သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁)

0
3399
ABSDF- လက်မောင်းတံဆိပ် နမူနာများ

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၀)

အပိုင်း-၂- (မင်းသမီးစခန်းမှ မာနယ်ပလောစခန်းဆီသို့)

အခန်း-၁၁-

(၁) တပ်ရင်းနံပါတ်များ သတ်မှတ်ခြင်း

ညီလာခံအတွင်းဆွေးနွေးတဲ့ နောက်ထပ်အရေးကြီးတဲ့အချက်တခုကတော့ ABSDFစခန်းတွေအတွက် တပ်ရင်းနံပါတ်တွေ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ကျောင်းသားတွေရောက်နေတဲ့ လူမျိုးစုလက်နက်ကိုင်နယ်မြေအလိုက် တပ်ရင်း နံပါတ်တွေကို သတ်မှတ်လိုက်ပြီး မွန်နယ်မြေ အတွက် အမှတ် ၁ နဲ့ စဖို့။ ကရင်နယ်မြေကို အမှတ်၂။ ကရင်နီနယ်ကို အမှတ် ၃။ ရှမ်း၊ ရလလဖ၊ ပအို့ ၊ ပလောင်နယ်တွေကို အမှတ် ၄။ ၅။ ၆။ ၈။ ကချင် နယ်ကို အမှတ် ၇။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အမှတ် ၉ နဲ့ စဖို့ သတ်မှတ်လိုက်ပါတယ်။

အဲဒီသတ်မှတ်ချက်တွေအရ မွန်ပြည်သစ်နယ်မြေ ဘုရားသုံးဆူဒေသမှာ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း တွေပေါ်လာပါတယ်။ KNUနယ်မြေ ဘိတ်(မြိတ်) ဒေသရှိ မောတောင်စခန်းမှာ ၂၀၃။ ထားဝယ်ဒေသ မင်းသမီးမှာ ၂၀၁။ သီဘောဘိုးမှာ ၂၀၄။၂၀၅။၂၀၆ တပ်ရင်းများ။ ရေကျော်မှာ၂၀၇။ သံလွင်မှာ၂၀၈ နဲ့ ၂၀၉။ စောထမှာ ၂၁၀။ ဝမ်ခမှာ ၂၁၁ စသဖြင့် ပေါ်လာပါတယ်။

ကရင်နီဒေသ ဟွေစေတီစခန်း မှာ ၃၀၃ တပ်ရင်း ပေါ်လာပါတယ်။ ပလောင်နယ်မြေမှာ ၅၀၁။ ပအို့နယ်မြေမှာ ၆၀၁။ ရလလဖ နယ်မြေမှာ ၈၀၁ တပ်ရင်းတွေ ပေါ်လာပါတယ်။ ကချင်နယ်မြေကိုတော့ မြောက်ပိုင်းအဖြစ် သီးခြားသတ်မှတ်ပြီး ၇၀၁ တပ်ရင်းတွေပေါ်လာပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှာ ၉၀၁ တပ်ရင်းတွေ ပေါ်လာပါတယ်။

ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ၊ ငြင်းခုံမှုတွေပြီးတဲ့နောက်မှာတော့ ဗဟိုကော်မတီ ရွေးချယ်တဲ့နေ့ဆီ ရောက်လာပါတယ်။ ကျနော်မှတ်မိသလောက် (မှတ်မိသမျှရေးထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရင်းရနိုင်ဖို့ ABSDF ဗဟိုသုတေသနဌာနဆီ တောင်းခံ ထားပေမယ့် အခုထိမရသေးပါ။ လူစာရင်း အမှားအယွင်းရှိပါက တောင်းပန်အပ်ပါတယ်)။

