ဘန်ကောက်တွင် တံတားပေါ်က ခုန်ချအဆုံးစီရင်ရန်ကြိုးပမ်းသည့် မြန်မာလုပ်သားကို ကယ်တင်နိုင်ခဲ့

0
4544

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာလူငယ်တစ်ဦး တံတားပေါ်က ခုန်ချ၍ အဆုံးစီရင်ရန် ကြိုးပမ်းခဲ့ရာ ထိုင်းရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်ခရိုင် ဟွေ့ကွမ်ဒေသ မာန်ရတီလမ်းဆုံရှိ ဖလမ်းကောက်ခုံးကျော်တံတားပေါ်၌ လူငယ်တစ်ဦး ခုန်ချအဆုံးစီရင်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းသတင်းရရှိသဖြင့် မက်ကဆန်ရဲစခန်းမှ ရဲတပ်ဖွဲ့များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက် ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုင်းတာဝန်ရှိသူများ ရောက်သွားချိန်တွင် အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးသည် ခုံးကျော်တံတားရှိ လမ်းဘေးဘောင်ပေါ် လမ်းမီးသံတိုင်ကို ကိုင်ထားလျက် အနေအထားရှိနေကာ လွှတ်ချလိုက်သည်နှင့် ပြုတ်ကျသွားနိုင်ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားမှာ ထိုင်းဘာသာဖြင့် အားတီအမည်ရှိသူဟု ဖော်ပြထားပြီး ထိုင်းနိုင်ငံသို့ အလုပ်လာရောက် လုပ်ကိုင်ရာတွင် အလိမ်ခံလိုက်ရသဖြင့် အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

လက်ရှိတွင် နေစရာမရှိဖြစ်နေကာ မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း ငွေကြေးနှင့် ပတ်စ်ပိုစ့် မရှိသဖြင့် ခက်ခဲနေခဲ့ရာမှ ယခုကဲ့သို့ ကြံစည်မိခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားက ထိုင်းရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်ဟု ဆိုသည်။

မြန်မာအလုပ်သမားတွင် စိတ်ဆင်းရဲ၊ စိတ်ဖိစီးမှုများကို မျက်နှာတွင် မြင်တွေ့နေခဲ့ရသဖြင့် မက်ကဆန်ရဲစခန်းမှ ရဲအုပ်ကြီး နာရွန်ဒေ့ ကိုယ်တိုင် “ငါတို့က ညီအစ်ကိုတွေပါ။ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်မလုပ်ပါနဲ့။ ငါ့ကိုယုံပါ” စသော နှစ်သိမ့်စကားများနှင့် ဖြောင်းဖျပြောဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရဲအုပ်ကြီးက ယူနီးဖောင် အပေါ်အင်္ကျီကိုချွတ်ကာ အချိန်တော်တော်ကြာအောင် စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက် မြန်မာအလုပ်သမားသည် တံတားဘောင် မီးတိုင်ပေါ်မှ ဆင်းလာခဲ့ကာ ရဲအုပ်ကြီးကို ထိုင်ကန်တော့ခဲ့ကြောင်း ရေးသားထားခဲ့သည်။

ရဲအုပ်ကြီးက မြန်မာအလုပ်သမားသည် ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်စဉ်တွင် လိမ်လည်ခံရသဖြင့် စွန်ပစ်ထားခံရသကဲ့သို့ ဖြစ်နေကြောင်း ပြောဆိုခဲ့သည်ဟု ရေးသားထားသည်။

၎င်းကို ရဲစခန်းသို့ ခေါ်သွားကာ ထပ်မံနှစ်သိမ့်မှုပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန်အတွက် ထိုင်း လဝက တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားသည် မြန်မာနိုင်ငံသို့ ပြန်မပို့ခင်တွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထား မရှိသည့်အတွက် အရေးယူခံရနိုင်သေးသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။