အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4893

အခန်း(၁၉)

အေးစက်စက်သေနတ်ပြောင်းဝ ၏ အထိအတွေ့ကို ကြေးမုံ၏ နားထင်မှ ခံစားလိုက်ရသည်။

ကြေးမုံ၏ ဘယ်ဘက်လက်တို့ တဆတ်ဆတ်တုန်လာသည်။

“ကျွန်တော့်ကို ကြောက်အောင် မလုပ်ပါနဲ့လား..ဗိုလ်မှူးကြီး”

ကြေးမုံစကားကြောင့် မျက်မှန်ကြီးက ဟက်ခနဲ ရယ်လိုက်သည်။

“ကျွန်တော်က ကြောက်လာပြီဆို အဲ့ဒီအကြောက်တရားကို ဒီလောကမှာ မရှိအောင် ဖယ်ထုတ်တတ်တယ်”

မျက်မှန်ကြီးက ပစ္စတိုသေနတ်ကို ကြေးမုံရှေ့ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

“ဟုတ်ပါပြီ..လူမိုက်ကြီးရဲ့….ငါတို့ မင်းအကြောင်း ကောင်းကောင်းသိပါတယ်…မင်း မသိသေးတဲ့ မင်းအကြောင်းက အစ သိတယ်”

ကြေးမုံက မျက်မှောင်ကြုံ့လိုက်သည်။

“ငါက စီအိုင်အေမှာ ထောက်လှမ်းရေးသင်တန်းတက်ခဲ့ဖူးတယ်..ရန်သူဖြစ်လာနိုင်ချေရှိတဲ့လူတွေရဲ့ ပုံစံ ဆက်ဆံရေးမျိုးကို ကြိုတွက်ချက်နိုင်တဲ့ သံတမန်ခန့်မှန်းမှုမျိုးကို ငါသင်ခဲ့ရတယ်..မင်းကို ခေါ်လာခဲ့တဲ့ စံဘတို့နဲ့ ပတ်သက်ပြီး ငါ့စိတ်ထဲမှာ အန္တရာယ်အနံ့တစ်ခုခုရနေတယ်.. စံဘဟာငါခေါ်တဲ့ အစည်းအဝေးကို လာမတက်ပဲ ထွန်းရင်တစ်ယောက်တည်းလွှတ်လိုက်တယ်…ဒါ ငါနဲ့ သူတို့ အလုပ်အတူလုပ်ခဲ့တဲ့ သက်တမ်းမှာ ပထမဆုံးပဲ”

“အဲ့ဒါ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”

“မင်းကို သူတို့လူလို့ ငါ သတ်မှတ်ရမလား”

“ဒါကတော့ ခင်ဗျားဘက်က သတ်မှတ်တာလေ”

“ဒါမှမဟုတ်..မင်း ကို ငါ့လူလို့ သတ်မှတ်ရမလား”

“ကျွန်တော်က ကျွန်တော်ပဲ..ဘယ်သူ့လူမှမဟုတ်ဘူး..အခုလုပ်နေသမျှအားလုံးဟာလည်း ကျွန်တော့်အတွက် ကျွန်တော်လုပ်နေတာ..”

“ငါမင်းကို ဇာတ်လမ်းတစ်ပုဒ်ပြောပြလိုက်ရင်…မင်းက ငါ့လူဖြစ်လာပါလိမ့်မယ်”

မျက်မှန်ကြီးက ထသွား၏။

ထို့နောက် ဘီဒိုတစ်ခုပေါ်တွင် တင်ထားသည့် ဖိုင်တွဲတစ်ခုအား ယူလိုက်သည်။

“ရော့…ဒါ ၁၉၅၄ ခုနှစ် သြဂုတ်လ ၅ ရက်က လမ်းမတော် ပင်သောင်ဆိုင်အပေါ်ထပ်မှာ ဖြစ်ခဲ့တဲ့ လူသတ်မှုဖိုင်တွဲပဲ”

“အဲ့ဒါ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”

“မင်း ဖတ်ကြည့်ပါဦး”

ကြေးမုံက ဖိုင်ကို ဆွဲယူပြီး လှန်ကြည့်လိုက်သည်။

“အကိုကြီးကိုစံဘ သတ်လိုက်တာပဲ..အဲ့ဒါ ဘာဖြစ်လို့လဲ”

