ထားဝယ်တွင် ထိုင်းထီရောင်းအားတက်လာဟုဆို

0
4496

ထားဝယ်တွင် ထိုင်းထီရောင်းအား ယခင်ကထက် တက်လာကြောင်း ထိုင်းထီရောင်းသူအချို့က ပြောသည်။

စစ်တပ်အာဏာသိမ်းမှုအပြီးတွင် အစိုးရကရောင်းသည့် အောင်ဘာလေထီ ရောင်းသူမရှိတော့သလို ထီထိုးသူလည်းမရှိတော့သဖြင့် ထီရောင်းချသူအချို့က ထိုင်းထီကို ပြောင်းလဲရောင်းချလာခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဧပြီလမှ စ၍ ထိုင်းထီ စောင်ရေ ၂၀ ခန့် စတင်ရောင်းချခဲ့ရာ တဖြည်းဖြည်းရောင်းအားတက်သည်ဟု ထားဝယ်မြို့မှ ထိုင်းထီရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရောင်းအားကတော့ တက်လာတာပေါ့။ အရင်က စရောင်းတုန်းကနဲ့စာရင်တော့ တက်လာတယ်။ စရောင်းတုန်းက စောင်ရေ ၂၀ လောက်ပဲ စရောင်းတယ်။ ခုက စောင်ရေ ၃၀၀ လောက်ထိဖြစ်လာတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ထိုင်းထီကို ကော့သောင်းမှတစ်ဆင့် ထားဝယ်သို့ မှာယူရောင်းချခြင်းဖြစ်ပြီး Online မှလည်းရောင်းသလို အိမ်ရှိအထည်ဆိုင်တွင်လည်း ရောင်းကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

ထိုင်းထီထိုးသူများမှာ ထားဝယ်ဒေသခံ အများစုဖြစ်ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများကလည်း မှာယူထိုးကြကြောင်း ၎င်းက ပြောသည်။

ထိုင်းထီတစ်စောင်လျှင် ငွေကျပ် ၉၀၀၀ မှ ၉၅၀၀ ကျပ်ခန့်အထိ ရှိပြီး ဘတ်ဈေးအတက်အကျပေါ်မူတည်ကာ ဈေးနှုန်း အတက်အကျရှိသည်ဟု ထားဝယ်မြို့မှ ထိုင်းထီရောင်းနေသူ အခြားအမျိုးသမီးတစ်ဦးက ပြောသည်။

“ကိုယ့်အသိတွေပဲ ထိုးကြတယ်လေ။ အွန်လိုင်းကနေပဲ ထိုးကြတာ” ဟု ၎င်းက ဆိုသည်။

ထိုင်းထီလက်မှတ်ကို အိမ်သို့ လာယူသူရှိသလို အိမ်အရောက်ပို့ပေးရသည်လည်းရှိကြောင်း ထိုင်းထီရောင်းသူအချို့က ပြောသည်။

အချို့မှာ ထိုင်းထီလက်မှတ်ကို Facebook Messenger ကနေ ဓာတ်ပုံရိုက်ကာ ပေးပို့ ရောင်းချတာဖြစ်ပြီး ထီလက်မှတ်မှာ ပင်ရင်းရောင်းသူ၏ လက်ဝယ်တွင်သာ ကိုင်ဆောင်ထားသည်ဟု ထိုင်းထီရောင်းသူအချို့က ပြောသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် နေထိုင်သူတစ်ဦးမှာ ၂၀၂၂ ခုနှစ် ဧပြီလက ထိုင်းထီ ဘတ် ၆ သန်းပေါက်ခဲ့ဖူးသည်။

ထိုင်းထီမှာ ဂဏန်း ၆ လုံးသာပါရှိသဖြင့် အစုံတစ်အုပ်တွင် စောင်ရေတစ်သန်းသာပါရှိသဖြင့် ပေါက်သူများပြားသည်။

ထီအရွက်တစ်သန်းအုပ် ၁၀၀ ခန့်ထုတ်သည်ဟုသိရပြီး အမြင့်ဆုံးဆု ဘတ် ၆ သန်းမှာ တစ်သန်းအုပ်တစ်အုပ်တွင် တစ်ဆုရမည်ဖြစ်ရာ ဘတ် ၆ သန်းဆု ၁၀၀ ပါရှိသည်ဟု ဆိုနိုင်သည်။

ယင်းကြောင့်ပင် ထိုင်းထီပေါက်သူအလွန်များပြီး ထီကံစမ်းသူများနေခြင်းဖြစ်သည်။

မည်သည့်နိုင်ငံသားမဆို ထီထိုးခွင့်ရှိပြီး ထီပေါက်ပါက ထိုင်းအစိုးရကို ၂ ရာခိုင်နှုန်းအခွန်ဆောင်ရသည်။

လစဉ် ၁၆ ရက်နေ့တစ်ကြိမ်၊ လကုန် ၁ ရက်နေ့ တစ်ကြိမ် စုစုပေါင်း တစ်လ နှစ်ကြိမ် ထွက်ရှိသည်။