ပုလော ထမင်းမစားရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်

0
4023
ဓါတ်ပုံ - ပုလော K-PDF

ပုလောမြို့နယ်၊ ထမင်းမစားရွာအနီးတွင် ယနေ့ ညနေပိုင်းက ဗိုလ်ခေါင်းဖြူတပ်ဟု ခေါ်သည့် ကရင်ပြည်သူ့ ကာကွယ်ရေးတပ် (K-PDF) နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားကြောင်း K-PDF က ထုတ်ပြန်သည်။

ထမင်းမစားရွာနှင့် နန်းပရုပ်ရွာကြား လမ်းကင်းလာယူသည့် စစ်ကောင်စီတပ်အား ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ဗိုလ်ခေါင်းဖြူစစ်ကြောင်းမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့လည်း ညနေက အဲဒီရွာဖက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ကြားရတယ်” ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကရင်ပြည်သူ့ကာကွယ်ရေးတပ် (K-PDF) နှင့် ပျူစောထီးတို့ ပူးပေါင်းပါဝင်သည့် စစ်ကောင်စီတပ်တို့အကြား ထမင်းမစားရွာအနီး မကြာခဏတိုက်ပွဲ့ ဖြစ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီသတင်းပေး ကရင်ကြီးဆိုသူအား ဗိုလ်ခေါင်းဖြူတပ်ဖွဲ့က ထမင်းမစားရွာအနီးတွင် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။