“အေး..သတ်ခံလိုက်ရတဲ့ မြကျင် ဆိုတာ မင်းအဖေ ပဲ”

ကြေးမုံက ဖိုင်ကို ရှေ့သို့ ပစ်ချလိုက်သည်။

“ကျွန်တော့် မှာ အဖေမရှိဘူး”

“အဖေရှိရှိ မရှိရှိ အဲ့ဒါ မင်းအဖေ ဆိုတာ မင်းလက်ခံရမယ်..ကြေးမုံ..မင်းအဖေကို စံဘသတ်ခဲ့တာပဲ.. မင်းသူ့ကို လက်စားချေဖို့က ဒီအချိန်က အချိန်ကောင်းပဲ..မင်းသာ ငါနဲ့ အပြည့်အဝပူးပေါင်းမယ်ဆို မင်းအတွက် တချက်ခုတ် နှစ်ချက်ပြတ်ပဲ..ကြေးမုံ… “အမှောင်ထဲက မင်းသားများ” ရဲ့ ပလ္လင်ဟာ မင်းအတွက်ပဲဖြစ်ရမယ်….ဒါကလည်း မင်းရဲ့ ဘိသိက်ပွဲအတွက် ငါ့ရဲ့ အကြိုလက်ဆောင်ဖြစ်လာမယ်”

မျက်မှန်ကြီးက ပစ္စတို သေနတ်ကို ကြေးမုံရှေ့သို့ တွန်းပေးလိုက်သည်။

“ဒီသေနတ်နဲ့ ပတ်သက်လို့လည်း အထူးကိုင်ဆောင်ခွင့်လက်မှတ်ထုတ်ပေးဖို့ ငါ့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိတယ်.. ကြေးမုံ..ဘယ်လိုလဲ”

ကြေးမုံက ပစ္စတိုကို ကိုင်ကြည့်လိုက်သည်။

“ကျည်ဆံကရော”

မျက်မှန်ကြီးက ထသွားပြီး ဘီဒိုထဲမှ ကျည်ဆံဗူးတစ်ဗူးကို ထုတ်လာသည်။

“မက္ကဇင်း(ကျည်ကဒ်)အပိုနှစ်ခုလည်း ငါပေးလိုက်ပါ့မယ်”

………………………………..

ကြေးမုံ အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။

မြိုင်က သနပ်ခါးအဖွေးသား။ သို့သော်မျက်နှာ မကောင်း။

“အမေရော”

“အခန်းထဲမှာ အကို”

ကြေးမုံက မမြင့်ဝင်း အခန်းရှိရာ အပေါ်ထပ်သို့ တက်ရန်ပြင်လိုက်သည်။

“အကို..အမေ ဒီနေ့ စိတ်ညစ်နေတယ်…နားပါစေလား”

“အမေ ဘာဖြစ်လို့လဲ…မြိုင်”

“ဒီနေ့ ရပ်ကွက်ကောင်စီက စာရေးစိုးဝင်း အိမ်ကို လာသွားတယ်….ဒီမှာ မှောင်ခိုကုန်တွေရောင်းတာကို သူတို့ရုံးကို တစ်လတစ်ဆယ်ပေးရမယ်တဲ့..အမေက ငါးကျပ်ပဲ ပေးလို့မရဘူးလားလို့ပြောတယ်…သူတို့ စကားများကြတယ်.. အမေ့ကို ဖာသည်မက မှောင်ခိုလုပ်ပြီး လူပါးလာဝနေတယ်လို့ အိမ်ရှေ့က အော်ကြီးဟစ်ကျယ်ဆဲသွားတယ်..အကို”

“စိုးဝင်းနော်”

“ဟုတ်တယ်..အကို”

“ရော့..ဒါတွေကို အကို့ ခေါင်းရင်းက သေတ္တာထဲ သေချာသိမ်းလိုက်..မြိုင်”

ကြေးမုံက မျက်မှန်ကြီးပေးလိုက်သော ကျည်ဗူးနှင့် ကျည်ကဒ်နှစ်ခုကိုပါသော အထုတ်ကို မြိုင့်ထံ ကမ်းလိုက်၏။

