တနင်္သာရီ မော်တုံးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

0
2849

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုံးရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၅ နာရီခွဲဝန်းကျင်မှစတင်ပြီး အနောက်မော်တုံးကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲများဖြစ်နေပြီး ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ပြောသည်။

“ဝေလီဝေလင်း ၅ နာရီလောက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ။ အခုထိလည်း လက်နက်ကြီးနဲ့ ပစ်နေကြတုန်းပဲ” ဟု အနောက်မော်တုန်းကျေးရွာအနီးရှိ ပဝကျေးရွာနေ အမျိုးသားတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီက ပြောသည်။

တနင်္သာရီမြို့သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီးနှင့် မော်တုံးရွာဝင်သည့် လမ်းဆုံတွင်အနီးတွင် စစ်ကောင်စီ အမြှောက်တပ်ရင်းရှိကာ ယင်းအနီးတွင် ဖြစ်ပွားနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အနောက်မော်တုံးရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် မော်တုန်းကျေးရွာ အရှေ့ကမ်း၊ အနောက်ကမ်းတွင် နံနက်မှ မွန်းလွဲအချိန်အထိ ဖုန်းခေါ်ဆို၍ မရဖြစ်နေကြောင်း မြိတ်မြို့နေ မော်တုံးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“အရှေ့ကမ်း၊ အနောက်ကမ်း ဖုန်းဆယ်လုံးလောက်ရှိတယ်။ တစ်လုံးလည်း ဆက်လို့မရဘူးဖြစ်နေတယ်။ ပြင်ပရောက်နေတာနဲ့ စက်ပိတ်ထားတာနဲ့ အကုန်လုံးပဲ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ မသိရှိရသေးပေ။

တနင်္သာရီမြို့နယ်အတွင်းမှာ ယခုလအတွင်း တိုက်ပွဲခပ်စိတ်စိတ်ဖြစ်ပွားနေပြီး စစ်ယာဉ်တန်း မိုင်းဆွဲခံရမှုလည်း ဖြစ်ပေါ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။