အရေးပေါ်ညီလာခံကနေ ရွေးချယ်လိုက်တဲ့ ဗဟိုကော်မတီ စာရင်းကတော့ ဥက္ကဌ အဖြစ် မူလ ဥက္ကဌ ကိုထွန်းအောင်ကျော်။ ဒု ဥက္ကဌတွေအဖြစ် ဘုရားသုံးဆူ ဘက်ကလာတဲ့ ဒေါက်တာ နိုင်အောင်(စီမံ)နဲ့ ကော့မူးရာမှ ဦးယုနွယ်(စစ်ရေး) တို့ ဖြစ်ပါတယ်။ အထွေထွေ အတွင်းရေးမှူးအဖြစ် မူလအတွင်းရေးမှူး ကိုသန်းဝင်း။ တွဲဖက်အတွင်းရေးမှူး ၁ အဖြစ် ဟွေစေတီစခန်း(ကရင်နီ) ဘက်ကလာတဲ့ စိုင်းဆိုင်ခေး။ တွဲဖက်အတွင်းရေးမှုး ၂ အဖြစ် ဘုရားသုံးဆူဘက်ကလာတဲ့ ကိုတင်စိုးနောင် တို့ ဖြစ်လာပါတယ်။

ဗဟိုဦးစီး ကော်မတီဝင်တွေအဖြစ်တော့ မူလစည်းရုံးရေးတာဝန်ခံ ကိုထွန်းဦး(ကျဆုံး)နဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကိုလေးတို့ကို မူလတာဝန်တွေ ဆက်ပေးပါတယ်။ အသစ်တက်လာတဲ့ ဗဟိုဦးစီး ကော်မတီဝင်တွေထဲမှာတော့ ကာ့မူးရာစခန်းက ဒေါက်တာသောင်းထွန်းက နိုင်ငံခြားရေး (လက်ရှိ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCG ရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းနေဆဲ)။ ကလက်ဒေး သို့မဟုတ် ရေကျော်စခန်း က ဒေါက်တာ ကျော်သက်ဦးက ကျန်းမာရေး။

ဟွေစေတီစခန်းက ကိုဆန်နီက စစ်ရေး (လက်ရှိ ABSDF အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူနေဆဲ)။ ဟွေစေတီကပဲ ကိုမန်းထွန်းက ဘဏ္ဍာရေး။ စောထစခန်းက ကိုဆန်းလင်းက ထောက်ပံ့ရေး။ သေဘောဘိုးက ကိုအောင်သန်း(နှုတ်ခမ်းမွေး)က စာရင်းစစ် အဖြစ် ကျနော်မှတ်မိနေပါတယ်။

ဗဟိုကော်မတီဝင်တွေထဲမှာတော့ ၆၀၁ တပ်ရင်းက ကိုတိုက်မောင်း။ စောထစခန်းက ကိုတင်စိုး။ ရေကျော်က ကိုအောင်ဟိန်းနဲ့ ကိုထွန်းသိန်း။ မင်းသမီးစခန်းက ကိုခင်မောင်ဝင်းနဲ့ ကိုကျော်ထင်။ မောတောင်စခန်းက ကိုကျော်ဇေယျ တို့ကိုလည်း ကျနော် အမှတ် ရနေပါတယ်။

အတွင်းရေးမှူးအသစ် ကိုသန်းဝင်း၊ ဥက္ကဌ ကိုထွန်းအောင်ကျော်၊ ဒုဥက္ကဌ အသစ်တွေဖြစ်တဲ့ ဒေါက်တာနိုင်အောင်နှင့် ဦးယုနွယ်တို့အားတွေ့ရစဉ်။

ပထမ အကြိမ် ဗဟိုကော်မတီတုန်းက စခန်းတခုချင်းစီရဲ့ ကိုယ်စားလှယ်တွေစုံအောင်မပါတဲ့အတွက် ဒီတကြိမ်မှာတော့စခန်းတခုစီက အနည်းဆုံး ဗဟိုကော်မတီ တဦးစီ ပါစေရမယ်ဆိုတဲ့ စဉ်းစားချက်ကြောင့် ဗဟိုကော်မတီအများဆုံး ရွေးချယ် ခဲ့တဲ့ ညီလာခံတခုလည်း ဖြစ်ခဲ့ပါတယ်။