“အကိုက ဘယ်သွားမလို့လဲ”

“ကိစ္စရှိလို့ပါ…ခဏ နေပြန်လာခဲ့မယ်..အမေ့ကို ဧည့်ခန်းထဲ ခေါ်ပြီး ထိုင်ခိုင်းထားလိုက်”

ကြေးမုံက အိမ်ရှေ့တွင် ရပ်ထားသော ကားပေါ်ပြန်တက်သွားပြီး ကားစက်နှိုးလိုက်သည်။

နာရီဝက်ခန့်အကြာတွင် အိမ်ရှေ့မှ ကားစက်သံကြားလိုက်ရ၏။

မြိုင်က တံခါးထဖွင့်ပေးလိုက်သည်။

“ကျွန်တော် ဖာသည်မသား စိုးဝင်းပါခင်ဗျာ…ကျွန်တော့်အမေက ဖာသည်မပါခင်ဗျာ”

ရုတ်တရက်ထွက်လာသော အသံကြောင့် မြိုင်လန့်သွားသည်။

မမြင့်ဝင်းပင် ထလာ၏။

အမှောင်ထဲတွင် လမ်းမပေါ်မှ လူတစ်ဦးက သူတို့အိမ်ထဲသို့ လေးဘက်တွားသွားလျက် ဝင်လာသည်ကို မြင်လိုက်ရသည်။

အနောက်တွင် ကြေးမုံက မတ်တပ်ရပ်လျက်။

မြိုင်ရော ကြေးမုံ၏မိခင် မမြင့်ဝင်းပါ ကြက်သေသေနေကြသည်။

“ဟေ့ကောင်..အိမ်ဝမှာ ဖိနပ်ချွတ်စမ်း”

စိုးဝင်းက လေးဘက်တွားသွားနေရာမှ ဖိနပ်ကိုချွတ်သည်။

“အမေ နဲ့ မြိုင် ထိုင်ခုံမှာ ထိုင်နေ”

မမြင့်ဝင်းနှင့် မြိုင်တို့ ဧည့်ခန်းထိုင်ခုံတွင် ထိုင်လိုက်ကြသည်။

စိုးဝင်းက အိမ်ဧည့်ခန်းထဲသို့ လေးဘက်ကုန်းဝင်လာသည်။

ကြေးမုံက ဖင်ကို အားဖြင့် စောင့်ကန်လိုက်သဖြင့် ရှေ့သို့ မှောက်လျားလဲသွားသည်။

“အော်စမ်း..ဟေ့ကောင်”

“ကျွန်တော် ဖာသည်မသားစိုးဝင်းပါ..အန်တီမမြင့်ဝင်းကို စော်ကားမိတာရှိရင် တောင်းပန်ပါတယ်..တောင်းပန်ပါတယ်ခင်ဗျာ”

မမြင့်ဝင်းက စိုးဝင်းကို ဒေါသထွက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“အန်တီရယ်..ကျွန်တော်မှားပါတယ်ခင်‌ဗျာ….တောင်းပန်ပါတယ်..ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ..အီး ဟီး ဟီး”

စိုးဝင်း၏ မျက်လုံးတစ်လုံးကား ညိုမဲပြီး ပိတ်လုနီးပါးဖြစ်နေသည်။ မျက်နှာတွင်လည်း ကန့်လန်ဖြတ်အစင်းကြောင်းတစ်ခုက သွေးတစိမ့်စိမ့်ကျလျက်။

“အမေ….ကျေနပ်လား..အမေ”

မမြင့်ဝင်းက အောင်မြင်သူအပြုံးနှင့် ပြုံးပြသည်။

“ဟေ့ကောင်..မင်းပြန်လို့ရပြီ..နောက်ကို ငါ့မိသားစုကို ဘယ်တော့မှ လာမစော်ကားမိစေနဲ့…ဒီကနေ လမ်းထိပ်အထိ ‌လေးဖက်ထောက်သွားနော်..ဟိတ်ကောင်..ငါ ကားနဲ့ နောက်ကလိုက်ကြည့်နေမှာ…မတ်တပ်ထရပ်လို့ကတော့ ကြိတ်သတ်ပြီသာမှတ်..”

