ထားဝယ်တွင် ဖျာရက်သည့် ပျော့ပင် ဈေးမရ၊ ခုတ်ရောင်းသူများ တွက်ခြေမကိုက်

0
3839

ထားဝယ်ဒေသတွင် ဖျာရက်လုပ်ရာတွင်အသုံးပြုသည့် ပျော့ပင်ဟုခေါ်သော အပင် ဈေးမရသောကြောင့် ခုတ်ရောင်းကြသူများ တွက်ခြေမကိုက်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ယခင်နှစ်က ပျော့ပင် တစ်သောင်းကို သုံးသောင်းကျပ်ခန့်ပေါက်ဈေးရှိပြီး ယခုနှစ်တွင် အပင် တစ်သောင်းကို တစ်သောင်းခွဲ နှစ်သောင်းခန့်အထိသာ ပေး၍ ‌ မရောင်းဘဲထားထားရကြောင်း လောင်းလုံးမြို့နယ်မှ ပျော့ပင် ခုတ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီဈေးနဲ့တော့ ကျွန်မတို့မရောင်းတော့ဘူး။ မီးပဲရှို့ပစ်တော့မယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံရေးမငြိမ်သက်မှုနှင့် အလုပ်အကိုင်ရှားပါးက စားဝတ်နေရေးမပြေလည်မှုတို့ကြောင့် လူငယ်အများစုသည် ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ ထွက်ခွာသွားကြသဖြင့် ဖျာရပ်လုပ်ငန်း လုပ်ကိုင်သူလည်း နည်းပါးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဓိက လုပ်မယ့်သူမရှိကြတာပေါ့။ ထိုင်း၊ မလေး ပြန်ခေတ်စားလာကြတာကိုး။ အခုက ရွာမှာကျန်တဲ့ အသက်ကြီးပိုင်းတွေကပဲ လုပ်တော့တယ်” ဟု ၎င်းက ဆိုသည်။

ယခင်က ပျော့ပင်ကို အပြိုင်အဆိုင်ဈေးပိုပေး၍ ကြိုတင်မှာယူသူများကြပြီး ယခုနှစ်တွင် မှာယူသူ မရှိသလောက် ဖြစ်လာကြောင်း ပျော့ပင်ခုတ်ရောင်းသူအချို့က ပြောသည်။

“အရင်က ဈေးအရင်ပေးထားပြီး မှာတယ်။ အခုက အဲဒီလိုမဟုတ်တော့ဘူး။ ဈေးဘယ်လောက်ပေးမှာလဲလို့ ကိုယ်က မေးရတယ်” ဟု လောင်းလုံးမြို့နယ်မှ ပျော့ပင်ခုတ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်တွင် အနံသုံးတောင် အလျား ငါးတောင်ရှိသောဖျာ တစ်ချပ်ကို ငွေကျပ် တစ်သောင်းနှစ်ထောင်ခန့် ပေါက်ဈေးရှိနေပြီး ဈေနှုန်းမှာလည်း ယမန်နှစ်များအတိုင်း ပြောင်းလဲမှုမရှိကြောင်း သဗျာရွာမှ ဖျာလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကျွန်မတို့ကတော့ မနှစ်က လက်ကျန်နဲ့ လုပ်နေတာပေါ့နော်။ မနှစ်က ပျော့ပင် တစ်သောင်းကို နှစ်သောင်းခွဲ ပေးရတယ်။ ဒီနှစ်ကတော့ မဝယ်သေးဘူး။ ဖျာလုပ်သူသိပ်မရှိတော့ ဈေးကျနိုင်တယ်” ဟု ၎င်းက ပြောသည်။

ပျော့ပင်၏ အရွယ်အစားမှာ လူတစ်ရပ်ကျော်ရှိပြီး စိုစွတ်သည့်မြေ၊ ဒီရေဝင်ရောက်သည့် ချောင်းများနှင့် လယ်ကွင်းစပ် များတွင် အများဆုံး ပေါက်လေ့ရှိသည့် အလေ့ကျပင်တစ်မျိုးဖြစ်သည်။

ထားဝယ်ဒေသတွင် ယင်းလုပ်ငန်းကို လောင်းလုံးမြိုနယ် မဲမော်ရွာနှင့် သဗျာရွာတို့တွင်အများဆုံး ပြုလုပ်ကြပြီး တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေ ရရှိနိုင်သော လုပ်ငန်းအမျိုးအစားလည်း ဖြစ်သည်။

ယင်းလုပ်ငန်း လုပ်ကိုင်သူများမှာ သီတင်းကျွတ်မှ တပို့တွဲလအထိ ဖျာရက်ရာတွင်အသုံးပြုသည် ကုန်ကြမ်းများကို စုဆောင်းကြပြီး မိုးတွင်းကာလများတွင် စတင်ရက်လုပ်ကြသည်။

ယခင်က ပျော့ဖျာအပါအဝင် ဂျစ်ဖျာများကိုလည်း ရက်လုပ်ကြလေ့ရှိရာ ဂျစ်ပင်မှာ ဆူးရှိသည့်အတွက် ထွက်လာသည့် ဖျာမှာ ကြမ်းကာ လူကြိုက်နည်းကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ပျော့ဖျာမှာ ပျော့ပျောင်းပြီး ချောမွေ့မှုရှိသည့်အတွက် လူကြိုက်များကြကြောင်း ၎င်းတို့က ပြောသည်။