ကိုဗစ်၊ ကိုစစ်ကြားက သဘင်သည်များ

0
3299

ကိုဗစ်ကူးစက်ရောဂါကြောင့် ရပ်နားထားရသည့် ဇာတ်ပွဲများမှာ ကိုဗစ်အလွန်တွင်လည်း ကိုစစ်ဟု ခေါ်ဆိုကြသည့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော တိုက်ပွဲများ၊ နယ်မြေမအေးချမ်းမှုများကြောင့် ဇာတ်ကနိုင်ခြင်း မရှိကြသေးပေ။

ဇာတ်သဘင် လုပ်ငန်းများ ရပ်နေသည်မှာ ၃ နှစ်နီးပါးရှိလာသည်နှင့်အမျှ ဇာတ်ပွဲများကို မှီခိုနေကြရသည့် သဘင်သည်များမှာ စားဝတ်နေရေး အလွန်အမင်း ကျပ်တည်းလာကြပြီး ငတ်မည့်ဘေးကိုပင် ကြုံတွေ့နေကြရသည်။

အထူးသဖြင့် အောက်ခြေဇာတ်အဖွဲ့သားများမှာ ကာလရှည် ထိုင်စားနိုင်လောက်သည့် ငွေကြေးပိုင်ဆိုင် ထားကြသူများမဟုတ်ပေရာ ယခုအခြေအနေမှာ စားရမဲ့၊ သောက်ရမဲ့ အခြေအနေပင်ဆိုက်နေပြီဟု ဆိုကြသည်။

ဇာတ်သမားများတွင် လုပ်နိုင်ကိုင်နိုင်အရွယ်များမှာ ရရာအလုပ်လုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနိုင်ကြသော်လည်း သက်ကြီးရွယ်အိုများနှင့် မလုပ်နိုင်မကိုင်နိုင် အရွယ်များ၊ သားသမီးနောက်ခံ မရှိသူများမှာ အလွန်ခက်ခဲနေကြရသည်။

ယင်းကြောင့် ယခုအပတ် တင်ဆက်မည့် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဇာတ်သမားများ၏ အခက်အခဲများကို သိရှိနိုင်ကြစေရန် ဖော်ပြလိုက်ရပါသည်။

“သားသမီးမရှိတဲ့သူတွေဆိုရင် အိမ်ငှားမနေနိုင်တော့ဘူး”

ကိုဂွိမ်း ဇာတ်သဘင်ကီးဘုတ်သမား

DW ။ သဘင်အလုပ်နားထားရတော့ ဘာတွေလုပ်ကိုင် စားသောက်နေတာလဲ။ စားဝတ်နေရေး အဆင်ပြေရဲ့လား။

ဖြေ ။ မိသားစုစားဝတ်နေရေး အတွက်ကတော့ ကြုံရာကျပန်းအလုပ်ပဲ လုပ်နေရတယ်။ အသီးတွေရောင်းတယ်။ အရုပ်ကလေးတွေရောင်းတယ်။ ပန်းသီး၊ လိမ္မော်သီးရောင်း၊ အလှူအတန်းရှိရင် သုံးဘီးနဲ့လိုက်‌ရောင်း၊ သုံးဘီးဆွဲ။ ဒူးရင်းသီးပေါ်ချိန်ဆို ဒူးရင်းသီးဝယ်ရောင်း အလုပ်ကတော့စုံနေပြီ။ နေ့စဉ်ထမင်းစားဖို့လောက်ရဖို့၊ အိမ်လခပေးနိုင်ဖို့လောက်ရဖို့ လုံးပမ်းနေရတာပေါ့။ ကြားထဲမှာကျန်းမာရေး ထိသွားရင်တော့မလွယ်ဘူး။

DW ။ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကို လုပ်နေရတော့ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ။

ဖြေ ။ အခက်အခဲကတော့ အမျိုးမျိုးကြုံရပါတယ်။ ကိုယ်နားမလည်တဲ့ ပစ္စည်းယူရောင်း ရှုံး။ အဲလိုမျိုးပေါ့။ တစ်ချို့ဟာကျတော့ ဒီဘက်နယ်နဲ့ ကျွန်တော်တို့ရောက်နေတဲ့နေရာနဲ့ မလိုက်ဖက်တဲ့ ပစ္စည်းဆိုတော့လည်း ရောင်းမတွင်ပြန်ဘူး။ အွန်လိုင်းကနေလည်း ရောင်းသေးတယ်။ နောက်ပိုင်းအဆင်မပြေတော့ပြန်ဘူး။ ဒူးရင်းသီးတွေလည်း နားမလည်ဘဲဝယ်ပြီး ဒူးရင်းသီးတွေက အပုပ်တွေဖြစ်တော့ ဝယ်စားသမားတွေက ခွဲခွဲပြီးတော့ပြ၊ ကိုယ့်ဘာသာပဲ စားပစ်လိုက်ရတာပဲ။