စိုးဝင်းက မမြင့်ဝင်း၏ ခြေဖဝါးကို ထိလုနီးပါး ဦးညွှတ်လျက် အပြင်သို့ လေးဘက်ထောက်လျက်ထွက်သွားသည်။

မမြင့်ဝင်း က ကြေးမုံကို ကြည့်ကာ ပြုံးနေသည်။

“အမေ့ဘဝမှာ ဒီတခါတော့ အလုံခြုံဆုံးလို့ ခံစားမိတာပဲ…သား”

ကြေးမုံက မမြင့်ဝင်း၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။

“အမေ…ကျွန်တော် မေးစရာရှိလို့”

“ဘာလဲ..သား”

“ကျွန်တော့် အဖေက ဘယ်သူလဲ”

မမြင့်ဝင်းက ကြေးမုံကို ကြည့်နေရာမှ မျက်နှာလွှဲသွားသည်။

“ဦးမြကျင် ဆိုတာ”

မမြင့်ဝင်း ဆတ်ခနဲ ဖြစ်သွားသည်။

“အဲ့ဒီ နာမည်ကို အမေ့ရှေ့မှာ ဘယ်တော့မှ မပြောနဲ့သား”

ကြေးမုံက ခေါင်းကို ညိမ့်လိုက်သည်။

“ကျွန်တော် သိသင့်ပြီ..ထင်တယ်..အမေ”

“ဟုတ်တယ်..မင်းကို သူနဲ့ ရခဲ့တာပဲ”

ကြေးမုံက သက်ပြင်းချသည်။

“ဒါပေမယ့်…..သူ့က အမေ့ယောက်ျားမဟုတ်ဘူးသား….ပြီးတော့ မင်းအဖေလို့လည်း သူ့ကို အမေ မသတ်မှတ်ခဲ့ဘူး….အဲ့ဒီတုန်းက ရန်ကုန်လမ်းမတော်မှာ သူက နာမည်ကြီးလူမိုက်ပေါ့..အမေက မော်ကျွန်းကပါ .သူ့အမ မလှကျင် အိမ်မှာ အမေကို အိမ်ဖော်လုပ်ဖို့ အမေ့အဖေက ငွေတစ်ရာနဲ့ ထားခဲ့တယ်..အမေ အပျိုဖော်ဝင်စမှာပဲ…မြကျင်ဟာ အမေ့ကို အကြိမ်ကြိမ်မုဒိန်းကျင့်တယ်..သားကို အမေ ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာတော့ ကိုယ်ဝန်ဖျက်ချဖို့ မလှကျင်က စီစဥ်တယ်..အမေလည်း ကြောက်တာနဲ့ ခြေဦးတည်ရာထွက်ပြေးတယ်..ကြည့်မြင်တိုင်ကမ်းနားက လှေဆိပ်ဘက်သွားပြီး ရွာပြန်ပြေးမလို့ ရောင်ချာချာဖြစ်နေတုန်း မပုနဲ့ တွေ့တာပဲ..မပုက အမေ့ကို မင်းကို မွေးတဲ့အထိ ကူညီပေးခဲ့တယ်..မင်းကိုလည်း မွေးပြီးရော..မပုက.အမေ့ကို…..”

“တော်ပြီ…အမေ..ဆက်မပြောနဲ့တော့”

“မင်း မြကျင်နာမည်ကို ဘယ်လို သိလာတာလဲ..သား”

“စိတ်မပူပါနဲ့..အမေ..အဲ့ဒီလူယုတ်မာကို ကျွန်တော့်အဖေအဖြစ်လည်း မသတ်မှတ်ပါဘူး..ထားလိုက်ပါ..အမေကြုံခဲ့ရသမျှ အားလုံး မေ့ပစ်လိုက်ပါ..အမေ”

ကြေးမုံက မိခင်ဖြစ်သူ၏ လက်ကို ကိုင်ကာ နှစ်သိမ့်လိုက်သည်။

“မင်းရဲ့ ဂျီးတော်ပုကိုတော့ ဗွေမယူပါနဲ့သား…အမေတို့သားအမိမှာ သူ့ကျေးဇူးတွေလည်းရှိသေးတယ်”

“အင်း..ဟုတ်ပါပြီ..အမေ”

………………………………..

