ကဒဲရွာထဲ ဒရုန်းဖြင့် ဗုံးချခံရ၊ ဇနီးမောင်နှံနှစ်ဦး ဒဏ်ရာရ

0
3831

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာထဲသို့ ဒရုန်းဖြင့် ဗုံးချခံရပြီး ဇနီးမောင်နှံနှစ်ဦးကို ထိမှန်ကာ ဒဏ်ရာ ပြင်းထန်သောကြောင့် ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ကဒဲကျေးရွာအား ဒရုန်းဖြင့်ဗုံးချခံရခြင်းဖြစ်ပြီး ဆိုင်ကယ်စီးလာသည့် ဇနီးမောင်နှံနှစ်ဦးကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လင်မယားနှစ်ယောက်စလုံး ထိသွားတယ်။ အမျိုးသမီးမှာက မျက်စိထိသွားတယ်လို့ ကြားရတယ်။ ဆိုင်ကယ်လည်း သုံးမရတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးမှာ ဈေးရောင်းပြီးအိမ်အပြန် ကဒဲရွာစာသင်ကျောင်းအနီးအရောက်တွင် ဗုံးထိမှန်ခြင်းဖြစ်ပြီး လက်ရှိတွင် မြိတ်မြို့သို့ ပို့ဆောင်ဆေးကုသနေကြောင်း ဒေသခံများက ဆိုသည်။

“သူတို့လင်မယားက အိမ်ထောင်အသစ်တွေပဲသေး။ ကလေး တစ်ယောက်ပဲရသေးတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ဒေသခံအများစုမှာ ထွက်ပြေးနေကြရပြီး လက်ရှိတွင် ဒေသခံတချို့ထက်ဝက် နေထိုင်နေသည်မှာ တစ်လနီးပါးသာရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဒရုန်းဖြင့် ဗုံးချမှုကို စစ်ကောင်စီတပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုခဲ့သော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်အချို့ ကဒဲရွာအတွင်း ခိုအောင်းနေသည်ဟူသော အကြောင်းပြချက်ဖြင့် ယင်းသို့တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောဆိုနေကြသည်။

ကဒဲရွာအနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်း မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့သေးသည်။

ပုလော စစ်ကောင်စီတပ်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ပုလောအရှေ့ခြမ်း KNU စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။

လက်ရှိ ကဒဲကျေးရွာတွင် နှစ်ဖက်ပစ်ခတ်မှုများ မရှိသော်လည်း ယမန်နေ့နှင့် ညဦးဖက်တွင် လေယာဉ်များ လာရောက်ပျံသန်းခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

ကဒဲရွာတွင် ပြီးခဲ့သည့်တစ်နှစ်နီးပါးကတည်းက တိုက်ပွဲများ၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုများ၊ အဖမ်းအဆီးများကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်။

အခြေအနေ အနည်းငယ်တည်ငြိမ်လျှင် တချို့ထက်ဝက် ပြန်လည်လာရောက်နေထိုင်လေ့ရှိကြပြီး အခြေအနေ မတည်ငြိမ်လျှင် ပြန်လည် ထွက်ပြေးကြရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းရွာအနီးတစ်ဝိုက်တွင် စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။