DW ။ သဘင်အလုပ်လုပ်နေရတဲ့အချိန်နဲ့ အခုအခြေအနေမှာ ရတဲ့ဝင်ငွေ ဘယ်လောက်ကွဟမှုရှိလဲ။

ဖြေ ။ ဝင်ငွေကတော့ တော်တော်ကွာတယ်။ အခုက နေ့စဉ်စားဖို့လောက်ပဲ ရတော့တာကိုး။ သဘင်တွေကနေရတုန်းကတော့ ဝင်ငွေကလတိုင်းလတိုင်းမှာ ရှိနေတာဆို‌တော့ စုမိဆောင်းမိရှိတာပေါ့။ အရင်တုန်းကဆိုရင်တော့ တစ်လမှာ ရက်နှစ်ဆယ်လောက်က အလုပ်ရှိတော့ အဆင်ပြေတာပေါ့။ အခုကတော့ သဘင်အလုပ်က လုံးလုံးမရှိတော့တဲ့အခါကျတော့ ဝင်ငွေက ထက်ဝက်မကကွာသွားတာပေါ့။

DW ။ တစ်ခြားသဘင်အနုပညာ သမားတွေရော ဘယ်လိုအခက်အခဲတွေ ဖြစ်နေကြတာရှိလဲ။

ဖြေ ။ သက်ကြီးရွယ်အိုတွေ၊ ကျောထောက်နောက်ခံ သားသမီးမရှိတဲ့သူတွေဆိုရင် အိမ်ငှားမနေနိုင်တော့ဘူး။ သဘင်အစည်းအရုံမှာပဲနေ။ ရပ်ကွက်ထဲဟိုလိုက်နှိပ်၊ ဒီလိုက်နှိပ် ရတာလေးနဲ့စားနေရတာပေါ့။ သားသမီးရှိတဲ့သူကလည်း အပြင်ရာရအလုပ်တွေ ထွက်လုပ်ပြီးတော့ အဆင်ပြေသလို ရပ်တည်နေကြတာပေါ့။

ကိုဗစ်စဖြစ်တဲ့ပထမ ၂ နှစ်လောက်ကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ကြုံလိုက်သေးတယ်။ ဖြတ်ကနဲကျတော့ ဘာမှမလုပ်တတ်ဘူး‌လေ။ (တစ်ချို့အုတ်ဖိုတွေမှာ အလုပ်ဝင်လုပ်၊ အင်း၊ အိုင်၊ ချောင်းတွေထဲ ငါလိုက်ဖမ်းချက်စားကြရတဲ့အထိဖြစ်ခဲ့)။ အခုနောက်ပိုင်းကျတော့လည်း မျှော်လင့်လို့ မရတော့ဘူးဆိုတာ သိလိုက်ကြတော့ ရရာအလုပ်ကို ဝင်လုပ်ရတော့တာပါပဲ။ ပထမတော့ မျှော်လင့်နေကြသေးတယ်။ ခဏပဲငါတို့အလုပ်တွေလုပ်ရမယ်၊ လုပ်ရမယ်မျှော်လင့်ရင်းနဲ့ ၂ နှစ်ကနေ ၃ နှစ်ဖြစ်လာတော့ ရပ်တည်ဖို့က လိုလာပြီလေ။

DW ။ ပြည်ပ ဥပမာထိုင်းပေါ့ အဲဘက်ကိုထွက်ပြီး အလုပ်လုပ်တဲ့သူတွေထဲမှာ သဘင်သမားတွေရော ပါလား။

ဖြေ ။ ရှိပါတယ်။ ထားဝယ်မြို့က မင်းသား၊ မင်းသမီးတွေ ကျွန်တော်အထင်တော့ ၁၀ ယောက် ၁၅ ယောက်လောက်ရှိမယ် ထိုင်းဘက်မှာ အလုပ်သွားလုပ်နေကြတယ်။ တစ်ချို့ကျတော့လည်း ထိုင်းထဲမှာ ဇာတ်ပွဲတွေကကြတာပေါ့။ တစ်ချို့ကျတော့လည်း စားသောက်ဆိုင်မှာ လုပ်ကြတာပေါ့။ ပန်းခြံမှာလုပ်နေကြတာတွေလည်း ရှိတာပေါ့။

