အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
530

အခန်း(၂၀)

“ကိုရေခဲ…ကိုရေခဲ”

“ဘယ်သူလဲကွ”

“မြင်းမိုရ်ရုပ်ရှင်ကပါ..သူဌေးလွှတ်လိုက်လို့”

ရေခဲက ခေါင်းအုံးအောက်မှ စကေဘာကို ခါးကြားထိုးကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

အောက်ထပ်မှ သစ်သားတံခါးကို သတိထားဖွင့်ပေးလိုက်၏။

လူနှစ်ယောက်။ လက်ထဲတွင် ခြောက်လုံးပြူးသေနတ်ကိုယ်စီနှင့်။

“MI ကပါ…အေးအေးဆေးဆေးလိုက်ခဲ့ပါ..ရေခဲ”

ရေခဲ လက်ကို မြှောက်ထားလိုက်သည်။

တစ်ယောက်က ရေခဲ၏ ခန္ဓာကိုယ်ကို စမ်းသပ်လိုက်ပြီး ခါးကြားမှ စကေဘာကိုသိမ်းသည်။

လက်ထိပ်ခတ်သည်။ တစ်ယောက်က ခေါင်းကို အဝတ်အမဲဖြင့် စွပ်ချလိုက်၏။

တစ်နာရီခန့်အကြာ။

“ရေခဲ..ရေခဲ…ကောင်စီလူကြီးကတော်တွေ ပါးစပ်ဖျား ရေပန်းစားတဲ့ ရုပ်ရှင်လက်မှတ်မင်းသားလေး ရေခဲ”

အသံတစ်ခုကြားပြီးနောက် ရေခဲ၏ မျက်နှာသို့ အလင်းအားကောင်းသော မီးတစ်ပွင့်ဖြင့် ထိုးခြင်းကို ခံလိုက်ရသည်။

အိတ်အမည်းအစွပ်ခံထားရသဖြင့် အမှောင်အတိကျနေရာမှ ခေါင်းစွပ်ချွတ်ပြီး ရုတ်တရက်မီးထိုးခံလိုက်ရသည့်အတွက် ရေခဲ၏ မျက်လုံးတို့ ပြာဝေသွားသည်။

ပတ်ဝန်းကျင်ကို ဘာမျှ မမြင်ရ။ အသံသာကြားနေရသည်။

“ကျွန်တော့်မှာ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ”

“ပြီးခဲ့တဲ့ ကျွန်းဆွယ်အရေးအခင်း က မင်းတို့ကောင်တွေကြောင့် စတာလေကွ”

“ဘာဗျ..ဘာဆိုင်လို့လဲ”

“အောင်ဆန်းကွင်းက ဘောလုံးပွဲလက်မှတ်တွေကိစ္စ၊ နောက်အားကစားပွဲတွေက လက်မှောင်မှောင်ခိုကိစ္စတွေမှာ နောက်ကွယ်က မင်းရှိနေတာ ငါတို့မှာ အထောက်အထားအကုန်ရှိတယ်..ရေခဲ”

“အဲ့ဒါနဲ့ အရေးအခင်းနဲ့ ဘာဆိုင်လဲဗျ..အဓိက က ကျောင်းသားတွေက အစိုးရကို မကျေနပ်လို့ဖြစ်တာ ရှင်းနေတာပဲ”

“အေး..ဘယ်လိုဖြစ်ဖြစ်..ဒီကိစ္စမှာ မင်းစနက်မကင်းတဲ့အတွက် မင်းကိစ္စဖြေရှင်းဖို့ အထက်က ငါတို့ ကို ပေးလိုက်ပြီး….ငါတို့ကို ပေးတယ်ဆိုတာက ရေခဲဆိုတဲ့ လူတစ်ယောက်ကို ငါတို့ ပိုင်သွားပြီဆိုတဲ့ သဘောပဲ…ဒီ‌တော့ကွာ ရေခဲဆိုတဲ့ ကောင်တစ်ကောင် ဒီလောကမှ အသက်ရှင်ခွင့် မရှင်ခွင့်ဆိုတဲ့ စီရင်ချက်က ငါတို့လက်ထဲမှာပဲဆိုတာ..မင်းသဘောပေါက်ထား”

