ရက်ပေါင်း ၆၄၀ အကြာ အာဏာဖီဆန်ရေးဒေါက်တိုင်များ

0
3644

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့ရှိသစ်စက်လုပ်ငန်းခွင်တွင် ယောက်ျားများနှင့်အပြိုင် လုပ်ကိုင်နေသည့် အသက် ၃၀ နှစ်အရွယ် အသားဖြူဖြူ အမျိုးသမီးတစ်ဦး။

တစ်ချိန်က မြေဖြူခဲကိုင်ခဲ့သည့် သူ၏လက်တစ်စုံမှာ အခုတော့ လွှစက်များအကြားတွင် သစ်တုံးကြီးများကို ထမ်းမကာ ခပ်ကြမ်းကြမ်း လုပ်ကိုင်နေရသည်။

သူက လောင်းလုံးမြို့နယ်မှ ကျောင်းဆရာမ ဒေါ်နှင်းပွင့်ဖြစ်သည်။

ကျောင်းဆရာမ ဒေါ်နှင်းပွင့်သည် စစ်အာဏာသိမ်းမှုလက်မခံဘဲ အာဏာဖီဆန်ရေး CDM လုပ်ထားသူဖြစ်သည်။

သို့သော်ပြည်တွင်းတွင် CDM များကို စစ်တပ်က ဖမ်းဆီးနေမှု၊ အလုပ်အကိုင်ခက်ခဲမှု၊ ထိုင်စားရသဖြင့် အကြွေးတက်လာမှုတို့ကြောင့်  မွေးရပ်မြေထက် ပိုမိုလုံခြုံပြီး အလုပ်အကိုင်ပေါ့သည့် ထိုင်းနိုင်ငံကို သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ဒေါ်နှင်းပွင့်က ပြောသည်။

ယင်းကြောင့် CDM လုပ်ပြီး ၁၉ လ အကြာ လွန်ခဲ့သည့် သုံးလခန့်က တရားမဝင် လမ်းကြောင်းမှနေ ထိုင်းနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တော့သည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင်မူ သူတွေးထင်ထားသလို အရာရာ အဆင်မချောခဲ့ပေ။

ထိုင်းရောက်ပြီး တစ်လခန့်ကြာသည်အထိ အလုပ်မရသေးဘဲ ဗိုက်ပြည့်ဖို့အရေး မာမားခေါက်ဆွဲခြောက်ဖြင့် နှစ်ပါးသွားခဲ့ရသည်ဟု ဆိုသည်။

“ကြက်ဥတစ်လုံးနဲ့ မာမားစားပြီး နေရတဲ့နေ့တွေအများကြီးပဲ။ အလုပ်လိုက်ရှာတော့လည်း အဆင်မပြေဘူး။ဒီမှာက သူတို့ ဘာသာစကားလည်း မတတ်တော့ အခန်းထဲနေ။  အလုပ်ရှာပေးတဲ့သူတွေခေါ်ရင် ထလိုက်သွားရတယ်”ဟု ဒေါ်နှင်းပွင့်က ပြောသည်။

ထိုင်းနိုင်ငံရောက်ပြီး တစ်လအကြာတွင်တော့ ရွေ့ပြောင်းလုပ်သားတစ်ဖြစ်လဲ ဆရာမဒေါ်နှင်းပွင့်တစ်ယောက် အလုပ်ရသွားပြီဖြစ်သည်။

သို့သော်လည်း သူမ တတ်မြောက်ထားသည့် ပညာနှင့် လားလားမျှမအပ်စပ်သည့် အလုပ်ဖြစ်နေသည်။

“အခုရတဲ့အလုပ်ကလည်း ယောက်ျားလေးတွေ အများစုလုပ်တဲ့ သစ်စက်အလုပ်။ ရွေးစရာမှမရှိတာ ဒီလိုပဲ လုပ်ရတာပေါ့ အကြွေးကြေရင်တော့ အိမ်ပဲပြန်ချင်တယ်” ဟု ၎င်းက ပြောသည်။