ဗဟိုကော်မတီအသစ် ကျမ်းသစ္စာဆိုတဲ့အခါမှာတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်လို လက်မောင်းသွေးဖောက်သွေးသောက် သစ္စာဆိုမယ်လို့ ကိုယ်စားလှယ်တဦးက အဆိုပြုပါတယ်။ ဒီအဆို ပြုချက်ကို အားလုံးနီးပါးက လက်ခံကြပေမယ့် ဟွေစေတီ ဘက်ကလာတဲ့ ကိုယ်စားလှယ်တဦးကတော့ ဒီကိစ္စဟာ နိုင်ငံရေးအရမှန်ပေမယ့် ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ကျန်းမာရေး ထိခိုက်နိုင်တဲ့အတွက် သူလက် မခံဘူးဆိုပြီး ထ ကန့်ကွက်တာကိုလည်း ကျနော်အမှတ်ရနေပါတယ်။

ညီလာခံအတွင်း ဒီလိုအဆင်မပြေမှုတွေ၊ ငြင်းခုံမှုတွေရှိခဲ့ပေမယ့် ညီလာခံပြီးတဲ့ရက်လား။ ကျနော်တို့ ရောက်စဉ်က မယ်ညား- ပါသားနဲ့ ဘယ်ညာနင်းနေတဲ့ သင်တန်းသားတွေရဲ့ သင်တန်းဆင်းပွဲနေ့လား မသိပါ။ အဲဒီတရက်မှာ KNU တပ်ရင်း ၂၀ နယ်မြေ။ ဥသုထ ဒေသအကြီးအကဲ၊ ခရိုင်ဥက္ကဌ ပဒိုနော်တော့က ကျနော်တို့ ကျောင်းသားကိုယ်စားလှယ်အားလုံးကို သူ့အိမ်ဆီဖိတ်ပြီး နွားတကောင် ပေါ်ကျွေး ခဲ့ပါတယ်။

အဲဒီ ထမင်းစားပွဲမှာ သူပြောတဲ့ အဓိကစကားလုံကတော့ ကျောင်းသားတွေ ညီညွတ်ရေးအတွက် အခုလို ထမင်းဖိတ်ကြွေးတာပါတဲ့။ ဒါပေမယ့် ငတ်ပြတ်နေတဲ့ ကျနော်တို့ကတော့ ထမင်းစားပွဲမတိုင်မီလုပ်လေ့ရှိတဲ့ ဆုတောင်းပွဲ မြန်မြန်ပြီးပါစေ။ “အာမင်” ကိုမြန်မြန်ကြားရပါစေလို့သာ ဆုတောင်းနေတဲ့အတွက် သူ့စကားကို သိပ်နားမဝင်။ မစားရတာကြာပြီဖြစ်တဲ့ အမဲသားတုံးကိုသာ အလုအယက် ဝိုင်းအားပေးခဲ့တာ အမှတ်ရနေပါတယ်။

———————-

(၂) ရန်သူနဲ့မတိုက်ခင် ငှက်ဖျားကို အရင်တိုက်

ဥက္ကဌ ကိုထွန်းအောင်ကျော် လက်မောင်းသွေးဖောက်နေစဉ်။

သံလွင်စခန်းမှာ အရေးပေါ်ညီလာခံတက်နေစဉ်အတွင်း ကျနော်ငှက်ဖျားစဖြစ်ပါတယ်။ သံလွင်မြစ်ရေကို မကြိုမချက်ဘဲ ဒီတိုင်း သောက်မိလို့လား။ အအေးဓာတ်များတဲ့ ဒေသမို့လား။ ဘာကြောင့်မှန်းမသိ တကိုယ်လုံးအေးစက် တုန်ရီဖြစ်ပြီး ငှက်ဖျားတက်ပါလေ ရော။