ကြံတောသုဿာန်အရှေ့ဘက်ခြမ်းတွင်ရှိသော နှာနီ ၏ အိမ်ရှေ့သို့ ကြေးမုံ၏ ကား ထိုးရပ်လာသည်။

“ဧရာရှိလား”

“အထဲမှာ..ကိုကြေး”

နှာနီထံတွင် အလုပ်လုပ်သည့် တစ်ယောက်က ပြန်ဖြေသည်။

“ဖြောင်း”

ကြေးမုံက လက်ဖြင့် ရိုက်ထုတ်လိုက်သဖြင့် ဧရာလက်ထဲမှ ဆေးခြောက်ပြောင်းမှာ အခန်းထောင့်သို့ လွင့်ထွက်သွားသည်။

မီးစများက ကြမ်းပြင်တွင် ရဲခနဲ ပြန့်ကြဲထွက်သွား၏။

ဘေးနားရှိ ထိုင်ခုံတွင် ထိုင်နေသာ နှာနီက ကြေးမုံကို ရီဝေသောမျက်လုံးများဖြင့် အထိတ်တလန့်ကြည့်လိုက်သည်။

“လန့်လိုက်တာ..မောင်ကြေးရာ”

“မင်း တနေ့ တနေ့ ဒါပဲ ရှုနေတော့မှာလား..ဟေ့ကောင်”

“ကိုယ်ဖြန့်တဲ့ ပစ္စည်း ကောင်းမကောင်း စမ်းကြည့်နေတာပါဟ”

“မင်း ဒီစောက်သင်္ချိုင်းကုန်းထဲမှာပဲ ပျော်နေတယ်..အပြင်မှာ ဘာတွေဖြစ်နေလဲ…မင်းသိလား”

“ဘာဖြစ်လို့လဲ..ကြေးမုံ”

“ပန်းဆိုးတန်းမှာ ဘာတွေဖြစ်နေပြီလဲ..မင်းသိလား”

“ငါမသိဘူး..သိစရာလည်းမလိုဘူး”

“ဒီမှာ ဧရာ…ငါတို့ ကျော်ဝင်းကြီးရော..မိုးကျော်ကိုပါ ရှင်းထုတ်ပြီးပြီ..တကယ်ဆို ပန်းဆိုးတန်းက မင်းအပိုင်ဖြစ်နေရမှာလေကွာ”

ဧရာက ရယ်လိုက်သည်။

“ဘာ..ငါ့အပိုင်ဟုတ်လား…ဟားဟား….မင်းပဲ အဘိုးကြီးတွေနဲ့ ပလဲနံပသင့်နေတာလေကွာ..မင်းကိုပဲ နေရာတွေလုပ်ပိုင်ခွင့်တွေ ပေးထားတာလေကွာ..ငါက အပိုလူလေ..ငါကစောက်ပေါလေကွာ.. ပန်းဆိုးတန်းတွေ ဘာတွေက…ငါနဲ့ ဘာဆိုင်တုန်း”

ကြေးမုံက ဧရာ၏ အင်္ကျီကော်လံစကို စောင့်ဆွဲလိုက်သည်။

“ငါ့အလုပ်နဲ့ ငါမအားဘူး..ဧရာ..တကယ်ဆို ပန်းဆိုးတန်းလို နေရာက မင်းနေရာဝင်ယူရင် အလွယ်လေးပါ..မင်းလိုချင်တယ်ဆို အဘိုးကြီးတွေက ခွင့်ပြုမှာလေကွာ”

“ငကြေး…ခဏကွာ..လာ”

နှာနီက ကြေးမုံကို မျက်ရိပ်ပြပြီး အပြင်သို့ ခေါ်ထုတ်သည်။

အိမ်ပြင်သို့ ထွက်လာကြသည်။

“ငကြေး…ဧရာဟာ ဘယ်တော့မှ အပိုင်စားလူမိုက်ဖြစ်လာမှမဟုတ်ဘူးကွ..အဲ့ဒါ သူကိုယ်တိုင်သိတယ်…မင်းကသာ မသိတာ”

“ဘာဖြစ်လို့လဲဗျ..ဘာလို့ မဖြစ်ရမှာလဲ”