‌DW ။ နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။

ဖြေ ။ သဘင်အလုပ်ကို ပြန်လုပ်ချင်သေးတယ်။ ကျွန်တော်တို့အလုပ်က ဝါသနာရော၊ အချိန်ရောနှစ်ပြီး လုပ်ရတဲ့အလုပ်ဆိုတော့ အလုပ်ပြန်လုပ်ချင်တာပေါ့နော်။ အခုဆိုရင် အိမ်မှာပဲ အားတဲ့အချိန်လေး ‌တီးတာကိုလေ့ကျင့်နေရတယ်။ ကိုယ်မကျွမ်းကျင်တဲ့နေရာမှာ ရှင်သန်နေရာတာ တစ်မျိုးတော့ကောင်းတယ်။ ကျွန်တော်ကတော့သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ သဘင်အနုပညာသမားဆိုတာက ဒီအလုပ်ကလွဲရင် ကျန်တာမလုပ်စား တတ်‌တော့ဘူးလေ။ အခုတော့ ကိုဗစ်‌ရော၊ နိုင်ငံရေး အခြေအနေ မကောင်းတာရောဆိုတော့ ကြုံရာကျပန်း လုပ်စားတတ်သွားတာပေါ့။ အဆိုးထဲကအကောင်းတစ်ခုဆိုပြီး အဲလိုပြန်တွက် နေရတာပေါ့။

DW ။ ကိုယ်ကျွမ်းကျင်တဲ့ သဘင်အလုပ်ကို နှစ်ရှည်နားထားရတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။

ဖြေ ။ စိတ်ထဲတော့ မကောင်းဘူးပေါ့။ ကိုယ့်တစ်ယောက်ထဲလည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ လောကသားတွေအတွက် စိတ်မကောင်းဘူးပေါ့။ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ အနာဂတ်မှာ ဒီသဘင်လုပ်ငန်းကို ဘယ်လိုရပ်တည်ရမလဲဆိုတာတောင် စဉ်းစားလို့မရဘဲဖြစ်နေတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“သဘင်လောကသားတွေ ဒုက္ခရောက်ကြရတဲ့သူက ပိုများပါတယ်”

ထားဝယ်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်ရွှေ

DW ။ သဘင်သမားတွေ အလုပ်တွေနားထားရတော့ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ ။ သဘင်အနုပညာသမားတွေမှာကတော့ ကိုဗစ်ကပ်ဆိုးကြီးစဖြစ်တဲ့ အချိန်ကတည်းကစပြီး ဇာတ်ပွဲတွေကနားလိုက်ရတာ သုံးနှစ်နီးပါးရှိသွားပြီပေါ့နော်။ မနှစ်ကလည်း အလှူပွဲတွေ၊ နတ်ပွဲ‌လေးတွေ အနည်းအကျဉ်း‌ပဲ လိုက်ကရတာလေ။ ဇာတ်ပွဲကြီး‌တွေ ကလုံးဝမကရဘူး။ ဒီနှစ်ဆိုပိုဆိုးတာပေါ့နော်။ နိုင်ငံရေးကလည်း မတည်မငြိမ်ဖြစ်နေတဲ့ အခါကျတော့လေ။ ရပ်ရွာတွေကလည်း ‌အေးချမ်းမှုမရှိတဲ့အခါကျတော့ ပွဲငှားတွေကလည်း မငှားရဲကြဘူး။

DW ။ အဲတော့သူတို့တွေ ဘာတွေလုပ်ကိုင် စားသောက်နေကြတာလဲ။

ဖြေ ။ ရရာအလုပ်ကိုလုပ်ပြီးတော့ ရှာစားနေရတာပေါ့။ ဇာတ်သဘင်အနုပညာသမားဆိုတာက ဒီသဘင်အလုပ်နဲ့ပဲ အသက်မွေးလာတဲ့အခါကျတော့ ဗြုန်းစားကြီး ဇာတ်သဘင်တွေ နားလိုက်တဲ့အချိန်မှာ အခက်အခဲတွေက မျိုးစုံတွေ့တာပေါ့နော်။ ( အသီးတွေဝယ်ရောင်းတာ မကျွမ်းကျင်တော့ ပုပ်သိုးသွားလို့ အရင်းပြုတ်ရတဲ့အဖြစ်တွေ ဖြစ်ပွားခဲ့ဖူးပါတယ်။) အလုပ်ကလဲရှားတယ်။ တစ်ချို့တစ်ချို့သော အနုပညာသမားတွေဆိုရင် သက်ကြီးရွယ်အိုပိုင်းတွေ ရှိတယ်လေ။ အလုပ်ကြမ်းတွေ မလုပ်နိုင်ကြဘူး။ ဒါကြောင့် သဘင်လောကသားတွေ ဒုက္ခရောက်ကြရတဲ့သူက ပိုများပါတယ်။ ထမင်းမငတ်ရုံတစ်မည်ပါပဲ။

