ဘုရားသုံးဆူမြို့ရှိ ရွှေဆိုင်တစ်ဆိုင် သေနတ်ပစ်ဖောက်ဓားပြတိုက်ခံရ

0
3823

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့က ရွှေဆိုင်တစ်ဆိုင်ကို လူတစ်ဦးက သေနတ်ပစ်ဖောက်ပြီး ဓါးပြတိုက်သွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့ မြို့မဈေးရှေ့က သစ်ဆန်းယဉ်ရွှေဆိုင်ကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီကျော်က မျက်နှာဖုံးအုပ်ထားပြီး ဦးထုပ်ဆောင်းထားသူတစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ထဲဝင်ကာ သေနတ် ပစ်ဖောက် ဓါးပြတိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆိုင်ပိုင်ရှင်၏သားဖြစ်သူက ဒဏ်ရာရရှိသွားကာ ငွေကျပ်သိန်း ၆၀ ခန့်လည်း ပါသွားကြောင်း ရွှေဆိုင်နှင့်နီးစပ်သည့် မြို့ခံတစ်ဦး ပြောသည်။

“ရွှေကတော့ ဆိုင်သိမ်းချိန်ဖြစ်နေတော့ ပါမသွားဘူး” ဟု ၎င်းက ဆိုသည်။

သစ်ဆန်းယဉ်ရွှေဆိုင်သည် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်အပြင် ငွေလဲသည့်လုပ်ငန်းလည်း လုပ်ဆောင်နေကြောင်း အထက်ပါ မြို့ခံက ပြောဆိုသည်။

ရွှေဆိုင် ဓါးပြတိုက်သွားသူမှာ ထွက်ပြေးလွတ်နေဆဲဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာကနေ စုံစမ်းရှာဖွေနေကြောင်း နီးစပ်သည့် မြို့ခံအချို့က ပြောသည်။

ဘုရားသုံးဆူမြို့တွင် ခိုးမှု၊ လုယက်မှုများလည်း မကြာခဏဖြစ်ပွားနေသည်ဟုလည်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။