြို့တဖက်ကမ်းရှိ ဗောဓိကမ်းတွင် တိုက်ပွဲများ ဖြစ်ပေါ်မှုကြောင့် တစ်မြို့လုံး အသွားအလာမရှိ တိတ်ဆိတ်ခဲ့ပြီး မြို့ပေါ်နေသူအချို့ တိမ်းရှောင်မှုများရှိခဲ့ကြောင်း တနင်္သာမြို့နေသူတချို့က ပြောပြသည်။