“ငါတို့လောကမှာ စည်း ဆိုတာ ရှိတယ်…ကြီးကြီးကျယ်ကျယ်ပြောရရင် ကျင့်ဝတ်ပေါ့ကွာ… အပိုင်စားလုပ်တော့မယ်ဆို အချင်းချင်းထားတဲ့ ကျင့်ဝတ်ပေါ်မူတည်ပြီး လေးစားမှုဆိုတာ ဖြစ်လာတာကွ”

“အခု…ဧရာက ဘာဖြစ်နေလို့လဲ”

“သူယူထားတာ ဘယ်သူ့မိန်းမလဲ….မင်းအသိဆုံးလေကွာ”

နှာနီ စကားကြောင့် ကြေးမုံ တွေခနဲဖြစ်သွားသည်။

“ပန်းဆိုးတန်းကို ထိပ်သီးနေရာကို စိုးမိုးဖို့ဆိုတာ…အဲ့ဒီအချက်တွေက စကားပြောသွားတယ်..မောင်ကြေး.. မင်းနဲ့ ဧရာဟာ အနေအထားချင်းမတူဘူး..သူက ကျော်ဝင်းမိန်းမကို ခိုးယူခဲ့တဲ့ကောင်..မင်းက ကျော်ဝင်းကြီးကို သတ်ခဲ့တဲ့ကောင်..သြဇာအာဏာချင်းမတူဘူးကွာ…မင်း မှောင်ခိုကိစ္စတွေနဲ့ ခရီးသွားနေချိန် ဧရာကပန်းဆိုးတန်းကို ခြေကုပ်ယူဖို့ ကြိုးစားခဲ့သေးတယ်…. ဒါပေမယ့် ဧရာ ဘယ်လောက်မိုက်မိုက် သတ္တိရှိရှိ သူဖောက်ခဲ့တဲ့စည်းကြောင့် သူ့သြဇာကို ဘယ်လိုမှ တည်ဆောက်လို့မရဘူးကွ….သူ အဲ့ဒါကို ခံစားနေရတယ်..ဒါကြောင့် ငါတို့နဲ့ သင်္ချိုင်းထဲမှာပဲ အရင်လုပ်လက်စ အလုပ်တွေလာပြန်လုပ်နေတာ..မင်းသူ့ကို နားလည်ပေးသင့်တယ်ကွာ”

ကြေးမုံက ခေါင်းညိတ်သည်။ သက်ပြင်းချသည်။

ထို့နောက် အိမ်တွင်းသို့ ပြန်ဝင်သွား၏။

အိမ်တွင်းတွင် ဧရာက ငူငူကြီး ထိုင်နေသည်။ ဆေးခြောက်အခိုးအငွေ့များက မပြယ်ပျောက်သေး။

ကြေးမုံက ဧရာ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ဆောရီး…သူငယ်ချင်း…ငါ မင်းကို အရမ်းစိုးရိမ်သွားလို့ပါ”

ဧရာက ခေါင်းညိတ်သည်။

“မမဝင်း နဲ့ ကလေးရော..နေကောင်းရဲ့လား”

“အေး..ကောင်းပါတယ်”

“အခု မင်းတို့ ကိုစံဘ အိမ်မှာပဲ နေတာမဟုတ်လား”

“ဟုတ်တယ်”

“အဲ့ဒီမှာ မနေနဲ့တော့..သူငယ်ချင်း”

“ဘာဖြစ်လို့လဲကွ”

“အခု ရန်ကုန်မှာ အရှုပ်အထွေးကြီးတစ်ခု ဖြစ်တော့မယ်…ရေခဲကို ရှင်းထုတ်ဖို့ ထောက်လှမ်းရေးက လုပ်နေကြပြီ.. ပြီးတော့….လသာအဘိုးကြီးနှစ်ယောက်ကိုလည်း ထောက်လှမ်းရေးက တနည်းနည်းနဲ့ ရှင်းတော့မယ်..မင်းက သူတို့ပိုင်တဲ့ အိမ်မှာနေနေတယ်ဆိုတော့ သူတို့အရှုပ်ထဲ အချိန်မရွေး ကြားညပ်သွားနိုင်တယ်..ဧရာ”

“ဒါဆို ငါတို့က ဘယ်မှာသွားနေရမှာလဲ..မင်းလို ငါက အိမ်ပိုင်ရာပိုင်မဟုတ်ဘူး..ငကြေး..ငါမင်းလို သူဌေးမဟုတ်ဘူး”

