အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
559

အခန်း(၁၄)

“စံဘ..မင်း ဒီကောင်လေးကို သေချာကြည့်စမ်း”

စီးကရက်ကို ခဲလျက် ကုတ်အင်္ကျီကို စမတ်ကျကျဝတ်ထားသည့် စံဘက မျက်ခုံးပင့်ပြီး ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ..ထွန်းရင်…ဒီမှာ မာကျောက်ရှုံးလာလို့ ညစ်နေရတဲ့အထဲ..ဘယ်ကကောင်တွေ ခေါ်လာပြီး ကြည့်ခိုင်းနေတာလဲ”

“ကြည့်စမ်းပါကွာ…ဘယ်သူနဲ့တူလဲလို့”

စံဘက ထွန်းရင်လက်ညှိးထိုးပြနေသည့် ဧရာ၏ မျက်နှာကို သေချာစေ့စေ့စပ်စပ်ကြည့်သည်။

ထို့နောက်…

“အင်း…ရုပ်ကတော့ စောက်ချိုးတော်တော်မပြေတဲ့ရုပ်ပဲ”

“သူ့မျက်လုံးတွေကို သေချာကြည့်ကွ…အဲ့ဒါ အနှင်း မျက်လုံးတွေ”

“အနှင်း..အနှင်းဆိုတာ…….”

“ဘယ်သူကမှာလဲ…. ငါ့ရဲ့အနှင်းလေကွာ…သူက အနှင်းသားကွ”

“ဟေ”

“ဟုတ်တယ်…14K အလိန်ကြီးကို သတ်တာ ဒီကောင်တွေ၊ ကျော်ဝင်းကို သတ်တာလည်းဒီကောင်တွေပဲ..အနှင်းသားကွ..အနှင်းသား”

စံဘက ကြေးမုံနှင့် ဧရာကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

“ဒီကောင်တွေကို သတ်ဖို့မင်းပဲတာဝန်ယူထားတာလေ..အခု..မင်းကမသတ်ပဲ ဘာလုပ်ချင်တာလဲ”

“ဟ..အနှင်းသားကွ…အနှင်းက မရှိတော့ဘူးဆုံးပြီတဲ့…ငါ့မှာ တာဝန်ရှိတယ်လေကွာ”

“ဟမ်..မင်းနဲ့ ဘာဆိုင်လို့လဲ..မင်းနဲ့ရတာမှမဟုတ်တာ”

“ဆိုင်တယ်ကွ..အနှင်းနဲ့ သက်ဆိုင်သမျှအားလုံး ငါနဲ့ သက်ဆိုင်တယ်…စံဘ”

“မင်းရောဂါကလည်း နာတာရှည်ပဲ..ကဲပြော..ဒီကောင်တွေကို ဘာဆက်လုပ်ကြမလဲ”

“ဘာလုပ်ရမှာလဲ…အနှင်းသားက ငါ့သားပဲ”

စံဘက လှောင်ရယ် ရယ်လိုက်သည်။

“ကဲ..ယောက်ဖရာ…ငါ မင်းကိုနားလည်ပါတယ်..ဒါပေမယ့်..ဒီကောင်တွေကို ငါတို့ ကယ်ထားပြီးပြီဆိုတော့ ဒီကောင်တွေလုပ်ခဲ့တဲ့ စောက်ပြဿနာတွေအားလုံး ခေါင်းခံရှင်းဖို့ မင်းစဥ်းစားထား”‌

“ဒီထက်ဆိုးတဲ့ ပြဿနာတွေတောင် ငါတို့ ဟိုတုန်းက ရှင်းခဲ့ကြပြီးပြီ..မဟုတ်လား..စံဘ.. စိတ်ချပါ ငါတာဝန်ခံရှင်းပါ့မယ်”

“အေးပါ..မင်းပြဿနာကလည်း ငါ့ပြဿနာပါပဲ..ယောက်ဖ..မင်းတစ်ယောက်တည်းရှင်းစရာလည်း မလိုပါဘူး..ငါတို့အားလုံးအတူတူပေါ့”

စံဘနှင့်ထွန်းရင်တို့ အပြန်အလှန်ပြောနေသည်များကို သေတွင်းမှ လွတ်လာခါစဖြစ်သော ကြေးမုံနှင့် ဧရာက ဘာမှ နားမလည်။

ကြောင်စီစီဖြင့် ကြည့်နေကြသည်။

“ကဲ..ဒီနေ့ကစပြီး မင်းတို့နှစ်ယောက် က ငါတို့လူဖြစ်သွားပြီ”

“ဦးလေးတို့က ဘယ်သူတွေလဲ’

“ငါကထွန်းရင်…သူက စံဘ”

စံဘနှင့်ထွန်းရင်ဆိုသည်မှာ ရန်ကုန်လူမိုက်လောက၏ ဥသျှောင်နှစ်ယောက်။

လသာအဖိုးကြီးများဟု လူသိများသောသူများက သူတို့နှစ်ဦးကို ကယ်တင်လိုက်ခြင်းဖြစ်သဖြင့် ကြေးမုံနှင့် ဧရာ မှာ တအံတသြဖြစ်နေကြသည်။

“မင်းတို့အရက်သောက်တတ်လား”

နှစ်ယောက်သား အလုအယက်ခေါင်းညိတ်ပြလိုက်သည်။

“ဟေ့…ဇော်မိုက်…ဟိုနေ့က မော်လမြိုင်ကပါလာတဲ့ ဝီစကီတစ်လုံး၊ ရမ်တစ်လုံး နဲ့ ဖန်ခွက်ခြောက်ခွက် ဟိုကောင်တွေကို ပို့ခိုင်းလိုက်ကွာ”

“ဟုတ်ကဲ့..ကိုထွန်းရင်”

ခဏအကြာတွင် ဝီစကီတစ်လုံးနှင့် ဖန်ခွက်ခြောက်ခွက်ရောက်လာသည်။

“ထွန်းရင်…မင်းကောင်တွေ မျက်နှာမှာလည်း ဖူးယောင်နေတာပဲ..အရင် ဆေးလေးဘာလေးထည့်ပါစေဦးကွာ”

“ရတယ်…ဦးလေး..ကျွန်တော်တို့ အရက်ပဲ အရင်သောက်မယ်”

ကြေးမုံ၏ အပြောကြောင့် စံဘက ပြုံးသွားသည်။

ထွန်းရင်က ခွက်ငါးခွက်ထဲတွင် ဝီစကီထည့်သည်။ခြောက်ခွက်မြောက်ခွက် တွင် ရမ် ကို ထည့်လိုက်သည်။

“ကဲ..မင်းတို့ကောင်တွေ သေတွင်းက လွတ်လာတဲ့အထိမ်းအမှတ်ကွာ”

ခွက် ကိုယ်စီ မလိုက်သည်။

“နောက်နှစ်ယောက် လာဦးမှာ မဟုတ်လား..ဦးလေး”

ဧရာက ထွန်းရင်ကို မေးလိုက်၏။

“မဟုတ်ဘူးကွ..အဲ့ဒါ ငါတို့အကိုကြီး ကိုဖိုးတုတ် နဲ့ ကိုဂန္ဓမာ တို့အတွက် ငှဲ့ပေးထားတာ”

“သူတို့က မလာဘူးလား”

စံဘရော ထွန်းရင်ပါ တိတ်ဆိတ်သွားကြသည်။

“ကဲ..သောက်စရာရှိတာ သောက်ကြကွာ..ပြီးရင် မင်းတို့ဒဏ်ရာကို‌ ဆေးထည့်ပြီး အနားယူဖို့စီစဥ်ပေးမယ်..အခုချိန်ကစပြီး မင်းတို့ကို ဘယ်သူမှ မထိရဲတော့ဘူး..မင်းတို့လုံခြုံသွားပြီလို့သာ မှတ်လိုက်”

“တစ်ခုလောက် ကျွန်တော် တောင်းဆိုပါရစေ..ဦးလေး”

“ဘာလဲ”