အဲဒါနဲ့ ရှေ့မှာပြောခဲ့တဲ့ စစ်ရေးပြကွင်း ဘေးနားမှာဖွင့်ထားတဲ့ အရေးပေါ် ဆေးခန်းဆီ ဆေးသွားတောင်းတော့ ကျနော်လို့ ငှက်ဖျား မိနေသူတွေအများကြီး။ ဆေးခန်းခုတင်ပေါ်မှာ လူနာ ၂၀ ကျော်ရှိမယ် ထင်ပါတယ်။ အားလုံးနီးပါးဟာ အခုမှရောက်လာတဲ့ ကျောင်းသားလူငယ်တွေဖြစ်ကြပြီး တချို့က စောင်ကိုခေါင်းမြီးခြုံကာ တအီးအီးညည်း နေပါတယ်။ တချို့က ဒရစ်ပုလင်းတွေတန်းလန်းနဲ့ ခွေပျော့လို့။ တချို့ကတော့ ခုတင်ပေါ်ထိုင်၊ ဆေးခန်းနံရံကိုမှီပြီး သံလွင်မြစ်နဲ့ ဟိုဘက်ကမ်းက တောင်တန်းကြီးဆီ ငေးမောပြီး ငူငူငိုင်ငိုင် ခပ်ကြောင်ကြောင် ပုံစံ တွေနဲ့။

ကျနော့်ကိုတော့ အယင်ဆုံး ပြဒါးတိုင်တခုပေးပြီး ပါးစပ်ထဲငုံခိုင်းလိုက်ပါတယ်။ အပူချိန်က အတော်များနေပုံရပေမယ့် အတိအကျ မမှတ်မိတော့။ ပြီးတော့ သွေးပေါင်ချိန်တိုင်း။ အပေါ်သွေး။ အောက်သွေးကိုမှတ်။ ဟောဒီဆေးတွေကို အယင်သောက်လိုက်။ ၈ နာရီခြား တကြိမ်စီ ဆရာမတွေက ဆေးလာပေးလိမ့်မယ်လို့ သရမူ (ဆရာမကို ကရင်လိုအခေါ်) တဦးက ဆေးတဆုပ်နဲ့ ရေတခွက် ပေးပြီး ပြောပါတယ်။

“အားပါးပါး မနည်းပါလား”ဆိုပြီး ကျနော့်ပါးစပ်က အော်မိတဲ့အထိ ဆေးတွေက အများကြီး။ ကွီနီး (ကလိုကွင်းလဲဖြစ်နိုင်ပါတယ်) က ၂ လုံး။ ပါရာစီတမောက ၂ လုံး။ တက်ထရာ ဆကလင်းက ၂ လုံး။ ဘီဆစ်က ၂ လုံး။ အဲဒါ အားလုံးကို ပါးစပ်ထဲတကြိမ်တည်း ပစ်ထည့်ပြီး သောက်ရမယ်လို့ သရမူက ပြောပါတယ်။ သူပြောတဲ့အတိုင်း လိုက်လုပ်ပေမယ့် ဆေးကြောက်တဲ့ ကျနော် အံထွက်ပါလေရောပေါ့ ခင်ဗျာ။

ကရင် သရမူကတော့ ခပ်ကြမ်းကြမ်းပါပဲ။ အန်လို့ မရဘူး။ နောက်တခါ ထပ်သောက်ဆိုပြီး ထပ်တိုက်ပါတယ်။ ဒီတခါမှာတော့ ရိုးရိုးရေအစား လိမ္မော်ရည်လား။ ကိုကာကိုလာလားမသိ၊ တခွက်လောက်နဲ့တိုက်တော့ မအန်တော့ပါဘူး။ ပြီးတော့ ဆေး ၈ လုံးစလုံး တပြိုင်တည်း မပစ်ထည့်ပဲ မခါးတဲ့ ဆေး ၄ လုံးကို တကြိမ်။ ခါးလွန်းတဲ့ ကွီနီးနဲ့ ချဉ်စပ်စပ် ဘီဆစ်ကိုတကြိမ် ခွဲသောက်လိုက်တော့ အိုကေ- သွားပါတယ်။

