ဆန်သယ်ယူခွင့် ကန့်သတ်ခံရသဖြင့် စပါး‌ဝယ်မရဲဟုဆို၊ ဈေးနှိမ်ခံရမည်ကို လယ်သမားများစိုးရိမ်

0
3700

ထားဝယ်ခရိုင်အတွင်း ဆန်သယ်ယူခွင့်ကန့်သတ်ခံနေရသဖြင့် ဆန်စက်လုပ်ငန်းရှင်များ စပါးမဝယ်ရဲဘဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို့တွင် လူတစ်ဦးလျှင် အများဆုံးဆန် ၇ အိတ်အထိသာ သယ်ယူခွင့်ပြုထားကြောင်း ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်အချို့က ပြောသည်။

ထိုကဲ့သို့ ဆန်သယ်ယူခွင့်ကန့်သတ်ခံနေရသဖြင့် ဒေသထွက်စပါးများ ကြိတ်ခွဲပြီး ရန်ကုန်မြို့သို့တင်ပို့ရန် အခက်အခဲ ဖြစ်နေကြောင်း ဆန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ထားဝယ်ကနေလည်း ၇ အိတ်ထက်ပိုပြီး နယ်တွေကို သယ်လို့မရဘူး။ နယ်ကနေလည်း ထားဝယ်ကို သယ်လို့ မရဘူး။ တစ်ခါသယ်ရင် ၇ အိတ်သယ်နေလို့ အလုပ်မဖြစ်ဘူး။ ဒါကစီးပွားရေးလုပ်ငန်းလေ” ဟု ဒေသခံ ဆန်ရောင်းဝယ်ရေးသမားတစ်ဦးက ပြောသည်။

ဆန်သယ်ယူခွင့်ကန့်သတ်ခံလာရသဖြင့် ဆန်စက်လုပ်ငန်းရှင်များမှာ ဒေသထွက်စပါးများကို မဝယ်တော့ဘဲ အခြေအနေစောင့်ကြည့်နေကြကြောင်း ပြောဆိုကြသည်။

“ဝယ်ပြီး သိုထားနိုင်တဲ့သူတွေတော့ ဝယ်နေကြတာရှိတယ်။ ကျွန်တော်တို့က သိုထားလို့လည်း အဆင်မပြေ၊ ကြိတ်ခွဲပြီးပို့မယ်ဆိုတော့လည်း သယ်လို့မရဲဘူးဆိုတော့ အခုအနေအထားမှာတော့ စပါးတွေ လိုက်မဝယ်သေးဘဲ စောင့်ကြည့်နေတာပေါ့” ဟု လောင်းလုံးဒေသခံ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

ထားဝယ်ခရိုင်ရှိ လယ်သမားများမှာ ဒေသတွင်းစပါးများကို ဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်သို့ ဆန်တင်ပို့သူများကိုသာ အဓိကမှီခိုရောင်းချနေကြရသည်။

လက်ရှိမိုးစပါးပေါ်ချိန်တွင် ဆန်လုပ်ငန်းရှင်များက စပါးမဝယ်တော့သဖြင့် ၎င်းတို့စိုက်ပျိုးထားသောစပါးများ ရောင်းမထွက်မည်၊ ဈေးကောင်းမရမည်ကို လယ်သမားများက စိုးရိမ်လျှက်ရှိသည်။

“အရင်ကဆို စပါးကိုလယ်ထဲက မထွက်သေးဘူး သူ့ဆန်စက်မှာလာထားပါ၊ ငါ့ဆီမှာ ရောင်းပါ လိုက်လုနေတဲ့ အဝယ်တော်တွေက အခုလည်းဆိုရော စပ်လို့ကို မထိတော့ဘူး” ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ လယ်သမားတစ်ဦးက ဆိုသည်။

ထားဝယ်ခရိုင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ရှိသူကလည်း ဒေသတွင်း ဆန်သယ်ယူခွင့် ကန့်သတ်ခံနေရသည့်အပြင် ထားဝယ်ဒေသထွက် ဆန်များကို တိုင်းပြင်ပသယ်ယူခွင့်မရှိဖြစ်နေကြောင်း ပြောဆိုသည်။

တနင်္သာရီတိုင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကမူ ဆယ်သယ်ယူခွင့်နှင့်ပတ်သတ်ပြီး လယ်သမားများ ကြုံတွေ့နေရသည့်အခက်အခဲများကို လာရောက်တင်ပြ‌နိုင်ကြောင်း ပြောဆိုသည်။

“အခုအချိန်အထိတော့ ဒါတွေနဲ့ပတ်သတ်ပြီး တင်ပြလာတာမရှိသေးဘူး။ သူတို့ (ဆန်လုပ်ငန်းရှင်များ) အခက်အခဲရှိရင် တင်ပြပါ” ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်ဆန်စပါးထုတ်လုပ်သူများအသင်းဘက်ကလည်း ဆန်သယ်ယူခွင့် ကန့်သတ်ခံ‌နေရသည့်ကိစ္စ တာဝန်ရှိသူတို့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“တင်ပြဖို့တော့ရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ် သူတို့မှာအလုပ်များနေလားတော့ မသိဘူး။ တွေ့လို့မရသေးဘဲ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

လယ်သမားများမှာမူ သွင်းအားစုများကို ဈေးကြီးကြီးဖြင့် ရင်းနှီးလုပ်ကိုင်ထားရပြီး စပါးရောင်းချမရမည်ကို စိုးရိမ်နေကြသည့်အပြင် ဆန်သယ်ခွင့်ကန့်သတ်ခံနေရသည်ကို အကြောင်းပြပြီး စပါးဈေးအနှိမ်ခံရမည်ကိုလည်း စိုးရိမ်လျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

လက်ရှိ ထားဝယ်ခရိုင်တွင် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ၁၃၀၀၀ ကျပ် ဝန်းကျင်ပေါက်ဈေးရှိနေပြီး ကမာကြည် အမျိုးအစား စပါးမှာ မထွက်သေးသဖြင့် ဈေးမသိရသေးပေ။