DW ။ အခက်အခဲဖြစ်နေတဲ့သူတွေက သက်ကြီးသဘင်သမားတွေ လောက်ပဲလား။ တစ်ခြားသူတွေရောဘယ်လိုရှိလဲ။

ဖြေ ။ သဘင်လောကသား အများစုကတော့ အိမ်ပိုင်ယာပိုင်မရှိကြဘူးလေ။ အိမ်ငှားနေကြရတာကိုး။ ကိုယ့်ရပ်ရွာဒေသကိုလည်း မပြန်နိုင်၊ ဒီမှာရှိနေပြန်တော့လည်း သဘင်ကနားထားရတော့ ရရာအလုပ်ကိုရှာဖွေပြီး လုပ်နေကြရတယ်။ အခက်အခဲကတော့ တော်တော်လေးကို ဖြစ်နေကြပါတယ်။ ထားဝယ်ခရိုင်မှာဆိုလို့ရှိရင် ဒေသခံအနုပညာသမားတွေနဲ့ မိမိရပ်ရွာမပြန်နိုင်တဲ့ အနုပညာသမား အားလုံးပေါင်းဆို အယောက် ၁၅၀ နဲ့ ၂၀၀ ကြားလောက်ရှိတာပေါ့နော်။ သူတို့အားလုံးမှာဆို ၁၀၀ မှာ ၇၀ လောက်က အခက်အခဲဖြစ်နေကြတာပေါ့။

DW ။ ဒီလိုသဘင် အနုပညာသမားတွေ အခက်အခဲမျိုးစုံ ဖြစ်နေကြတဲ့အ‌ပေါ် ဘာများပြောချင်တာရှိလဲ။

ဖြေ ။ သဘင်အစည်းအရုံအဖွဲ့ဝင်တွေရဲ့ ဘဝကို မကူညီနိုင်တဲ့အခါကျတော့ အရမ်းဝမ်းလည်း နည်းတယ်၊ စိတ်မ‌ကောင်းလည်းဖြစ်ရပါတယ်။ ကိုယ်တောင်မှ စားဖို့အနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာ အခက်အခဲဖြစ်နေတဲ့ ကိုယ့်လောကသားတွေကို ပြန်မကူညီနိုင်တဲ့အခါကျတော့ ပိုပြီးတော့ခံစားရတယ်။ ကိုယ်တောင်မှ စားဖို့ရုန်းကန်နေရတဲ့အချိန် သူတို့ဘက်ကို မလှည့်ကြည့်နိုင်ဘူး။ နိုင်တဲ့ဘက်ကတော့ လိုက်ကူညီပေးနေတာပေါ့နော်။

DW ။ မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဘက်ကရော ဘာများလုပ်ပေးနေတာရှိလဲ။

ဖြေ ။ တနင်္သာရီတိုင်းအနေနဲ့တော့ အကူအညီရတာမျိုးမရှိသေးပါဘူး။ သူတို့လည်း သူတို့အခက်အခဲနဲ့ သူတို့ရှိမှာပေါ့လေ။ ကျွန်တော်တို့ကလည်း ဒီမှာအခက်အခဲဖြစ်နေလို့ ကူညီပေးပါဦးလို့ အတင်းအဓမ္မကြီး တောင်းလဲမတောင်းဘူးလေ။ သဘင်အနုပညာသမား‌တွေရဲ့ စားဝတ်နေရေး အခက်အခဲက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်နေတာကိုး။

DW ။ နောက်ထပ် ဘာများဖြည့်စွက် ပြောချင်တာရှိသေးလဲ။

ဖြေ ။ အနုပညာသမားတွေ၊ သဘင်လောကသားတွေအားလုံး အခက်အခဲတွေကို ကျော်လွှားနိုင်အောင် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခက်အခဲကနေ အမြန်ဆုံး ပြီးဆုံးစေချင်ပါပြီ။ အဲဒါမှလည်း ကျွန်တော်တို့ သဘင်လောကသားတွေ နလန်ပြန်ထူနိုင်မှာလေ။