ဒီတော့မှ သရမူက ဟာလဲဂေ ပြောပြီး တခြားလူနာဆီ ပြောင်းသွားပါတယ်။ ကျနော်လည်း သရမူရဲ့ နောက်ကျောကို ငေးကြည့်ရင်း စိုင်းထီးဆိုင်ရဲ့ “ခွဲစိတ်ခန်းက ဆရာမလေး” ကို သွားသတိရမိပါတယ်။ မန္တလေးတက္ကသိုလ်က သူနာပြုဆရာမနဲ့ သံလွင်စခန်းကဆရာမ ဘာများကွာသလဲဆိုပြီး စဉ်းစားရင်း ပြုံးစိစိဖြစ်နေမိပါတယ်။

ဒါပေမယ့် သေချာတာကတော့ နယ်စပ်ကတောထဲလာပြီး တက္ကသိုလ်ဆေးခန်းက သာယာနာပျော်ဘွယ် ဆရာမလေးကို စိတ်ကူးယဉ်နေလို့မရ။ တက်နေတဲ့ငှက်ဖျား အချိန်မီအပူချိန်မကျဘူးဆိုရင် ပြာလဲဂေ(မူလ ကရင်စကားလုံးတွေဖြစ်တဲ့ ဝေါလဲဂေ၊ နီလဲဂေ၊ ဟာလဲဂေ၊ နာလဲဂေ-တွေကို တုပြီး အဆင်မပြေ၊ ပြာယာခတ်တဲ့အချိန်။ ဒုက္ခနဲ့တွေ့တဲ့အချိန်တွေမှာ ကျောင်းသားတွေကြား သုံးလေ့ရှိတဲ့ ဘန်းစကားဖြစ်ပါတယ်) ဖြစ်ပြီး ဒုက္ခများသွား နိုင်ပါတယ်။

ငှက်ဖျားပိုး ဦးနှောက်ထဲဝင်လို့သေသွားသူတွေ၊ ဂေါက်ကြောင် သွားသူတွေ၊ ပြီးတော့ ဆီးထဲသွေးပါတဲ့ Black Water နဲ့ သေသွားသူတွေ ကျနော့်ရှေ့မှာ ဒါဇင်နဲ့ချီရှိခဲ့ပြီးဖြစ်တဲ့အတွက် ငှက်ဖျားဟာ တကယ်ကြောက်စရာ ဖြစ်လာနေပါတယ်။

ငှက်ဖျားမိလို့ ဆေးခန်းတက်နေရသော တောခိုကျောင်းသားလူငယ်များ။

ဒီဆေးခန်းမှာ ထူးထူးခြားခြား ကျနော်သတိထားမိတာတခုကတော့ ဒီက ကုထုံးတွေက ကျနော်တို့ မြန်မာနိုင်ငံနဲ့မတူ။ မြန်မာနိုင်ငံမှာတုန်းက ကျနော်ပဲတခါမှ လူနာမဖြစ်ခဲ့ဖူးလို့လားမသိ။ ဒရစ်သွင်းတဲ့လူဆိုရင် အခြေနေအတော်ဆိုးနေပြီ။ သေဖို့များနေပြီလို့နားလည်ထားပေမယ့် ဒီမှာကတော့ ဆေးရုံတက်တာနဲ့ ဒရစ် အရင်ချိတ်တာပါပဲ။