မီးအလင်းရောင်၏ အနောက်ဖက်မှ လက်တစ်ဖက်နှင့် သေနတ်ပြောင်းတစ်ခု ထွက်လာသည်။

ရေခဲ တွန့်ခနဲဖြစ်သွား၏။

“ကျွန်တော့်ကို မသတ်ပါနဲ့”

“မင်းမှာ ရွေးစရာနှစ်ခုရှိတယ်.ရေခဲ”

“ပြောဗျာ..ကျွန်တော်ဘာလုပ်ပေးရမလဲ”

“ငါ့စကားမဆုံးသေးဘူးကွ…မင်း သေ မလား..ဒါမှမဟုတ်..လူကြီးတွေ မျက်စိရှေ့က ခဏပျောက်သွားအောင် ထောင်ထဲခဏဝင်နေမလား..အဲ့ဒီနှစ်ခုပဲ”

“ထောင်ထဲဝင်နေမယ်ဗျ”

“ထောင်ထဲဝင်နေမယ်ဆိုရင် ဒီတိုင်းတော့မရဘူးကွ..မင်းအသက်အစား နောက်ထပ် အသက်နှစ်ချောင်းကို ယူပေးရမယ်”

ရေခဲက မျက်လုံးကို မှိတ်လိုက်သည်။

“ဒီမီးကြီး ပိတ်ပေးပါလားဗျာ…မျက်လုံးတွေ ကျိန်းလွန်းလွန်းပါ”

မီးက ဖျောက်ခနဲ ပိတ်သွား၏။ အခန်းက အမှောင်အထိ ပြန်ကျသွား၏။

“ကဲ..ဘယ်လိုလဲ”

“ကျွန်တော်ဘယ်သူ့ကို သတ်ပေးရမလဲပြော”

“စံဘ နဲ့ ထွန်းရင်”

“ဗျာ”

“မဗျာနဲ့..အဲ့ဒီနှစ်‌ကောင်ကို ငါတို့က အချိန်မရွေးသတ်ပစ်လို့ရတယ်..ဒါပေမယ့်..သူတို့က တပည့်တပန်းတွေနဲ့ မြို့လယ်ခေါင်တွေမှာချည်းနေတာ..ငါတို့ဝင်သတ်ရင် အားလုံးရှုပ်ကုန်မယ်..ဒီတော့…မင်းတို့ လူဆိုးဂိုဏ်းအချင်းချင်း သတ်တယ်ဆိုပြီး မင်းက နာမည်ခံပေးရုံပဲ..အဲ့ဒီအတွက် မင်းထောင်ကျမယ်..ဒါပေမယ့်..ခဏပါကွာ..မင်းနောက်မှာ ငါတို့ရှိနေမှာပဲ..ဘယ်လိုလဲ”

ရေခဲ က သက်ပြင်းရှည်ကြီး ချလိုက်သည်။

“မလွယ်ဘူးထင်တယ်နော်”

“လွယ်ပါတယ်ကွာ…သူတို့ အင်အားနည်းနည်းနဲ့ ရှိနေမယ့် အချိန်နေရာကို ငါတို့ အကုန်သတင်းပေးမယ်.. မင်း အတွက်သေနတ်ရော..မင်းနောက်လိုက်ပေးမယ့် လူရော.ငါစီစဥ်ပေးမယ်.မင်းက ခေါင်းဆောင်ရုံပဲ..အဲ့ဒီလောက်ဆိုရပြီမဟုတ်လား”

“ကျွန်တော့်ကို စဥ်းစားချိန် နှစ်ရက်ပေး”

“နှစ်မိနစ်အချိန်ရမယ်”

………………………………..