တော်လှန်ရေးကာလ ကြာညောင်းလာချိန်တွင် ဆရာမဒေါ်နှင်းပွင့်ကဲ့သို့ပင် CDM လုပ်ထားသူအများစုလည်း အခက်အခဲများနှင့် ကြုံလာကြသည်။

စစ်အာဏာသိမ်းအပြီး ရက်ပိုင်းအကြာတွင် စတင်ခဲ့သည့် CDM လှုပ်ရှားမှုမှာ ယခုဆိုလျှင် ရက်ပေါင်း ၆၄၀ ခန့်ပင်ရှိလာပြီဖြစ်သည်။

အကြမ်းမဖက်သည့် လှုပ်ရှားမှုဖြစ်သော CDM လှုပ်ရှားမှုသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ခိုင်မာအားကောင်းရေးအတွက် အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း ကမ္ဘာကရှုမြင်ခဲ့သည်။

မြန်မာပြည်သူများ၏ CDM လှုပ်ရှားမှုမှာ ကမ္ဘာကျော်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အော်စလိုတက္ကသိုလ်ရှိ ပါမောက္ခ ၆ ဦးက လက်မှတ်ရေးထိုး အဆိုပြုသည်အထိ အောင်မြင်မှုရရှိခဲ့သည်။

သို့သော်ယင်းလှုပ်ရှားမှုမှာ အုပ်ချုပ်ရေးယန္တရား ပုံမှန်အတိုင်း လည်ပတ်နိုင်ရန် ဟန့်တားထားခြင်းဖြစ်သဖြင့် စစ်ကောင်စီအတွက်မူ အရှိုက်ထိုးခံရသည့် လှုပ်ရှားမှုဖြစ်သည်။

ယင်းကြောင့်ပင် CDM လှုပ်ရှားမှုများ ရပ်တန့်သွားရေးအတွက် စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိအားပေးနှိပ်ကွပ်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် CDM လုပ်ထားသည့် နိုင်ငံဝန်ထမ်းများကို ဖမ်းဆီးမှုများလုပ်ဆောင် နေခြင်းတို့ကြောင်း CDM များမှာ ပြည်တွင်းခရီးပင် သွားရခက်ခဲနေပြီး ပေါ်ပေါ်ထင်ထင် နေထိုင်လုပ်ကိုင်ရန် မဖြစ်နိုင်ကြပေ။

ပြည်ပထွက်ရန် လုပ်ဆောင်ရာတွင်လည်း နိုင်ငံကူးလက်မှတ် လျှောက်ထားချိန်တွင် စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး CDM လုပ်ထားသူဆိုပါက နိုင်ငံကူးလက်မှတ် မထုတ်ပေးသည့်အပြင် ဖမ်းဆီးမှုများပါရှိနေသည်။

နိုင်ငံကူးလက်မှတ်ရှိထားပါကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှအထွက်တွင် ဖမ်းဆီးခံရမှုများရှိနေပြန်သည်။

ယင်းကြောင့် CDM များမှာ ပြည်ပထွက် အလုပ်လုပ်မည်ဆိုပါကလည်း တရားမဝင် လမ်းကြောင်းများမှ သာထွက်ခွာနိုင်သဖြင့် ရေခြားမြေခြား တိုင်းတပါးတွင် အခက်အခဲများစွာ ကြုံတွေ့နေရခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း CDM လုပ်ထားသည့် နိုင်ငံ့ဝန်ထမ်းဦးရေ တစ်သောင်းနီးပါးရှိကြောင်း တိုင်းဒေသကြီး CRPH နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယခင်ကမူ အဆိုပါ CDM သမားများအား ထောက်ပံ့မှုအချို့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထောက်ပံ့မှုမလုပ်နိုင် တော့ကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။