DW ။ ကျေးဇူးတင်ပါတယ်။

“စားဝတ်နေရေးလည်း ခက်ခဲနေတယ်.. အကြွေးတွေလည်းတင်ပေါ့”

အလုပ်လက်မဲ့ အသက် ၆၀ ကျော်မျက်မမြင် နှဲဆရာ ဦးဘရီ

DW ။ နေကောင်းရဲ့လားခင်ဗျ။ အလုပ်အကိုင်အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ နေကောင်းပါတယ်။ သွေးတိုးနဲနဲရှိတာတစ်ခုပဲ။ အလုပ်အကိုင်က အဆင်မပြေဘူး။ ပွဲလမ်းသဘင်တွေကလည်း ရှားနေတော့လေ။

DW ။ ဆိုင်းဝိုင်းမှာ နှဲမမှုတ်ရတာ ဘယ်လောက်ကြာနေပြီလဲ။ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ ခင်ဗျ။

ဖြေ ။ ကိုဗစ်ရောဂါစဖြစ်ကတည်းက အလုပ်သိပ်မဖြစ်တော့ဘူး။ ကြားထဲမှာ ကထိန်ပွဲ၊ ရှင်ပွဲလေးလုပ်လို့ အလုပ်နဲနဲရတယ်။ လင်မယားနှစ်ယောက် စားမလောက်ဘူး။ အိမ်ငှါးနေရတယ်ဆိုတော့လေ။ အိမ်လခ၊ရေဖိုးမီးဖိုးက ငါးသောင်းလောက်ကျနေတယ်။

ဦးက သိတဲ့အတိုင်း မျက်မမြင် ဒုက္ခိတ တစ်ယောက်ဆိုတော့ အလုပ်အကိုင် အခက်အခဲတွေ အများကြီးရှိနေတာပေါ့။ စားဝတ်နေရေးလည်း ခက်ခဲနေတယ်။ ဆိုင်းမတီးရတော့ အကြွေးတွေလည်းတင်ပေါ့။ အကြွေးတင်တာက ထားပါဦး လောလောဆယ် ပြဿနာက စားဝတ်နေရေး အခက်အခဲကြုံနေတာပေါ့။

DW ။ ထောက်ပံ့မှုတွေ ရနေတာမျိုးရှိလား ခင်ဗျ။

ဖြေ ။ မရ မရ လုံးဝကိုမရဘူး။ အဖွဲ့အစည်းအနေနဲ့ကတော့ ဟိုးအရင် NLD လက်ထက်က ကိုဗစ်ထောက်ပံ့ကြေးတွေ၊ ဆန်ဆီဆားတွေ ရဖူးပါတယ်။ အာဏာသိမ်းပြီး နောက်တော့ ဘယ်သူ့မှမလာတော့ဘူး။ အလုပ်မရှိတော့ ငွေကြေးမရှိ ရိက္ခာအခက်အခဲဖြစ်တယ်။

DW ။ သားသမီးဆီကရော ထောက်ပံ့မှုတွေရနေလား။

ဖြေ ။ သားသမီးတွေက အဝေးမှာနေကြတယ်။ သူတို့လည်း အလုပ်အကိုင် အဆင်မပြေကြ ပင်ပန်းနွမ်းနယ် ဆင်းရဲကြတယ်ဆိုတော့ ထောက်ပံ့မှုမပေးနိုင်ကြဘူး။

DW ။ အမျိုးသမီးကရော ဝင်ငွေရတဲ့ ဘယ်လို အလုပ်တွေ လုပ်နေတာလဲ ခင်ဗျ။

ဖြေ ။ အမျိုးသမီးလည်း အသက် ၆၀ ကျော်ပြီဆိုတော့ လက်ရှိဘာအလုပ်မှ မရှိဘူး။ ထမင်းဟင်း ချက်ကြွေးတာပဲ လုပ်နေတယ်။ ဝင်ငွေမရှိတော့ အစားအသောက်လည်း တော်တော်လေး ချွေတာနေရတယ်။ ထောင်ကဲ(အလုပ်ရှင်)ကလည်း အမြဲတမ်းမထုတ်ပေးနိုင်ဘူးလေ။

DW ။ ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဆက်စပ်သတင်း >>>>>

ကာလရှည် ပွဲမကရသဖြင့် ဇာတ်သမားများ စားဝတ်နေရေးခက်ခဲ