“ဖင်တွန်း..တစ်ကျပ်..ဖင်တွန်း..တစ်ကျပ်”

ပဲခူးဘူတာအတွင်းမှ အော်သံကို ရထားအထက်တန်းတွဲတွင်ထိုင်နေသော ဧရာက တအံ့တသြလိုက်ကြည့်သည်။

“ဘာလဲကွ..ကြေးမုံ.ဖင်တွန်း တစ်ကျပ်ဆိုတာ”

ကြေးမုံက ရယ်လိုက်သည်။

“အမြန်ရထားတွေက ဘူတာမှာရပ်ရင် အတက်အဆင်းတံခါးမဖွင့်ဘူးကွ..ဒီတော့ မှောင်ခိုသမတွေ၊ ခရီးသွားမိန်းမတွေက ပြတင်းပေါက်ကနေ တက်ကြရတယ်..အဲ့ဒီအခါ ကူဖော်လောင်ဖက်အမျိုးသားမပါတဲ့ မိန်းမတွေကို ဖင်တွန်းတင်ပေးတဲ့လူတွေရှိတယ်..သူတို့ကိုတစ်ကျပ်ပေးရတယ်”

“အောင်မယ်..ဇယ်တွေရဲ့ ဂျီကိုလည်းကိုင်ရ..ပိုက်ဆံလည်းရ..အတော်မိတဲ့အလုပ်ပဲကွ..ဟေ့”

ဧရာအသံက ထိုအခါမျိုးဆို ခပ်မြူးမြူး။

ထိုအချိန်တွင် ဘူတာတွင်းမှ ဆူဆူညံညံအသံများကြားလိုက်ရသည်။

“ဟေ့ကောင် အဲ့ဒါ ငါတို့လူကွ မင်းဝင်မလုနဲ့”

“လုတော့ လီးဖြစ်လား..ဟေ့ကောင်”

အသက် ဆယ့်ခြောက်နှစ်ဝန်းကျင် ခပ်ပေတေတေလူငယ်နှစ်ဦးနှင့် အစောပိုင်းက ဖင်တွန်းတစ်ကျပ်အော်နေသော လူငါးယောက် ရန်စောင်နေကြခြင်းဖြစ်သည်။

“ဖင်တွန်းဖို့ လုရင်း ရန်ဖြစ်ကြတာထင်တယ်”

လူငယ်နှစ်ယောက်ကို ဖင်တွန်းအဖွဲ့မှ သန်သန်မာမာ လူငါးယောက်က ဝိုင်းထားသည်။

လူငယ်တစ်ယောက် လက်တွင် ဟန်းကလပ် (သံလက်သီး) စွပ်လိုက်သည်ကိုတွေ့ရသည်။ တစ်ယောက်က နံချပ်ကူကို ထုတ်ကိုင်လိုက်သည်။

“အောင်မယ်..ဟောင်ကောင်ကားကြည့်ရတော့မယ်ဟေ့”

ဧရာက ထအော်သည်။

ငါးယောက်နှစ်ယောက်ပွဲ။

တဖြည်းဖြည်းနှင့် ငါးယောက်ဘက်မှ နောက်ထပ် လေးငါးယောက်ပါ ထပ်ဝိုင်းလာသည်။

“ဧရာ…လာကွာ..ကိုစန်းထွန်းအထုတ်တွေယူပြီး ဆင်းခဲ့ဗျာ”

ကြေးမုံက ရထားပြတင်းပေါက်မှ လွှားခနဲ ခုန်ဆင်းသွားသည်။

“ဟေ့ရောင်..ငကြေး”

ဧရာက ဘုမသိဘမသိဖြင့် နောက်မှ လိုက်ခုန်ချသည်။

ရထားက ထွက်ခွာရန် ဥသြဆွဲနေပြီဖြစ်သည်။ ကိုစန်းထွန်းက ကြေးမုံနှင့် ဧရာ၏ အထုပ်များကို မနိုင်မနင်းဖြင့် မနေ၏။

ကြေးမုံက ရန်ပွဲရှိရာသို့ ဦးတည်သွားသည်။

ဧရာက သူ့အင်္ကျီကိုချွတ်လိုက်သည်။ ထို့နောက် ရထားလမ်းပေါ်မှ ကျောက်ခဲအလုံးကြီးကြီးတစ်လုံးကို အင်္ကျီဖြင့် လုံးချည်လိုက်ပြီး နောက်မှလိုက်လာသည်။

“‌ဘာဖြစ်နေကြတာလဲကွ”

လူငယ်နှစ်ဦးကို ဆွမ်းကြီးလောင်းရန် အုံနေသော ဘူတာပျံကျအုပ်စုက အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဟာ..ကိုကြေး”

ဖင်တွန်းအုပ်စုခေါင်းဆောင်က ကြေးမုံကို မြင်သည်နှင့် ခပ်ယို့ယို့ဖြစ်သွားသည်။

ကြေးမုံနောက်တွင် ဧရာက ရပ်လိုက်ပြီး အခြေအနေကို အကဲခတ်လိုက်သည်။

“ဒီဂျပိုးနှစ်ကောင်…ကျွန်တော်တို့ လူကို ဝင်လုလို့ ပြဿနာရှင်းနေကြတာပါ..ကိုကြေး”

“မင်းတို့ ပိုက်ဆံကိစ္စဖြစ်နေကြတာမဟုတ်လား…ရော့”

ကြေးမုံက အိပ်ကပ်ထဲက ဆယ်တန်နှစ်ရွက်ကို ထုတ်ပေးလိုက်သည်။

“ဟာ..မလုပ်ပါနဲ့.ကိုကြေး…ကိုကြေးဆီက ယူတာသိရင် ကိုရှည်ကြီး ကျွန်တော်တို့ကို သတ်လိမ့်မယ်”

“ယူစမ်းပါကွာ..မင်းတို့ကို ငါမုန့်ဖိုးပေးတာလို့သဘောထား..ဒီလောက်ဆို ရန်ဖြစ်စရာမလိုတော့ဘူးမဟုတ်လား”

ဖင်တွန်းအဖွဲ့ခေါင်းဆောင်က ပိုက်ဆံကို လှမ်းယူလိုက်သည်။

“မဟုတ်ဘူး..ကိုကြေး..ဒီဂျပိုးနှစ်ကောင်က ဘူတာထဲ ဘယ်သူအပတ်အသတ်မှ မရှိပဲ…ဟိုဂွင်လိုက်လု..ဒီဂွင်လိုက်လုနဲ့ လူဝါးဝနေတာ အတော်ကြာပြီဗျ…အခုမဟုတ်တောင် နောက်ကို ပြဿနာတက်နေမှာပဲ..ခုရှင်းထားတာ ကောင်းတယ်”

ကြေးမုံက ဖင်တွန်းအဖွဲ့ခေါင်းဆောင်ကို စကားတစ်ခွန်းမှ မပြောပဲ စိုက်ကြည့်နေသည်။

ဧရာက ရှေ့တိုးရန်ပြင်သည်။ ကြေးမုံက ဧရာကို လက်ဖြင့် တားလိုက်၏။

ဖင်တွန်းအဖွဲ့ခေါင်းဆောင်က ကြေးမုံ၏ အကြည့်ဒဏ်ကို ရှောင်လွှဲလိုက်သည်။

“ကိုကြေး..စိတ်မဆိုးပါနဲ့..ကျွန်တော်တောင်းပန်ပါတယ်..ကဲ..လူစုခွဲကြဟေ့”

အစောပိုင်းကလေးက ရိုက်ရန် သတ်ရန် တာစူနေသော လူအုပ်ကြီးမှာ သူတို့မဟုတ်သလို ဘူတာထဲ ကိုယ်ယောင်ဖျောက်သွားသည်။

လူငယ်နှစ်ဦးသာ ကြေးမုံနှင့် ဧရာရှေ့တွင် မတ်တပ်ရပ်လျက်ကျန်ခဲ့၏။ အသားဖြူဖြူအရပ်ပုပုပြတ်ပြတ်၊ပိန်ပိန်ဖြင့် လူငယ်က နံချပ်ကူဖြင့်။ အသားလတ်လတ်၊ ဗလခပ်တောင့်တောင့်၊အရပ်မြင့်မြင့် လူငယ်က သံလက်သီးကို လက်တွင်စွတ်လျက်။

“ကဲ..မင်းတို့ ပြဿနာတွေ ငါရှင်းပေးပြီးသွားပြီနော်..ငါ့နာမည်ကကြေးမုံတဲ့ မင်းတို့ နာမည်တွေပြောပါဦး”

“ခင်‌မောင်”

နံချပ်ကူဆရာက ဖြေသည်။

“စိုးနောင်”

သံလက်သီးဆရာက ဆက်ဖြေသည်။

“မင်းတို့ ဒီပဲခူးကပဲလား”

“မဟုတ်ဘူး..ကျွန်တော်တို့ ရန်ကုန်ကပဲ… အိမ်က ထွက်ပြေးလာတာ”

“ဟေ..ဘာဖြစ်လို့တုန်း”

“ဘာမှမဖြစ်ဘူး..အခုခေတ်က အိမ်ကထွက်မပြေးရင် ခေတ်မမီဘူးလေဗျာ..အောက်တယ်..အဲ့ဒါကြောင့် ပြေးလာတာ”

“ဟ”

“နေပါဦး..ခင်ဗျားက ရဲလား..စစ်လားဆေးလားနဲ့ဆိုတော့”

စိုးနောင်က သံလက်သီးကို မချွတ်ပဲ ရှေ့တိုးလာသည်။

ကြေးမုံက ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

“မဟုတ်ပါဘူးကွာ..မင်းတို့ကို အလုပ်ပေးချင်လို့ပါ..ငါ့ဆီမှာ အလုပ်လုပ်ကြမလား”

ခင်မောင်နှင့် စိုးနောင်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ကိုစန်းထွန်းက အထုတ်အပိုးများကို မနိုင်မနင်းလွယ်ကာ သူတို့အနားရောက်လာ၏။

“မောင်ကြေးရာ..မင်း မပြောမဆိုနဲ့ ဝုန်းဒိုင်းလုပ်တာ..ငါ့မှာ ရထားနဲ့ပါသွားလို့..အထုတ်တွေ တစ်ထုတ်ချင်းပစ်ချပြီး ခုန်ဆင်းလာရတယ်..ဟူး”

ကိုစန်းထွန်းက ချွေးသုတ်သည်။

“ကဲ..ရထားလညွးထှကသွှားပှီဆိုတော့..အေးအေးလူလူ တဆိုငဆွိုငထွိုငကွှတာပေါ့ဗှာ…ကဲ. ဘူတာထိပကွ သရီးဖိုကဟြိုတယွ မှာ ဝကစွတူးက သိပကွောငွးတာ..ကဲ.. .ငါဧည့ခွံပါ့မယွ…သောကရွငွးစားရငွးအေးအေးဆေးဆေးစကားပှောကှတာပေါ့..ဒီတည တော့ ပဲခူးမှာ အိပကွှတာပေါ့”

………………………………..

ညနေသည် ရွှေရည်ဖျော့ဖျော့။

ရန်ကုန်မြစ်လယ်။

ဆူညံလှသော စက်လှေငယ်၏ မော်တာသံ သည် ရုတ်တရတ်ရပ်တံ့သွားသည်။

လှိုင်းပုတ်ဒဏ်ကြောင့် လှေသည်လှုပ်နေ၏။

စက်ရပ်သွားသောလှေသည် မြစ်လယ်တွင် ကျောက်ချထားသော တုံကင်းတစ်စီးထံသို့လှော်ခတ်လာသည်။

လှေပေါ်တွင် လူခြောက်ဦးပါလာသည်။

ရှေ့ဆုံးတွင် ထိုင်နေသည့် ရေခဲက လက်ထဲမှ ခြောက်လုံးပြူးသေနတ်ကို မကြာခဏ စမ်းကြည့်နေသည်။

“စံငြိမ်း..ရေနံဆီပုံးက သုံးပုံးယူလာတယ်နော်”

“ဟုတ်ကဲ့..ကိုရေခဲ…ကျွန်တော်သေချာယူလာခဲ့ပါတယ်”

“တိုးလှိုင်..မင်းနဲ့ မင်းကောင်တွေက ငါရှေ့ပေါက်က ဝင် ပစ်ပြီဆိုတာနဲ့ အကုန်သာခုတ်ကွာ..တစ်ယောက်မှ မလွတ်စေနဲ့..ဟုတ်ပြီလား”

တုံကင်းအနီးသို့ လှေက အသာကပ်သွားသည်။

လူကောင်ခပ်တောင့်တောင့်ဖြစ်သော တိုးလှိုင်၏ ကုတ်ပိုးပေါ်သို့ စံငြိမ်းက တက်လိုက်သည်။ ထို့နောက် စံငြိမ်းက တုံကင်းနံရံကို ခုန်ခိုကာ ကျွမ်းကျင်စွာတက်သွား၏။

ထို့နောက် ရေခဲက စံငြိမ်းထံသို့ ကြိုးဖြင့်ပူးချည်ထားသော ရေနံဆီပုံးများမှ ကြိုးစကို ပစ်ပေးသည်။

စံငြိမ်းက ဖမ်းယူပြီး အသာဆွဲတင်သွား၏။

ထို့နောက် ရေနံဆီပုံးများမှ ကြိုးစကိုဖြည်ကာတုံကင်ပေါ်မှ တိုင်တစ်ခုတွင် ချည်လိုက်ပြီး လှေဘက်သို့ ပစ်ပေးလိုက်သည်။

တိုးလှိုင်၏ တပည့်တစ်ဦးက ကြိုးဖြင့်အရင်တက်သည်။

ထို့နောက် တိုးလှိုင်၏ညီ မိုးလှိုင်က ဓါးရှည်ကို လွယ်လျက် ကြိုးဖြင့် တက်ရန်ပြင်သည်။

“ဟေ့..ဘယ်ကကောင်တွေလဲကွ”

တုံကင်းရှေ့သို့ စီးကရက်ဖွာရန် ထွက်လာသော ထွန်းရင်က သူတို့ကို မြင်သွားသည်။

ဓားရှည်လွယ်ထားသော တိုးလှိုင်၏ တပည့်က ထွန်းရင်ကို ဓားဖြင့် စီးခုတ်သည်။

ထွန်းရင်က ငုံးရှောင်လိုက်ပြီး တုံကင်းကြမ်းပြင်တွင်ကျနေသော သံအချွန်ကို ကောက်ကိုင်လိုက်သည်။

ဓါးရှည်သမားက နောက်တစ်ချက် ထပ်တွတ်သည်။ ထွန်းရင်က အနောက်သို့ တလှမ်းအရှောင်တွင် စံငြိမ်းက ကျောကို ကန်ထည့်လိုက်၏။

ထွန်းရင်ရှေ့သို့ လဲအကျတွင် ဓါးသမားက ဝင်ပိုင်းသည်။

သို့သော် ထွန်းရင်က တဖက်သို့ လှိမ့်ရှောင်လိုက်၏။

ထို့နောက် ဓါးသမား၏ ခါးကို ဝင်ဖက်ကာ လုံးချလိုက်သည်။

ဓါးရှည်နှင့်မို့ ခုတ်မရဖြစ်နေစဥ် ထွန်းရင်၏ လက်ထဲမှ သံချွန်က ဓါးသမား၏ လည်ပင်းသို့ စိုက်ဝင်သွားသည်။

ထွန်းရင်က ဓါးရှည်ကို ကိုင်ကာ စံငြိမ်းဘက် ဦးတည်လိုက်သည်။

လက်နက်မဲ့နေသော စံငြိမ်းက အော်သည်။

“ကိုရေခဲ..ပစ်..ပစ်”

လှေပေါ်တွင် ရှိနေသော ရေခဲက ထွန်းရင်ကို ကြောင်ကြည့်နေသည်။

“ငါလိုးမသားလေး..ရေခဲ..မင်းကများ ငါတို့ကို”

“ဒိုင်း”

ရေခဲ၏ အလန့်တကြား ပစ်ချက်က ထွန်းရင် နားရွက်နားမှ ဖြတ်သွား၏။

တုံကင်းထဲတွင် မာကျောက်ကစားနေကြသော လူလေးဦးနှင့် အမျိုးသမီးငယ်နှစ်ဦး မှာ သေနတ်သံကြားသဖြင့် အလန့်တကြားထွက်လာကြသည်။

ထွန်းရင်က တုံကင်းကြမ်းပြင်ပေါ် ဝပ်ချလိုက်ပြီး အမိုးထဲ တွားသွားလိုက်သည်။

သေနတ်သံကြောင့် စံငြိမ်းပါ ရောယောင်ပြီး ဝပ်ချလိုက်ရ၏။

စံဘက ခြောက်လုံးပြူးသေနတ်ကို ကိုင်ကာ အပြင်သို့ ပြေးထွက်သည်။

ရေခဲက အလန့်တကြားဖြင့် နောက်တစ်ချက် မောင်းကို ညှစ်ချလိုက်၏။

“ဒိုင်း”

ထွန်းရင်ကို ထိပြီအထင်နှင့် ကမူးရှူးတိုးပြေးထွက်လာသော စံဘ နောက်သို့ လန်ကျသွားသည်။

တုံကင်းနံရံတွင် ကြိုးတန်းလန်းဖြစ်နေသော မိုးလှိုင်က လှေပေါ်ရောက်လာသည်။

ဓါးရှည်ကို ထုတ်ကာ ဝပ်နေသော ထွန်းရင်ကို ပြေးခုတ်ရန်ပြင်သည်။

စံဘက လဲကျနေရာမှ ခြောက်လုံးပြူးဖြင့် မိုးလှိုင်ကို ပစ်ချလိုက်သည်။

မိုးလှိုင်လွင့်ထွက်သွားသည်။

ထိုအချိန်တွင် ဝရုန်းသုံးကားဖြစ်နေသော တုံကင်းပေါ်သို့ စံငြိမ်းက ရေနံဆီပုံးများကို ကန်ချပစ်လိုက်သည်။

ရေနံဆီ နံ့က ထောင်းခနဲထလာ၏။

စံငြိမ်းက ဇစ်ပိုမီးခြစ်ကို ထုတ်ကာ ကြမ်းပြင်တွင် အိုင်နေသော ရေနံဆီများဆီ ပစ်ချလိုက်သည်။

မီးတောက်က ဝုန်းခနဲ။

စံငြိမ်းလည်း လှေပေါ်မှ ခုန်ချသည်။ စံဘနှင့် မာကျောက်ကစားနေကြသည့် တရုတ်တန်းသူဌေး ဦးကြင်ထွန်း ၊ ရွှေဘုံသာလမ်း ရွှေငါးသိန်းမြင့် နှင့် အမျိုးသမီးငယ်လေးများမှာ ရေထဲသို့ ခုန်ချလိုက်ကြသည်။

“စံဘ..ယောက်ဖ…”

ထွန်းရင်က မီးတောက်များကြားမှ လဲကျနေသော စံဘကို ပြေးဆွဲသည်။

ထွန်းရင်က စံဘ၏ လက်မောင်းနှစ်ဖက်ကို မကာ သူ့ပုခုံးပေါ်သို့ တင်သည်။

ရေခဲက လှေပေါ်မှ ခြောက်လုံးပြူးဖြင့် ခြောက်ပစ်ပစ်နေသဖြင့် ကျည်ဆံများက သူတို့အနားမှ ဝဲသွား၏။

တိုးလှိုင်ကလည်း ခါးကြားမှ ခြောက်လုံးပြူးတစ်လက်ကို ထုတ်ကာ တုံကင်ထံသို့ ပစ်ခတ်နေတာ့သည်။

ကျည်ဆံတစ်ခုက ထွန်းရင်၏ ညာဘက်ခြေသလုံးကို ဖောက်ထွက်သွားသည်။

ထွန်းရင် ဒူးညွတ်ကျသွား၏။

စံဘက ထွန်းရင် ၏ ပုခုံးပေါ်မှ သူ့လက်များကို ဖယ်လိုက်ပြီး ထွန်းရင်ကို တွန်းဖယ်နေသည်။

“သွားတော့”

စံဘအသံကျယ်ကြီးတစ်ချက်ထွက်လာပြီးနောက် မျက်လုံးများက အပေါ်သို့ လန်တက်သွားသည်။

တုံကင်းကြမ်းပြင်ပေါ်တွင် စံဘ၏ ရင်ဘတ်မှ ထွက်သောသွေးများနှင့် ရေနံဆီများ ရောထွေးကုန်သည်။

မီးတောက်များက တဖြေးဖြေးနီးကပ်လာပြီဖြစ်သည်။

ထိုအချိန်တွင် ကမ်းဘက်ဆီမှ စက်လှေသံများကြားလိုက်ရ၏။

“လူတွေလာပြီထင်တယ်..စက်နှိုးဟေ့”

ရေခဲက အသံများပြာသည်အထိအော်သည်။

သူတို့စီးလာသည့် လှေက အင်ဂျင်နှိုးသံ ဝူးခနဲထွက်လာ၏။

စံငြိမ်းက လှေနံရံကို ကုပ်ကပ်တက်လာသည်။

လှေသည် ရန်ကုန်မြစ်ဝဘက်ဆီသို့ ဦးတည်သွားတော့သည်။

စံဘနှင့် ထွန်းရင်တို့ ကျန်ရစ်သော တုံကင်းသည် မီးညွှန့်မီးလျှံများဖြင့် မြစ်ပြင်ထက် တစစ နစ်သွားချေပြီ။

………………………………..

ခပ်ဝေးဝေးတွင် နစ်မြုပ်နေသော တုံကင်းမှ မီးခိုးငွေ့များကို ရေခဲက သမင်လည်ပြန်ကြည့်နေသည်။

“အင်း…ငါ့ဘဝမှာကွာ…လသာအဘိုးကြီးနှစ်ယောက်ကို ကိုယ်တိုင်သတ်ရလိမ့်မယ်ဆိုတာ အိပ်မက်တောင် မမက်ဖူးဘူး..ဒါနဲ့..တိုးလှိုင်..မင်းဆီမှာ ခြောက်လုံးပြူးရှိတာ ငါမသိရပါလား”

“အေးဗျ..ခင်ဗျားကို သတ်ဖို့ ပေးလိုက်တာလေ..ကိုရေခဲ”

ရေခဲ က ပြန်လှည့်ချိန်တွင် တိုးလှိုင်၏ လက်ထဲမှ ခြောက်လုံးပြူးက သူ့နဖူးကို လာထောက်ထားတော့သည်။

ရေခဲ က သူ့ခန္ဓာကိုယ် သေးသေးကို လှေဝမ်းထဲ လျောချလိုက်ပြီး ညာခြေဖြင့် တိုးလှိုင်၏ မေးစေ့ကို ပိတ်ကန်လိုက်သည်။

တိုးလှိုင် ဟန်ချက်ပျက်ပြီး နောက်သို့ လန်သွား၏။

တိုးလှိုင်နောက်တွင် ထိုင်နေသာ စံငြိမ်း လက်ထဲတွင်လည်း နောက်ထပ် ခြောက်လုံးပြူးတစ်လက်။

ရေခဲက လှစ်ခနဲ ရေထဲသို့ ခုန်ချသွားသည်။

စံငြိမ်းက ခြောက်လုံးပြူးဖြင့် ရေပြင်ကို နှစ်ချက်ခန့် ပစ်လိုက်သည်။

“တော်တော့..စံငြိမ်း..အကိုကြီး က မှာလိုက်တယ်..မြစ်ဝမှာ ရေတပ်သင်္ဘောတွေ ရှိတတ်လို့..မထိရောက်ပဲ သေနတ်မသုံးပါနဲ့တဲ့..ဒီကောင် ရေကူးတတ်လည်း ကမ်းကအဝေးကြီးဆိုတော့ လက်ပန်းကျပြီး သေမှာပဲ”

တိုးလှိုင်က အကန်ခံလိုက်ရ‌သော သူ့မေးရိုးကို လက်ဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။

အ‌မှောင်ထုက မြစ်ပြင်ကို လွှမ်းခြုံခဲ့ပြီ။

ညသည် ပြာရီလဲ့။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၁ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>