ကြေးမုံက ဧရာ၏ ပုခုံးကို ဖက်လိုက်သည်။

“ဘာတွေ လာပြောနေတာလဲ..သူငယ်ချင်း..ငါ့အိမ်က မင်းအိမ်ပဲလေကွာ…မင်းနဲ့ငါက ညီအစ်ကိုတွေလေ..ငါ့အိမ်မှာ နေပေါ့ကွ…အောက်ထပ်မှာ အခန်းနှစ်ခန်းတောင်လွတ်သေးတယ်. .အေးဆေးပဲ.. သူငယ်ချင်း..ငါ့အိမ်ပြောင်းလာခဲ့ပါကွာ”

ဧရာက ခေါင်းခါသည်။

“ခေါင်းမခါနဲ့ ဟေ့ကောင်..အချိန်မရှိတော့ဘူး..မင်းက အကြောင်းမဟုတ်ဘူး..မမဝင်းနဲ့ မင်းသား က အရေးကြီးတယ်..သူတို့.ငါ့အိမ်မှာနေတာ လုံခြုံတယ်..နောက်ပြီး…ငါအလုပ်အတွက် မော်လမြိုင်မှာ ခဏသွားနေရမယ်…မင်းကို လိုက်ခဲ့စေချင်တယ်”

ဧရာ ခေါင်းညိတ်လိုက်သည်။

………………………………..

နှစ်သစ်သို့ ကူးခဲ့ပြီ။ ၁၉၇၀ ခုနှစ်။

၁၉၆၂ ခုနှစ် ဧပြီလကတည်းက အမြုတေပါတီအဖြစ် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကို၁၉၇၀ တွင် ပြည်သူ့ပါတီအဖြစ်သို့ စတင်ပြောင်းလဲခဲ့သည်။

ပါတီစည်းရုံးရေးအနေဖြင့် တစ်နိုင်ငံလုံးရှိ ကျောင်းများမှ မူလတန်းကျောင်းသားများကို တေဇလူငယ်၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအား “ရှေ့ဆောင်လူငယ်”၊ တက္ကသိုလ်ကျောင်းသားများအား လမ်းစဥ်ပါတီ၏ လူငယ်အစည်းအရုံးဖြစ်သော “လမ်းစဥ်လူငယ်” အဖြစ် ဖွဲ့စည်းရေးဆောင်ရွက်ခဲ့သည်။

အလုပ်သမား၊ လယ်သမားများကိုလည်း “တောင်သူလယ်သမားအစည်းအရုံး၊ အလုပ်သမားအစည်းအရုံး” စသဖြင့် အမည်တပ်ကာ လမ်းစဥ်ပါတီ၏ ကွပ်ကဲမှုအောက်သို့ ဆွဲသွင်းခဲ့သည်။

ဗဟိုနိုင်ငံရေးသိပ္ပံကျောင်း၊ ဖောင်ကြီးဗဟိုပြည်သူ့ဝန်ထမ်းလေ့ကျင့်ရေးကျောင်း စသည်တို့ကို ဖွင့်လှစ်ကာ အစိုးရဝန်ထမ်းများအား နိုင်ငံရေးသဘောတရားများ မတက်မနေရ ပို့ချသည်။

အာဏာသိမ်းစစ်အစိုးရအဖြစ်မှ တစ်ပါတီအာဏာရှင်အစိုးရအဖြစ်သို့လည်းကောင်း၊ဗိုလ်ချုပ်ကြီးနေဝင်းအဖြစ်မှ သမ္မတကြီးဦးနေဝင်းအဖြစ်သို့လည်းကောင်း ပြောင်းလဲရန် လမ်းကြောင်းကို စတင်ဖော်ဆောင်လာသည်။

တိုင်းပြည်စီးပွားရေးကား ပိုမိုချွတ်ခြုံကျလာသည်။ မှောင်ခိုစျေးကွက်က ပိုမိုကြီးထွားလာသည်။

ထိုအခြေအနေတွင် စစ်ဗိုလ်အများစုကြီးစိုးထားသော စီးပွားရေးစနစ်၏ အမှားများကို လျစ်လျှူရှုကာ အကျင့်ပျက်ချစားမှုများအပေါ် ပုံချခဲ့သည်။

