ပုလောတွင် တိုက်ပွဲကြောင့် ရွာသားများထွက်ပြေးနေရပြီး နေအိမ်အချို့မီးရှို့ခံရဟုဆို

0
3896
နိုဝင်ဘာလ ၈ရက်နေ့က မီးရှို့ခံရသည့် တပိုကျေးရွာက နေအိမ်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျေးရွာကိုးရွာက ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကဒဲ၊ ပဝတ်ကုန်း၊ သင်္ကန်းတော၊ တို၊ ပိတပ်၊ တန်းရှင်း၊ တပို၊ နန်းတောင်၊ မင်းထိန်စသည့် ကျေးရွာနေပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများ ထွက်ပြေးနေစဉ်အတွင်း နိုဝင်ဘာလ ၈ ရက်နှင့် ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တို့တွင် တပို၊ တန်းရှင်း၊ တို၊ သင်္ကန်းတော၊ မင်းထိန် စသည့်ကျေးရွာများမှ နေအိမ်ခြောက်လုံးထက်မနည်း မီးရှို့ခံရကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအပြင် ရွာသားအချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“စစ်တပ်က ဒီမနက်ပဲ မင်းထိန်ရွာထဲကို သေနတ်ပစ်ဖောက်ဝင်လာပြီးတော့ ဘုန်းကြီးကျောင်းနံဘေးက နေအိမ် တစ်ဆောင်ကို မီးရှို့လိုက်တယ်။ အရပ်သား ၁၀ ကျော်လောက်လည်း ဖမ်းထားတယ်။ ဘုန်းကြီးသွားထုတ်တာတောင် မရဘူး။ ပြေးရလွှားရလွန်းလို့ နေ့လည်းမအိပ်ရ၊ ညလည်းမအိပ်ရဖြစ်နေကုန်ပြီ” ဟု မင်းထိန်ရွာမှ ဒေသခံအမျိုးသား တစ်ဦးက ယနေ့နံနက်တွင် ပြောသည်။

ယမန်နေ့က စစ်ကြောင်းထိုးလာစဉ် လမ်းတစ်လျှောက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှ တိုကျေးရွာနေ အသက် ၄၀ ကျော် အရွယ် စိတ်ကျန်းမာရေးဝေဒနာသည် အမျိုးသားတစ်ဦးနှင့် စက်တော်ရာကျေးရွာနေ အမျိုးသမီးတစ်ဦးတို့လည်း
ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

နိုဝင်ဘာလ ၈ရက် နံနက်ကလည်း စစ်ကောင်စီတပ်ရှိနေသည့် နန်းတောင်ရွာ စစ်ဆေးရေးဂိတ်အား ပြည်သူ့ ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့သလို နံနက် ၁၁ နာရီခွဲတွင်လည်း တပိုရွာအနီး ခြေလျင်လာ သည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (K-PDF) ယနေ့တွင် ထုတ်ပြန်သည်။

တပိုရွာအနီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပိုကျေးရွာနေအိမ် သုံးလုံးကိုလည်း မီးရှို့ခံရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထားဝယ် – မြိတ် ပြည်ထောင်စုလမ်း ပုလောမြို့နယ်အတွင်း မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားနေရာမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ စတင်ပြီး တိုက်ပွဲအရှိန်မြင့်တက်လာသည်။

ယင်း လမ်းကြောင်းတစ်လျှောက် နေရာအနှံ့ တိုက်ပွဲဖြစ်ပေါ်နေသဖြင့် ပြည်သူများ အဆိုပါလမ်းမကြီးအား ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) က မေတ္တာရပ်ခံထားသည်။

ပုံစာ – နိုဝင်ဘာလ ၈ရက်နေ့က မီးရှို့ခံရသည့် တပိုကျေးရွာက နေအိမ်။