ကာလရှည် ပွဲမကရသဖြင့် ဇာတ်သမားများ စားဝတ်နေရေးခက်ခဲ

0
3659

ဇာတ်ပွဲမကရသည်မှာ နှစ်ချီကြာလာပြီဖြစ်၍ ထားဝယ်ဒေသ ဇာတ်သဘင်သမားများမှာ စားဝတ်နေရေး အခက်တွေ့လာနေကြကြောင်း ထားဝယ်မြို့နယ် သဘင်အစည်းအရုံးထံမှ သိရသည်။

၂၀၂၀ ကိုဗစ်ကာလမှစပြီး ပွဲလမ်းသဘင်ကျင်းပခွင့်မရှိတော့ဘဲ အာဏာသိမ်းပြီးနောက်မှာလည်း လူစု၊လူဝေးမလုပ်ရ၊ ညမထွက်ရအမိန့်ကြောင့် ညဘက်ပွဲကသည့် အလုပ်များအားလုံး ရပ်နားခဲ့ကြရသည်မှာ ၃ နှစ်နီးပါးရှိလာပြီ ဖြစ်သည်။

ထားဝယ်ဒေသတွင် ဇာတ်သဘင် အနုပညာအလုပ်ဖြင့် အသက်မွေးသူ ၁၅၀ မှ ၂၀၀ အကြားရှိပြီး ၎င်းတို့အထဲမှ ၇၀ ရာနူန်းမှာ စားဝတ်နေရေး အခက်တွေ့နေရကြောင်း ထားဝယ်မြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်ရွှေက ပြောသည်။

“တစ်ချို့တစ်ချို့သော အနုပညာသမားတွေဆိုရင် သက်ကြီးရွယ်အိုပိုင်းတွေရှိတယ်လေ။ အလုပ်ကြမ်းတွေမလုပ်နိုင်ကြဘူး။ ဒါကြောင့် သဘင်လောကသားတွေ ဒုက္ခရောက်ကြရတဲ့သူက ပိုများပါတယ်။ ထမင်းမငတ်ရုံတစ်မည်ပါပဲ” ဟု ၎င်းကဆိုသည်။

တခြားဒေသမှနေပြီး ထားဝယ်‌ဒေသတွင် ဇာတ်ကလာကြသည့် သဘင်သမားများမှာ အိမ်ခန်းလခ မပေးနိုင်ကြသဖြင့် ထားဝယ်မြိုနယ် သဘင်အစည်းအရုံးတွင် နေထိုင်နေကြရသူများလည်းရှိသည်။

အလုပ်လုပ်နိုင်သူများအဖို့ အခြားအလုပ်ကြမ်းများ လုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနိုင်သေးသော်လည်း သားထောက်သမီးခံမရှိသူ သက်ကြီးရွယ်အိုများမှာ စားရေးသောက်ရေး၊ ကျန်းမာရေးကိစ္စများအတွက် အလွန်အခက်အခဲဖြစ်နေကြောင်း ဇာတ်သဘင်လောကသားအချို့ကဆိုသည်။

“သက်ကြီးရွယ်အိုတွေ၊ ကျောထောက်နောက်ခံ သားသမီးမရှိတဲ့သူတွေဆိုရင် အိမ်ငှားမနေနိုင်တော့ဘူး။ သဘင်အစည်းအရုံမှာပဲနေ။ ရပ်ကွက်ထဲဟိုလိုက်နှိပ်၊ ဒီလိုက်နှိပ် ရတာလေးနဲ့ စားနေရတာပေါ့။ သားသမီးရှိတဲ့သူကလည်း အပြင်ရရာအလုပ်တွေ ထွက်လုပ်ပြီးတော့ အဆင်ပြေသလို ရပ်တည်နေကြတာပေါ့” ဟု ကီးဘုတ်သမား ဦးဂွိမ်းကပြောဆိုသည်။

ထားဝယ်ဒေသမှနာမည်ကြီး ဇာတ်မင်းသား၊ မင်းသမီးအချို့မှာလည်း ရွှေ့ပြောင်းအလုပ်သမားအဖြစ် ထိုင်းနိုင်ငံဘက်တွင် အလုပ်သွားလုပ်နေရသူများ တစ်စတစ်စများပြားလာနေသည်။

“ထားဝယ်မြို့က မင်းသား၊ မင်းသမီးတွေ ကျွန်တော်အထင်တော့ ၁၀ ယောက် ၁၅ ယောက်လောက်ရှိမယ် ထိုင်းဘက်မှာ အလုပ်သွားလုပ်နေကြတယ်။ တစ်ချို့ကျတော့လည်း ထိုင်းထဲမှာ ဇာတ်ပွဲတွေကကြတာပေါ့။ တစ်ချို့ကျတော့လည်း စားသောက်ဆိုင်မှာ လုပ်ကြတာပေါ့။ ပန်းခြံမှာလုပ်နေကြတာတွေလည်းရှိတာပေါ့” ဟု ဦးဂွိမ်းကဆိုသည်။

ပြည်တွင်းတွင် ကျားကန်းရပ်တည်နေကြသည့် သဘင်သမားများမှာလည်း မကျွမ်းကျင်သည်လုပ်ငန်းများ လုပ်ကိုင်နေရသဖြင့် လုပ်သလောက်အရာမထင်ဘဲ တစ်ခါတစ်ရံ အရှုံးပေါ်နေရကြောင်း သဘင်သမားအချို့က ပြောဆိုကြသည်။

နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုမရှိသောကြောင့် ညလုံးပေါက်ကရသည့် ဇာတ်ပွဲကြီးမှာ လုံးဝအလုပ်မဖြစ်တော့ဘဲ နေ့ဘက်နာရီပိုင်းခန့်သာ ဖျော်ဖြေရသည့် နတ်ပွဲ၊ အလှူပွဲအနည်းငယ်မှာသာ လိုက်လံဖျော်ဖြေရတော့‌ကြောင်း မြို့နယ်သဘင်စည်းရုံး ဥက္ကဋ္ဌက ဦးတင်မောင်ရွှေကဆိုသည်။

ဆက်စပ်သတင်း >>>>>

ကိုဗစ်၊ ကိုစစ်ကြားက သဘင်သည်များ