ထားဝယ်ဒေသခံတစ်ဦးဖြစ်သည့် ဆရာမ ဒေါ်သိင်္ဂီကမူ CDM လုပ်ပြီးချိန်ကတည်းက ဆန်တစ်အိတ်အထောက်အပံ့ ရခဲ့ဖူးပြီး ငွေကြေးအနေဖြင့် မရခဲ့ဖူးကြောင်း ဖွင့်ဟသည်။

သူမအနေဖြင့် CDM လမ်းစဉ်ကို ရွေးချယ်စဉ်ကတည်းကပင် သက်ဆိုင်ရာအဖွဲ့များက ရေရှည်မထောက်ပံ့နိုင်မည့် အရေးကို ကြိုတင်တွက်ဆထားသည်ဟု ဆိုသည်။

“ကျွန်မအတွက်ကတော့ အထောက်ပံ့မရလည်း အဆင်ပြေတယ်။ ဒါပေမဲ့ အဆင်မပြေတဲ့သူတွေကိုတော့ ‌ရစေချင်တယ်”ဟု ဆရာမ ဒေါ်သိင်္ဂီက ပြောသည်။

ထိုအခင်းအကျင်းများကြောင့် ဝမ်းရေးအခက်ကြုံလာရသည့် CDM သမားများမှာ ဒေသအတွင်းမှာပင် သီဟိုစေ့ခြစ်ခြင်း၊ ဒေသထွက်ကုန်တံမြက်စည်းလုပ်ခြင်း၊ ဈေးရောင်းခြင်း၊ ပွဲရုံစာရေးမ အစရှိသည့် ကြုံရာကျပန်း လုပ်ကာ ဖြေရှင်းနေကြရသည်။

ထိုအလုပ်များ၏ ဝင်ငွေကလည်း ဝမ်းရေးကို လောက်လောက်ငင မဖြေရှင်းနိုင်ဖြစ်လာချိန်တွင် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရွေ့ပြောင်းလုပ်သားအဖြစ် သွားသူများလာသည်။

CDM လုပ်ပြီးနောက်ပိုင်း နေအိမ်တွင်ပင် သီဟိုစေ့ခြစ်သည့်အလုပ်ဖြင့် ဝမ်းရေးကို ဖြေရှင်းနေသည့် ဆရာမဒေါ်မေသူတစ်ယောက်လည်း စစ်ကောင်စီ၏ ခပ်စိပ်စိပ်ဖမ်းဆီးမှုများကြောင့် မောင်နှမများရှိရာ ထိုင်းနိုင်ငံသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် နိုင်ငံကူးလက်မှတ်(PassPort)လုပ်ရာ၌ CDM သမားများကို ဖမ်းဆီးရန် အမည်စာရင်းရှိနေသည်ဟု ကြားရသည့်အတွက် အောက်လမ်းဟုခေါ်သည့် တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် လမ်းကို သူမ ရွေးချယ်ခဲ့ရသည်။

ယင်းကဲ့သို့ အောက်လမ်းက သွားရာတွင်လည်း လမ်းခရီးတွင် မသေချာ မရေရာမှုများဖြင့် ပြည့်နှက်နေသည်။

ထိုင်းနိုင်ငံတာဝန်ရှိသူများက နယ်စပ်တစ်လျှောက်တွင် စစ်ဆေးမှုတင်းကြပ်ထားသည့်အတွက် နယ်စပ်မှတရားမဝင် ဝင်ရောက်သူများ မကြာခဏအဖမ်းခံရလေ့ရှိသည်။

ထိုကြောင့် စိတ်ချယုံကြည်နိုင်လောက်သည့် ပွဲစားဖြင့် ချိတ်ဆက်ကာ ထီးခီးဘက်မှ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး သွားခဲ့ရသည်။

ထိုင်းနိုင်ငံရောက်ချိန်တွင်လည်း တရားမဝင်နေထိုင်ရသည့် အခြေအနေကြောင့် စိုးရိမ်ကြောက်ရွံ့မှုများက ရှိနေဆဲပင်။

