ကော့သောင်းဒေသခံ အမျိုးသမီးတစ်ဦး ဘန်ကောက်တွင် ဝတ်လစ်စားလစ်ဖြင့်သေဆုံး

0
4914

ကော့သောင်းဒေသခံ မြန်မာအမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ရှိ သူနေထိုင်ရာအခန်းအတွင်း၌ ဝတ်လစ်စားလစ်ဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် မ— ဖြစ်ပြီး “ထားဝယ်သူ” ဟု လူသိများကြောင်း ကော့သောင်းဒေသခံတစ်ဦးဖြစ်ကာ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း သူမ၏မိတ်ဆွေများကဆိုသည်။

အဆိုပါအမျိုးသမီးမှာ ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်လမ်း အမှတ် ၈၉ ရှိ မြန်မာအလုပ်သမား အများစုနေထိုင်ရာ နှစ်ထပ်အဆောက်အအုံတွင် နေထိုင်ခြင်းဖြစ်သည်။

အခန်းအတွင်းအနံ့ထွက်ကာ သေဆုံးနေသည်ကို မနေ့နေ့လယ် ၁ နာရီခွဲအချိန်ခန့်၌ တစ်တိုက်တည်းနေ မြန်မာအလုပ်သမားတစ်ဦးမှ တွေ့ရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များ ရောက်ရှိလာသောချိန်တွင် အခန်းမှာ သော့ခတ်ထားသဖြင့် ဘေးကပြတင်းပေါက်မှန်ကိုခွဲကာ သော့ဖွင့်ဝင်ရောက်ရပြီး အခန်းထဲတွင် အဝတ်အစားမရှိဘဲ လည်ပင်းတွင် လက်ကိုင်အိတ်ကြိုးဖြင့် ဖိညှစ်ထားသည့်ပုံစံနှင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ထိုင်သတင်းဌာနများတွင် ဖော်ပြထားသည်။

အလောင်းမှာ အနံ့ထွက်ကာ ပုပ်ပွနေပြီဖြစ်ပြီး လွန်ခဲ့သော နှစ်ရက်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

အခန်းထဲတွင် ၂ ပေခွဲအရှည် သစ်သားချောင်းတစ်ချောင်းတွေ့ရှိခဲ့ရသဖြင့် သက်သေအဖြင့် သိမ်းဆည်းခဲ့ပြီး ဘေးနားတွင် ခိုက်ရန်ဖြစ်ပွားမှုပုံစံမျိုးနှင့် အခန်းတွင်းရှာဖွေထားသည့်ပုံစံမျိုးမတွေ့ရှိခဲ့ရဘဲ အလောင်းတွင်လည်း ရိုက်နှက်ထားသော ဒဏ်ရာမတွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

သေဆုံးသူသည် ပြီးခဲ့သော နိုဝင်ဘာလ ၈ ရက်နေ့က ထိုင်းတန်ဆောင်တိုင်ပွဲတော် “Loi Krathong” ပွဲတော်ကို သွားရောက်ခဲ့ကာ သူ့သူငယ်ချင်းများနှင့် နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက် အဆက်သွယ်ပြတ်သွားခဲ့ကြောင်း သိရသည်။

အလုပ်ကိုလည်း ၂ ရက်ပျက်ကွက်ခဲ့ပြီးနောက် သူ၏ သော့ခတ်ထားသော အခန်းအတွင်း အနံ့ထွက်လာခဲ့ရာမှ သေဆုံးခဲ့သည်ကို သိရှိခဲ့ရကြောင်း မြန်မာအလုပ်သမားတစ်ဦးထံမှ သိရသည်။

“အခုထိုင်းမှာ သူ့အမျိုးတွေလည်းမရှိဘူး၊ ညီအကိုမောင်နှမလည်း မရှိဘူး၊ အလောင်းကိုတော့ ဆေးရုံကို ယူသွားကြတယ်” ဟု ၎င်းကဆိုသည်။

အမှုဖြစ်စဉ်အတွက် ထိုင်းရဲတပ်ဖွဲ့မှ သူမ၏ ကောင်လေးဟု ယူဆထားကြသော မွန်ပြည်နယ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူမ၏ ကောင်လေးဟုတ်မဟုတ်ကို အတည်ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

“အခုကောင်လေးက သတ်တယ်ဆိုရင်တောင် သူဆိုင်မှာ အလုပ်တွေ လုပ်နေမှာမဟုတ်ဘူး၊ သူက အဲလိုပဲ လူတွေကို လိုက်ကူညီနေကြ၊ အဲအခန်းတွေက ဟိုဘက်ဒီဘက် စကားတိုးတိုးပြောရင်တောင် ကြားရတဲ့အခန်းတွေပါ၊ ရုန်းရင်းဆန်ခက်ဖြစ်ရင် တခြားအခန်းတွေ မသိစရာမရှိဘူး၊ အခုက သံသယတရားခံဆိုပြီး ဖမ်းသွားတာပဲ၊ အမှုမှန်ပေါ်လာဖို့ မျှော်လင့်ပါတယ်” ဟု ထိန်းသိမ်းခံထားရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

သေဆုံးမှုဖြစ်စဉ်ကို သိရှိနိုင်ရန်အတွက် ရင်ခွဲစစ်ဆေးမှုပြုလုပ်ရန်အတွက် အလောင်းကို စီရီရန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

Ref: Matichon Online