မော်လမြိုင်ပစ်ခတ်မှု PDF ငါးဦးအဖမ်းခံရ၊ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားတို့ သေဆုံး

0
4089

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် PDF တပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး ရာမှ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားတို့ သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီး ခံရကြောင်း မြို့ခံများထံမှ သိရသည်။

ဇေယျာသီရိရပ်ကွက် (၃) ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုဝင်ဘာလ ၁၄ ရက်နေ့ ၅ နာရီခွဲခန့်တွင် သွားရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးနှင့်အတူ လက်နက်ငယ် သုံးလက် ဖမ်းဆီးသိမ်းဆည်းခံလိုက်ရကြောင်း အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်ကမူ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူတို့ သေဆုံးသွားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်က အင်အား ၃၀၀ ခန့်ဖြင့် လက်နက်ကြီး၊ လက်နက်ငယ်တို့နှင့် ပစ်ခတ်ပိတ်ဆို့ခဲ့ခြင်းကြောင့် ၎င်းတို့ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

“စစ်တပ်က သတင်းရလို့ အဲဒီအိမ်ကို လာဝိုင်းရာကနေ ပစ်ခတ်မှုဖြစ်ကြတာလို့ သိရတယ်။ ပစ်နေကြတာ တော်တော်ကြာတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ည ၉ နာရီလောက်မှ အသံက တိတ်သွားတာ” ဟု ဇေယျာသီရိရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်တစ်ခုလုံးကို စစ်ကောင်စီတပ်တို့က ပိတ်ဆို့ထားပြီး ယနေ့နံနက်ပိုင်းမှသာ သွားလာခွင့်ပေးသည်ဟုလည်း ရပ်ကွက်နေသူတို့က ဆိုသည်။

စစ်ကောင်စီဘက်ကမူ မော်လမြိုင်ပစ်ခတ်မှုဖြစ်စဉ်အတွင်း PDF ၆ ဦး ဖမ်းဆီးရမိထားသည်ဟု ထုတ်ပြန်ထားသော်လည်း ၎င်းတို့ဘက်က ထိခိုက်မှုအခြေအနေကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပေ။