သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂)

0
334
မာနယ်ပလောက KNLA စစ်ရုံးချုပ်ကို နော်ဒေးတောင်တန်း နောက်ခံနဲ့အတူ မြင်ရစဉ်။

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁)

အပိုင်း-၂- (မင်းသမီးခစန်းမှ မာနယ်ပလောစခန်းဆီသို့)

အခန်း-၁၂-

(၁) မာနယ်ပလောဌာနချုပ်သို့ ပထမခရီးစဉ်

KNU နယ်မြေကော်မီတီမှာ တာဝန်ထမ်းစဉ်အတွင်း မာနယ်ပလောကို ၃၊ ၄ ခေါက် ကျနော်ရောက်ဖူးခဲ့ပေမယ့် ပထမ အခေါက်ရောက်တာဟာ အရေးပေါ်ညီလာခံ မတိုင်မီလား၊ ညီလာခံပြီးမှလား ဆိုတာကိုတော့ အသေချာ မမှတ်မိတော့ပါ။

ပထမအခေါက်ဟာ ဥက္ကဋ္ဌ ကိုကျော်ကျော်၊ အတွင်းရေးမှူး ကိုခင်မောင်စိုးတို့နဲ့အတူ ကျနော် ပါသွားတာဖြစ်တဲ့အတွက် နယ်မြေကော်မီတီ ဖွဲ့ပြီးကာစမှာ သွားတာဖြစ်ဖို့များပါတယ်။ အချိန်ကာလကို အတိအကျ မမှတ်မိတော့ပေမယ့် ထူးခြားလှတဲ့ မာနယ်ပလောရဲ့ ပထဝီ အနေထားနဲ့ အခင်းအကျင်းကိုတော့ အခုထိ စိတ်ထဲမှာ မြင်နေဆဲဖြစ်ပါတယ်။

ထုံးစံအတိုင်း မဲဆောက်၊ မယ်လ၊ မက်သလေ၊ ခလေတလူကနေ မာနယ်ပလောအထိ ကားကြုံ၊ လှေကြုံ အဆင့်ဆင့်နဲ့ ရောက်လာတဲ့ ကျနော်တို့အုပ်စု မာနယ်ပုလော လှေဆိပ်ရောက်တော့ ညနေစောင်းနေပါပြီ။ ဗိုလ်မှူးစိုးစိုးအိမ်က ထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ကို ဗဟိုလှေဆိပ်၊ (ကျောင်းသားအခေါ် -ချိခဲလာပတုပ်) စစ်ဆေးရေးဂိတ်မှာပြပြီး  သူပုန်ဌာနချုပ်ဆီ ကျနော်တို့ တက်လာခဲ့ပါတယ်။

လှေဆိပ်ကနေ အပေါ်တက်တဲ့ လမ်းကြောင်း ၂ ခုရှိပြီး ကျနော်တို့ တက်လာတဲ့လမ်းမှာတော့ သစ်သားလှေကားထစ်တချို့၊ မြေလှေကားထစ်တချို့နဲ့ မညီမညာ၊ အတိုအရှည် လှေကားထစ် ၄၀ လောက် ရှိမယ်လို့ထင်ပါတယ်။

လှေကားထစ်တွေဆုံးလို့ မြေညီလွှာကိုရောက်တာနဲ့ မြက်ခင်းစိမ်းစိမ်းရှိတဲ့ မာနယ်ပလော ဘောလုံးကွင်းနဲ့ ကွင်းပတ်လည်က သစ်သားအိမ်တွေ၊ ရုံးတွေကို မြင်လိုက်ရပါတယ်။ အဲဒီရုံးတွေ၊ အိမ်တွေထဲက ပထမဆုံးတွေ့တဲ့အိမ်ဟာ ကျနော်တို့သွားချင်တဲ့ KNU အတွင်းရေးမှူးချုပ် ပဒိုဘသင်စိန် (နောက်ပိုင်း KNU ဥက္ကဌဖြစ်လာပြီး ၂၀၀၈ မှာ ကွယ်လွန်သွားသူ) ရဲ့ အိမ်ပါပဲ။ “ဟာလဲဂေး ပဒို” လို့ မိတ်ဆက်ပြီး သူအိမ်ပေါ် ကျနော်တို့ တက်သွားပါတယ်။

ကေအန်ယူအရာရှိတွေနဲ့တွေ့ရင် ကရင်လိုနှုတ်ဆက်နိုင်ဖို့ “ဝါ-နီ-ဟာ-နာ” ကို အလွတ်ကျက်ထားရပါတယ်။ မနက်ပိုင်း Good morning ကို ဝါလဲဂေး။ နေ့လည်ပိုင်း Good afternoon ကို နီလဲဂေး။ ညနေပိုင်း Good evening ကို ဟာလဲဂေးလို့ပြောပြီး ညပိုင်း Good night ကို နာလဲဂေးလို့ သုံးပါတယ်။

အဲဒါကို အလွတ်မရပဲ ဝါ-နီ-ဟာ-နာ ကို နေရာမှားသုံးပြီး ပြောင်းပြန်နှုတ်ဆက်မိရင် “ဗမာလိုပဲ ပြောပါဗျာ။ မင်္ဂလာပါလို့ ပြောရင်လည်း ရပါတယ်” လို့ အပြောခံရတတ်ပါတယ်။ တခါတရံမှာတော့ အဟားခံရတတ်ပါတယ်။ ဒါကြောင့် ဒီ ၄ ခုကိုတော့ နေရာမှား မသုံးမိအောင် ကျနော်တို့ ကျိုးဖိုးတွေ အာဂုံဆောင်ထားရပါတယ်။

နောက်တခါ ဒီလိုမျိုး အချိန်ပိုင်းခြားအလိုက် နှုတ်ဆက်နည်းတွေကို ကရင်နယ်မြေအပါဝင် နိုင်ငံတကာမှာ ကျနော်ကြုံခဲ့ရဖူးပေမယ့် ကျနော်တို့မြန်မာနိုင်ငံမှာတော့ မရှိဘူးလို့ထင်ပါတယ်။ “မင်္ဂလာပါ” လို့ နှုတ်ဆက်တာမျိုးကို ကျောင်းခန်းထဲ ဆရာမ ဝင်လာချိန်မှာ ပြောတာကလွဲရင် တခြားနေရာမှာ သုံးတာ ကျနော်တော့ သိပ်မကြားမိပါဘူး။

“နေကောင်းလား”၊ “ထမင်းစားပြီးပြီလား” စသည်ဖြင့် နှုတ်ဆက်တာက ပိုများတယ်လို့ထင်ပါတယ်။ တဆက်တည်း တင်ပြချင်တဲ့ ထူးခြားမှုကတော့ ကရင်နယ်အပါဝင် နိုင်ငံတကာမှာ ကျနော်တွေ့ဖူးသမျှ လူမျိုးတွေမှာ Family name မိသားစုအမည်တွေရှိပေမယ့် မြန်မာမှာတော့ အမည်တွေက တယောက်တမျိုးစီဖြစ်နေပြန်ပါတယ်။ အဖေအမည်နဲ့ သားသမီးအမည်တွေဟာ ဘာမှအချိတ်အဆက်မရှိပဲ သီးခြားစီ ဖြစ်နေတာကလည်း မြန်မာနိုင်ငံရဲ့ ထူးခြားမှုအဖြစ် တွေ့မိပါတယ်။

ဝါ-နီ-ဟာ-နာ နဲ့ မိသားစုအမည်ကိစ္စတွေကို စဉ်းစားရင်း ပဒိုဘသင်စိန်ရဲ့ အိမ်ပေါ် ကျနော်တို့ ရောက်သွားပါတယ်။ အတွင်းရေးမှူးချုပ်အိမ်ဆိုပေမယ့် ဘာမှထူးထူးခြားခြား အဆောင်ယောင်တွေမရှိပါ။ နောက်ပိုင်းမှ သိရတာကတော့ ဒီအိမ်တွေဟာ ရုံးနဲ့တွဲထားတဲ့အိမ်တွေသာဖြစ်ပြီး ဗိုလ်ချုပ်မြအပါဝင် KNU ထိပ်တန်းအရာရှိတွေရဲ့ မိသားစုနေအိမ်တွေဟာ မာနယ်ပလောကနေ မိနစ် ၂၀ ခန့် လှေစီးရတဲ့ ဝှေးဘောလူရွာမှာရှိတယ်လို့ သိရပါတယ်။ ကျောင်းသားတချို့ ရောက်ဖူးကြပေမယ့် ကျနော် မရောက်ဖူးလိုက်ပါ။

ပဒိုဘသင်ရဲ့အိမ်ကတော့ တခြမ်းစောင်းနေတဲ့ တောင်နံရံကို မြေမညှိဘဲ တိုင်ကို ညှိပြီးဆောက်ထားတဲ့အိမ်၊ ခြေတံရှည် ကျွန်းသစ်သားသစ်တိုင်၊ အတိုအရှည်တွေ စိုက်ထားပြီး အဲဒီပေါ်မှာ သစ်တချို့၊ ဝါးတချို့နဲ့ အသေချာ ဆောက်ထားတဲ့ ခြေတံရှည် တဲအိမ်တလုံးမျှသာဖြစ်ပါတယ်။ အမိုးက အင်ဖက်၊ အခင်းက ကျွန်းသစ်သားအကြမ်းထည်။ တခြမ်းပဲရှိတဲ့ အကာက ဝါးထရံ။ ခါးဆစ်လောက်အထိ ဝါးထရံ ကာထားတဲ့ သူ့အိပ်ခန်းတခုကလွဲရင် တအိမ်လုံးဟင်းလင်းပြင်။ အိမ်အလျားက ပေ ၃၀ လောက်ရှိပြီး အနံက ၁၅ ပေလောက်ရှိမယ်လို့ ထင်ပါတယ်။ အိမ်ရှေ့လှေကားအတက် ကွပ်ပြစ်မှာက ဧည့်ခန်း၊ အပေါ် ဆင့်မှာ သူရဲ့ရုံးခန်း၊ နောက်ကျောဘက်မှာ မီးဖိုးချောင်၊ ဒါပါပဲ။

ရုံးခန်းဆိုပေမယ့် အဲဒီကာလက ကွန်ပြူတာတွေ၊ လက်ကိုင်ဖုန်းတွေ မပေါ်သေးတဲ့အတွက် သူရဲ့အတွင်းရေးမှူးတဦးက လက်နှိပ်စက်တလုံးနဲ့ ကရင်စာ၊ အင်္ဂလိပ်စာတွေကို တဂျောက်ဂျောက်နဲ့ ရိုက်နေတုန်း။ KNU အတွင်းရေးမှူးချုပ်ရုံးက ဝန်ထမ်းဆိုပေမယ့် တကယ်တော့ ကော်သူးလေ အ.ထ.က ကနေ ဆယ်တန်းအောင်ခါစ ဖက်ဒရယ်တက္ကသိုလ်ကို တက်နေတဲ့ ကျောင်းသားလေးတဦးက စေတနာ့ဝန်ထမ်းအဖြစ် ကူညီနေတဲ့သဘောမျိုး ဖြစ်ပုံရပါတယ်။

နောက်တယောက်တော့ တိုလီမိုလီလုပ်ပေးရတဲ့ ရဲဘော်ကြီး မူးကတိ။ သူကတော့ ကျနော်တို့ကျောင်းသားတွေနဲ့ အရင်နှီးဆုံးပုဂ္ဂိုလ်ဖြစ်ပြီး နောက်ပိုင်းမှာ NCUB (အမျိုးသားကောင်စီ-မြန်မာနိုင်ငံ တပ်ပေါင်းစု) ပို့ဆောင်ရေးဌာနမှာ ဆက်လက် တာဝန်ထမ်းခဲ့ပါတယ်။ (အခုတော့ သူလည်း နော်ဝေးနိုင်ငံ ရောက်နေပါပြီ) အဲဒီညက ရဲဘော်ကြီး မူးကတိ လက်စွမ်းပြထားတဲ့ ကရင် ငရုတ်သီးထောင်း၊ တာလဘောဟင်းနဲ့ ငါးသေတ္တာသုပ်တို့ကို စားခဲ့ရတယ်လို့ မှတ်မိနေပါတယ်။

ညစာစားပြီးမှာတော့ ပဒိုဘသင်နဲ့ကျနော်တို့ ဆွေးနွေးမှုလုပ်ပါတယ်။ ပဒိုဘသင်စိန်ရဲ့ ပုံကိုတော့ ပရိတ်သတ် အတော်များများ မြင်ဖူးပြီးဖြစ်တဲ့အတွက် အထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ပါ။ ပါဝါမျက်မှန်တလက်ကို တပ်ထားပြီး အမြဲတမ်း ပြုံးရိပ်သန်းနေတဲ့ သူ့မျက်နှာဟာ သူပုန်ခေါင်းဆောင်နဲ့ သိပ်မတူဘဲ ပြည်နယ်အုပ်ချုပ်ရေးမှုးတဦးနဲ့ ပိုတူနေပါတယ်။

စကားပြောရင် လေသံပျော့ပြောင်းပြီး ဆက်ဆံရေး အတော်ကောင်းတဲ့ပုဂ္ဂိုလ်ပါ။ သူဟာ အရင်က ကျနော်တို့စခန်း အခြေစိုက်တဲ့ မင်းသမီးဒေသ မြိတ်-ထားဝယ်ခရိုင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အဲဒီကတဆင့် ဗဟိုအတွင်းရေးမှုးအဖြစ် အရွေးခံရတာလို့ သိရပါတယ်။ မြစ်ဝကျွန်းပေါ်ဇာတိ ပဒိုဘသင်ဟာ ၁၉၄၉ ကတည်းက KNU ထဲ ဝင်ခဲ့သူဖြစ်ပြီး ၁၉၈၄ မှာ အထွေထွေအတွင်းရေးမှူးအဖြစ် စတင်အရွေးခံရပါတယ်။ ကျနော်တို့တောထဲမှာရှိစဉ် ကျင်းပတဲ့ ၂၀၀၀ ခုနှစ် KNU ညီလာခံမှာတော့ သူ ဥက္ကဌဖြစ်လာပါတယ်။

———

(၂) စာသင်ခန်းထဲက ပထဝီ၊ ရုပ်ရှင်ထဲကသူပုန်နဲ့ တကယ့်အခြေနေမတူပါ

အဲဒီခေတ်က KNU ခေါင်းဆောင်များကို ဥက္ကဌ ဗိုလ်ချုပ်မြနှင့်အတူ တွေ့ရစဉ်။

သူ့အကြောင်းကို မှတ်မိနေပေမယ့် သူနဲ့ကျနော်တို့ ဆွေးနွေးတဲ့အကြောင်းရာကိုတော့ မမှတ်မိတော့ပါ။ အကြမ်းအားဖြင့်ကတော့ KNU နယ်မြေကော်မီတီကို ကေအန်ယူက တတ်နိုင်ဆုံး အကူညီပေးဖို့ တင်ပြခဲ့တယ်လို့ ထင်ပါတယ်။

နောက်တနေ့မနက်မှာတော့ သူပုန်ဌာနချုပ်စခန်းကို ကျနော်လေ့လာ ခွင့်ရခဲ့ပါတယ်။ မာနယ်ပလောစခန်းဆိုတာဟာ တောကြီးမျက်မည်းထဲက လူသူမရောက်နိုင်တဲ့ သူပုန်ဌာနချုပ်စခန်းလို့ မရောက်ဖူးသူတွေက ထင်ကောင်းထင်နိုင်ပေမယ့် တကယ်ကတော့ အဲဒီလို မဟုတ်ပါဘူး။ မြန်မာနိုင်ငံဘက်ကနေလာဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပေမဲ့ ထိုင်းဘက်ကနေ ကားလမ်း၊ လှေလမ်းတွေနဲ့ အလွယ်တကူ သွားနိုင်တဲ့နေရာဖြစ်ပြီး စစ်ရေးအရ ဗျူဟာမြောက်တဲ့ မြေအနေထားရှိပါတယ်။

နောက်ကျောဘက်မှာ သောင်ရင်းမြစ်နဲ့ ထိုင်းနိုင်ငံက တောတန်းတွေ၊ အောက်ဘက်ကို နာရီဝက်နီးပါး ဆင်းသွားမယ်ဆိုရင် သံလွင်နဲ့သောင်ရင်းမြစ်ဆုံ။ အဓိပ္ပာယ်ကတော့ နဝတ-ဘက်ကနေ ကြည်းတပ်တွေ ဒီတိုင်းတက်လာဖို့ မဖြစ်နိုင်အောင် သံလွင်က မာနယ်ပလောကို သဘာဝအရ အကာအကွယ် ပေးထားတဲ့သဘောပါ။

အပေါ်ဘက်မှာတော့ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နောတခံစစ်ကြောင်းကြီးရှိပါတယ်။ အရှေ့ဘက်မှာတော့ (နေ အဝင် အထွက်တိုင်းဆိုရင် အနောက်ဘက်လို့ ပြောသင့်ပါတယ်) မြင့်မားလှတဲ့ နော်ဒေးတောင်ကျောကြီးက ကာရံထားတဲ့အတွက် အဲဒီ တောင်ကိုကျော်ပြီး နဝတ-တပ်တွေ ရုတ်တရက် တက်လာလို့ မရနိုင်ပါဘူး။ အဲဒီတောင်တန်းကြီးနဲ့ သောင်းရင်းမြစ်ကြားက ဘောလုံးကွင်း နှစ်ကွင်းစာလောက်သာရှိတဲ့ မြေပြန့်နေရာလေးမှာ မာနယ်ပလောစခန်းကို ဆောက်ထားတာ ဖြစ်ပါတယ်။

KNU ခေါင်းဆောင်များနှင့် ABSDF ခေါင်းဆောင်အချို့ကို မာနယ်ပလောမှာ တွေ့ရစဉ်။

မြင့်မားလှတဲ့ နော်ဒေးတောင်တန်းကိုကျော်ပြီး နဝတ-ဘက်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်မယ်ဆိုရင် ကျည်ဟာ မာနာပလောရင်ပြင်ထဲ မကျဘဲ သောင်းရင်းကိုကျော်ပြီး ထိုင်းထဲကျဖို့များပါတယ်။ ၁၉၉၂ စစ်ပွဲတုန်းကဆိုရင် ကျည်အတော်များများ ထိုင်းထဲကျသွားတာက ဒီစခန်းရဲ့ ဗျုဟာမြောက်မှုကို သက်သေပြခဲ့ပါတယ်။ နောက်တခါ လေယာဉ်နဲ့ ဗုံးကျဲမယ်ဆိုရင်လည်း မြင့်မားတဲ့တောင်တန်းကြီးက ခံနေတဲ့အတွက် သိပ်မလွယ်တဲ့နေရာမျိုးပါ။ ဒါကြောင့်လည်း မာနယ်ပလောဌာနချုပ်ဆိုပြီး နာမည်ကြီးခဲ့တာဖြစ်မယ်လို့ ထင်ပါတယ်။

အဲ … ဘော်လုံးကွင်း ၂ ကွင်းစာလောက်သာရှိတဲ့ ဒီဌာနချုပ်စခန်းကနေ ထိမ်းချုပ်ထားနိုင်တဲ့ နယ်မြေတခုလုံးရဲ့ အခြေနေကို လှမ်းကြည့်လိုက်မယ်ဆိုရင် ပိုတောင် အံ့သြသွားနိုင်ပါတယ်။  အပေါ်ဘက် (မြောက်ဘက်) သံလွင်မြစ်ကြောင်း တလျှောက်ရှိ သံလွင်စခန်း၊ စောထစခန်းကနေ ကရင်နီနယ်စပ်အထိကို တပ်မဟာ ၅ နဲ့ တပ်မဟာ ၂ တို့က ထိန်းချုပ်ထားပါတယ်။ တခါ မာနယ်ပလောရဲ့ နောက်ကျောဖက်ကနေ ပဲခူးတိုင်းအရှေ့ခြမ်းနဲ့ စစ်တောင်းမြစ်ဝှမ်း ဒေသအထိ တပ်မဟာ ၁ နဲ့ ၃ တို့ က လှုပ်ရှားနေပါတယ်။

နောက်တခါ မာနယ်ပလောကနေ တောင်ဘက်ကို သောင်းရင်းမြစ်တလျှောက် ပြန်တက်လာမယ်ဆိုရင် မဲသဝေါတောင်ကို နဝတက ထိမ်းထားတာကလွဲရင် ကလက်ဒေးကနေ ဟိုး တနသာၤရီတိုင်း ကော့သောင်အနီးထိ ကျန်နယ်စပ်တကျောလုံးကို KNU က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ကလက်ဒေး၊ မယ်လ၊ ရေကျော်၊ ကော့မူရာ၊ သီဘောဘိုး၊ ဝေါလေ၊ ကျိုက်ဒုံံ၊ မက္ကသာ စသည်ဖြင့် ဘုရားသုံးဆူဒေသ မွန်ပြည်သစ်ပါတီနယ်မြေအစပ်အထိ ကေအန်ယူ တပ်မဟာ ၇ နဲ့ တပ်မဟာ ၆ တို့က ထိန်းချုပ်ထားပါတယ်။

ဘုရားသုံးဆူဒေသနဲ့ မွန်ပြည်နယ်ကိုကျော်ပြီး ရေဖြူမြို့နယ် နတ်အိမ်တောင်ဒေသကနေ ဟိုးအောက်ဆုံး ကော့သောင်အနီးက ရွာလေလူစခန်းအထိ KNU တပ်မဟာ ၄ က ထိမ်းချုပ်ထားတဲ့အတွက် KNU ထိန်းချုပ်နယ်မြေဟာ တောင်-မြောက် ရှည်မျောမျောနဲ့ အတော်ကျယ် ပြန့်တဲ့ သဘောရှိပါတယ်။

တဆက်တည်း KNU နယ်မြေကိုကျော်ပြီး တခြားဒေသတွေကို ကြည့်မယ်ဆိုရင်လည်း စောထစခန်းကနေ သံလွင်မြစ်အရှေ့ဘက်ခြမ်းတကျောလုံးနဲ့ တရုတ်နယ်စပ်တလျှောက်ကိုလည်း ကရင်နီ၊ ရှမ်း၊ ပအို့ဝ်၊ ပလောင်၊ ဝ၊ ကချင် တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ နယ်စပ်တလျှောက်လုံးကို လူမျိုးစုတော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတဲ့သဘော ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့ကျောင်းစာအုပ်ထဲမှာ သင်ခဲ့ဖူးတဲ့ ပထဝီတွေ၊ မြန်မာ့သမိုင်းတွေနဲ့ ကျနော်တို့ကိုယ်တိုင် အခု မျက်စိနဲ့အမှန်တကယ် မြင်နေရတဲ့ ပထဝီတွေ၊ သမိုင်းတွေဟာ အတော့်ကို ကွာခြားနေတာ တွေ့ရပါတယ်။

တခါ မြန်မာနိုင်ငံမှာတုန်းက မြင်နေကြ ရုပ်ရှင်တွေထဲက သူပုန်နဲ့ အခု မာနယ်ပလောဌာနချုပ်မှာ တကယ်မြင်နေ၊ တွေ့နေရတဲ့သူပုန်တွေဟာလည်း တခြားစီဖြစ်နေပြန်ပါတယ်။ ကြက်ပေါင်ကိုက်လိုက်၊ အရက်သောက်လိုက်၊ မိန်းမကိုဖက်လိုက်နဲ့ လုပ်နေတဲ့ ရုပ်ရှင်ထဲက သူပုန်မျိုး ဒီဒေသမှာ ကျနော်တော့ မတွေ့ဖူးပါဘူး။ ကျနော်တို့ ကျောင်းသားသူပုန်ဆိုရင် အခြေနေက ပိုတောင်ဆိုးပါသေးတယ်။ ကြက်ပေါင်ကိုက်ဖို့နေနေသာ ကြက်ဒူးခေါင်းရိုးကိုတောင် ကီလိုချိန်နဲ့ ဝယ်မစားနိုင်တဲ့ဘဝပါ။

ဒါတွေကို နဝတ-ဝါဒဖြန့်ချီရေးဌာနက မြသန်းစံတို့၊ တင်သန်းဦးတို့ကိုယ်တိုင် ရိပ်မိသွားလို့လားတော့ မသိပါဘူး။ ၁၉၈၉-၉၀ ဝန်းကျင်မှာ ထွက်ပေါ်ခဲ့တဲ့ “ပါပီမ” အပါဝင် ဝါဒဖြန့်ချိရေး ရုပ်ရှင်ကား အတော်များများမှာတော့ သမားရိုးကျ ဇာတ်အိမ်ပုံစံတွေကို ချက်ချင်းပြောင်းပြီး ကျောင်းသားသူပုန်တွေကို ဇာတ်လိုက်နေရာမှာတင်ရိုက်တဲ့ ကားတွေထွက်လာပါတယ်။

အရင်ကဆိုရင် သူပုန်နေရာမှာ လူကြမ်းနဲ့သာ သရုပ်ဆောင်ရမယ်လို့ နားလည်ထားရာကနေ ကျောင်းသားသူပုန်နေရာမှာ နာမည်ကြီးမင်းသားတွေ၊ မင်းသမီးတွေကိုယ်တိုင် ဝင်သရုပ်ဆောင် ရိုက်ကူးပြသခဲ့တာကို ကျနော် သတိထားမိပါတယ်။ အဲဒီမာနယ်ပလောဌာနချုပ်က ပဒိုဘသင်အိမ်မှာတောင် နဝတ ဝါဒဖြန့်ဌာနရဲ့ ရုပ်ရှင်တွေကို ကျနော်တို့ သူပုန်တွေကိုယ်တိုင် ထိုင်ကြည့်ပြီး လက်ရှိဖြစ်စဉ်နဲ့ နဝတ-ရုပ်ရှင် တခြားစီဖြစ်နေတာကို “ဟား” ခဲ့ ဖူးကြပါတယ်။

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၃) >>>>>

ထက်အောင်ကျော်