“ငွေရှာရတာခက်တဲ့အပြင် ညဘက် ကားလာတဲ့အသံကြားရင် ကိုယ့်ဆီကိုလာတာလားလို့ အမြဲတမ်းကြောက်စိတ်ဝင် နေတယ်”ဟု ဒေါ်မေသူက ပြောသည်။

ဆရာမ ဒေါ်မေသူတစ်ယောက် ထိုင်းနိုင်ငံအတွင်း ရောက်နေသည်မှာ နှစ်လကျော်ရှိနေပြီး ယခုအချိန်အထိ အလုပ်မရသေးဘဲ ယောင်လည်လည် ဖြစ်နေသည်ဟု ဆရာမဒေါ်မေသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အခြေအနေ အကြောင်းကြောင်းကြောင့် နိုင်ငံခြားမထွက်ဘဲ မွေးရပ်မြေမှာပင် နေရသည့် CDM သမားများမှာ အဖမ်းခံရမည့်အရေး အမြဲတမ်းစိုးရိမ်နေရပြီး အိမ်တွင်းပုန်းဘဝရောက်နေကြောင်း ဆရာမဒေါ်သိင်္ဂီကဆိုသည်။

“ဒီမှာနေရတာလည်း မွန်းကျပ်တယ်။ ဘယ်မှလည်းမသွားရ မလာရဘူးလေ။ ကိုယ့်ရွာထဲတောင်မှ သိပ်မသွားဖြစ်ဘူးဆိုတော့လေ။ ဘာလို့မသွားလဲဆိုတော့ လမ်းသွားများရင်ကိုယ့်ကို လူတွေမြင်မြင်လာပြီး သတိထားမိမှာစိုးလို့ ဒီအတိုင်းနေနေတာ” ဟုသူမကဆိုသည်။

ယင်းသို့စစ်ကောင်စီ၏ ဖိအားပေးမှုများစွာကြောင့် CDM များမှာ စားဝတ်နေရေးကျပ်တည်းမှု၊ မလုံခြုံ‌မှုများကြုံတွေ့လာရပြီး မတတ်သာသည့်အဆုံး non-CDM ပြန်လုပ်သွားရသူများလည်းရှိနေသည်။

CDM အများစုမှာမူ အခက်အခဲများကို ကြံ့ကြံ့ခံရင်း ယုံကြည်သည့်လမ်းကို ဆက်လျှောက်နေသဖြင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးလုပ်ငန်းများမှာ ပုံမှန်အတိုင်း ပြန်မရောက်သေးပေ။

အထူးသဖြင့် တနင်္သာရီတိုင်း CDM လှုပ်ရှားမှုတွင် အများဆုံးပါဝင်ခဲ့သည့် ကျန်းမာရေး၊ ပညာရေး ကဏ္ဍများမှာ ယခုအချိန်အထိ ပုံမှန်အတိုင်း ပြန်လည်ပတ်ရန်ခက်ခဲနေသေးသဖြင့် စစ်ကောင်စီအတွက် အကျပ်အတည်းကြုံနေရသော ကဏ္ဍများလည်းဖြစ်သည်။

တစ်ဖက်တွင်လည်း CDM များမှာ အခက်အခဲပေါင်းစုံ ဖိအားပေါင်းစုံကြားမှာ အားတင်းတောင့်ခံ နေရသည်။

ပင်ပန်းဆင်းရဲမှုများစွာ ကြုံနေရသော်လည်း နောက်ကြောင်းပြန်မလှည်ဘဲ ယုံကြည့်ရာကိုသာဆက်လုပ်ကြမည်  ဟု CDM ဝင်ထားသူအများစုက ဆိုကြသည်။

ယင်းကြောင့်ပင် မြန်မာနိုင်ငံ၏ CDM လှုပ်ရှားမှုမှာ ယနေ့ထက်တိုင် အားကောင်းနေဆဲပင်။