“စီးပွားရေးသောင်းကျန်းမှုနှိမ်နင်းရေးကော်မတီ” ဟု ဖွဲ့စည်းကာ ပြင်ပစီးပွားရေးသမားများ၊ လက်ကျန်ဖက်စပ်ကုမ္ပဏီများနှင့် ဆက်စပ်လုပ်ကိုင်နေကြသော အစိုးရဝန်ကြီးဌာနများ၊ ကော်မတီများမှ အထက်လူကြီးအဆင့်ဆင့်နှင့် စာရေးစာချီအထိ စောင့်ကြည်ခဲ့ကြသည်။

သို့သော်ငြား အကျင့်ပျက်ချစားမှုများကို အဓိကလုပ်နေကြသူများမှာလည်း တော်လှန်ရေးကောင်စီဝင်များနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကဒေါများဖြစ်သော အငြိမ်းစားစစ်အရာရှိများဖြစ်နေကြသည့်အတွက် သူတို့ကို တရားဥပဒေအရ အရေးယူရန်လည်း အကြပ်အတည်းများ ကြုံတွေ့နေရသည်။

၁၉၇၀ ဇန်နဝါရီလ ၁၁ ရက်။

စစ်ရုံးတွင် အ‌ရေးပေါ်ပြုလုပ်သည့် “စီးပွားရေးသောင်းကျန်းမှုနှိမ်နင်းရေးကော်မတီ” အစည်းအဝေးသည် ည ၈ နာရီတွင် ပြီးဆုံးသည်။

ကော်မတီဝင် စစ်ထောက်လှမ်းရေးမှ မျက်မှန်ကြီး စီးလေ့ရှိသည့် မာစီဒီကားအနက်ရောင်သည် ကမ္ဘာအေးဘုရားလမ်းအတိုင်း ရန်ကင်းဘက်ဆီသို့ ဦးတည်ထွက်လာသည်။

အင်းလျားကန်ဘောင်အနီး ကန်ဘဲ့လမ်းဆုံအရောက်တွင် အရှိန်ဖြင့် ဝင်လာသော လော်ရီကားတစ်စီးမှ မျက်မှန်ကြီး၏ မာစီဒီးကားအား အရှိန်နှင့် ဝင်တိုက်ခဲ့သည်။

ကားမှာ အင်းလျားကန်ဘောင်ဘေးသို့ လွင့်စင်ထွက်သွားပြီး ကားမောင်းသူ ပွဲချင်းပြီး သေဆုံးခဲ့သည်။

လော်ရီကားမောင်သူမှာ အခြေအနေကို ဆင်းအကဲခတ်ပြီးနောက် လမ်းထောင့်တွင် အသင့်စောင့်နေသော ကားတစ်စီးပေါ် တက်ကာ မောင်းထွက်သွားတော့၏။

သူတို့အား မာစီဒီးကား၏ အနောက်ဖက်မလှမ်းမကမ်းမှ လိုက်လာသော ချက်ဗလက်ကားအပြာရောင် ပေါ်တွင် အခြေအနေကို အကဲခတ်နေသော မျက်မှန်ကြီးနှင့် သူ၏ကိုယ်ရေးအရာရှိဗိုလ်ကြီးကို သူတို့ သတိမထားမိကြ။

မကြာမီ မျက်မှန်ကြီးတို့စီးနင်းလာသော ချက်ဗလက်ကားက စစ်ရုံးဘက်သို့ ပြန်ကွေ့သွားသည်။

လေးဆယ့်ငါးမိနစ်ခန့်အကြာတွင် မျက်မှန်ကြီး၏ ရုံးခန်းထဲသို့ ကိုယ်ရေးအရာရှိဝင်လာသည်။

“ကားက လသာဘက်က အိမ်တစ်အိမ်မှာ ဂိတ်ဆုံးပါတယ်..ကာနယ်ကြီးခင်ဗျာ”

မျက်မှန်ကြီးက ဖန်ခွက်ထဲမှ ဝီစကီကို ခပ်မျှင်းမျှင်းစုပ်ပြီး ပြုံးလိုက်သည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၂၀ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>