ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်မှုတွင် ရဲသုံးဦးသေပြီး လေဦးဖမ်းမိဟု ဒေသကာကွယ်ရေးတပ်ထုတ်ပြန်

0
3772

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ရဲသုံးဦး သေဆုံးပြီး လေးဦးကို အရှင်ဖမ်းဆီးရမိကြောင်း တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်သည့် နဂါးနီစစ်ကြောင်းက ထုတ်ပြန်သည်။

ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွ တံတားစစ်ဆေးရေးဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စခန်းမှူး၊ ဒုတပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦးသေဆုံးပြီး၊ ဒုရဲအုပ်အပါ နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားကာ တပ်ကြပ်၊ ဒုတပ်ကြပ်နှင့် တပ်သားနှစ်ဦးတို့ကို အရှင်ဖမ်းဆီးရမိထားကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထား သည်။

ယင်းအပြင် AK 47 တစ်လက်၊ M16 လေးလက်၊ G3 တစ်လက်၊ ၆၀ မမပြောင်းတို တစ်လက်၊ ရှေ့ထွက်မိုင်း ၂ လုံး၊ AK 47 ကျည် ၂၀၀၊ M16 ကျည် ၅၀၀၊ G3 ကျည် ၃၀၀၊ ၆၀ မမ ကျည် ၁၀ လုံး စသော လက်နက်ခဲ့ယမ်းများလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတပ်သားများ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပြီး စစ်ကောင်စီဘက်ကမှု အထက်ပါဖြစ်ရပ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိသည့်အပြင် ဒေသခံများ ထောင်နှင့်ချီလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့ကတော့ အခြေအနေကောင်းနေတယ်။ လူအသွားအလာတော့ သိပ်မရှိဘူး။ တိမ်းရှောင်နေကြတဲ့ လူတွေလည်း မပြန်ရဲကြသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ချောင်းနှစ်ခွရဲစခန်းနှင့် တံတား စစ်ဆေးရေးဂိတ်စခန်းသည် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိပြီး ရဲနှင့် BGF တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့မှုများရှိခဲ့သည်။