နောက်တခု ကွာခြားချက်ကတော့ ကျနော့်အိမ်မှာတုန်းက အအေးမိ၊ အပူရှပ်ပြီး အဖျားတက်တယ်ဆိုရင် တခါးတွေအလုံပိတ်၊ စောင်ခြုံအိပ်။ ပြီးတော့ အဖျားကျရင်လည်း ဘာ မစားရ၊ ညာမစားရဆိုတာတွေရှိပေမယ့် ဒီမှာကတော့ အပူသိပ်များရင် ရေခဲနဲ့ရိုက်မယ်။ ရေခဲ မရှိရင် အေးစိမ့်နေတဲ့ သံလွင်မြစ်ထဲဆင်းခိုင်းပြီး ရေချိုးခိုင်းမယ်။

ပြီးရင် အားရှိတဲ့အစာတွေ ပေးစားမယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ ကျိုးဖိုးတွေကတော့ သံလွင်ရေနဲ့ပဲ တိုးနေရပြီး အားရှိတဲ့အစာအတွက်တော့ မိုက်မီ-တန် (ပိုက်ဆံမရှိတာကို ထိုင်းလိုအခေါ်) အမြဲတမ်း ဖြစ်နေလို့ မစားနိုင်ခဲ့ပါဘူး။

အဲဒီလို အခြေနေတွေကြားမှာ ဒရစ်တလုံးသွင်း။ ကွီနီး-ပါရာ-တက်ထရာတွေနဲ့ ၃ရက်လောက် နှစ်ပါးသွားပြီးတဲ့အခါမှာတော့ ကျနော် ဆေးရုံက ဆင်းခွင့်ရပါတယ်။ ကွီနီး တန်ခိုးပြလို့ မူးဝေေ၀ဖြစ်နေပြီး နားထဲမှာ တချိန်လုံး ရဟတ်ယဉ်အသံ ကြားနေရသလိုလို။ ယင်ကောင်တွေ၊ ပိတုန်းတွေ ခေါင်းပေါ်မှာ ဝဲပျံံနေသလိုလို တချိန်လုံးကြားနေရပါတယ်။

အဲဒီကာလက ကျောင်းသားတွေရဲ့ပုံတွေကို အခုချိန်ပြန် ကြည့်မိရင် ငှက်ဖျားမိနေတဲ့ပုံတွေမှန်း သိပ်သိသာပါတယ်။ အဲ – သံလွင်က ပေးလိုက်တဲ့ ငှက်ဖျားလက်ဆောင်ဟာ တော်ရုံနဲ့ မပျောက်တော့ပါဘူး။ တလတခါ၊ နှစ်လတခါနီးပါး ငှက်ဖျားကပြန်ပြန်ပေါ်လာ နေ တဲ့အတွက် မဲဆောက်က ဒေါက်တာစင်သီယာ ဆေးခန်းမှာ ၂ ခါ ၃ ခါ ထပ်တက်လိုက်ရပါသေးတယ်။

နောက်ပိုင်း မင်းသမီးစခန်းဘက်ပြန်ရောက်တဲ့အချိန်မှာလည်း ငှက်ဖျားဟာအမြဲလိုလိုဖြစ်နေပြီး ဘန်ကောက် ရောက်တဲ့အထိ မပြတ်ပါဘူး။ ဘန်ကောက်မြို့လယ် အနုစာဝါရီ ကျောက်တိုင်အနီးရှိ မဟီဒေါ တက္ကသိုလ်ရဲ့ ငှက်ဖျားသုတေသန ဆေးရုံကြီးမှာတောင် သတင်းတပတ်ကြာ တက်ရောက်ကုသ ခံလိုက်ရပါသေးတယ်။ ဒါပေမယ့် ငှက်ဖျားက အမြစ်မပြတ်ပဲ တခါတရံပြန်ပြန်ပေါ်လာတတ်ပြီး အခု နော်ဝေးကို ရောက်တော့မှပဲ ငှက်ဖျား ဇာတ်လမ်း တခန်းရပ်သွားပါတယ်။

—————

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂) >>>>>

ထက်အောင်ကျော်