“ကျွန်တော့် မမဝင်း ကြံတောထဲမှာ ကျန်ခဲ့တယ်..အဲ့ဒါ ကျွန်တော်တို့ သွားပြန်ခေါ်ချင်တယ်”

“ဟေ့ကောင်..မင်းတောင် ကံကောင်းလို့ မသေတာကို…မင်းကောင်မကို သွားခေါ်ချင်သေးတာလား.. ဒီကောင်မကိစ္စနဲ့ မင်းတို့ ခုနက အရှင်လတ်လတ်မြေမြုပ်ခံရတော့မှာကိုလည်း သတိရဦး”

“ဟေ့လူ..မမဝင်းကို ကောင်မလို့ မခေါ်နဲ့ဗျ…”

ဧရာက ရှေ့တွင် ရှိသော ရမ်ပုလင်းကို ဆွဲမကာ မတ်တပ်ရပ်လိုက်သည်။

ကြေးမုံက အသင့်အနေအထား။

“ဟား..ဟား…မှတ်မိပြီဟေ့..မှတ်မိပြီ…ဒီလို ဒေါသထွက်တဲ့ပုံမြင်မှ လွန်ခဲ့တဲ့နှစ်တွေက ငါ့ဆိုင်ထဲ ကလေးကျောပိုးပြီး ခြောက်လုံးပြူးတစ်လက်နဲ့ လူမိုက်တွေကို ကြမ်းခဲ့တဲ့ မိန်းမကိုသတိရပြီဟေ့..ဟား..ဟား..သဘောကျတယ်ကွာ”

စံဘက သဘောတကျဖြင့် ရယ်နေသည်။

ကြေးမုံက ဧရာလက်ထဲမှ ပုလင်းကို ယူကာ ရှေ့သို့ ပြန်ချလိုက်သည်။

“ဧရာ..ဒီအချိန် မွှန်ရမယ့် အချိန်မဟုတ်ဘူးကွ..ထိုင်..ထိုင်”

ထွန်းရင်က ဝီစီကီခွက်ကို ဇိမ်ခံသောက်ရင်း

“အေးပါကွာ..အေးပါ….မင်း မမဝင်းက ..မမဝင်းပါကွာ”

“ကျွန်တော့် မိန်းမကို သင်္ချိုင်းထဲမှာ စိတ်မချဘူး…ကျွန်တော်တို့ အခုသွားမယ်…ကြေးမုံ မင်းလိုက်မှာလား..မလိုက်ရင် ငါပဲ..သွားမယ်”

စံဘက ဧရာကို ပြုံးကြည့်နေသည်။

ထို့နောက်

“ဇော်မိုက်…..လာဦးဟ”

အသားညိုညို ခပ်တောင့်တောင့်ဖြင့် အသက်လေးဆယ်ခန့် လူတစ်ဦးရောက်လာသည်။

“ချစ်ညို ကို သွားပြော….ကြံတောထဲ ပြန်သွားပြီး… မမဝင်း ဆိုလား..ဟေ့ကောင် နာမည်အရင်းကဘာ”

“ခင်ဝင်းကြည်”

“အေး..အဲ့ဒီ ခင်ဝင်းကြည် ဆိုတဲ့ ဟာမလေးကို မှဲ့တစ်ပေါက်မစွန်းပဲ ခေါ်ခဲ့စမ်းကွာ. ငါ့အမိန့်လို့ပြော..အင်တင်တင်လုပ်တဲ့ကောင်..တစ်ခါတည်း ခုတ်သတ်ခဲ့..ပြီးရင် (၄)လမ်းထိပ်က မြင့်မြင့်တို့ အိမ်ကို ပို့ပေးထား..”

“ဟုတ်ကဲ့..ကိုစံဘ”

“ကဲ..ကောင်လေး..မင်းဟာမလေးကို ငါ့လူတွေ သွားခေါ်လိုက်မယ်..ဒီကိုတော့ ခေါ်ခဲ့ပေးလို့မရဘူး..ပြဿနာတွေက ရှုပ်ထွေးနေတာ…. မြင့်မြင့်ဆိုတာ ငါ့ကောင်မလေးပဲ…သူ့အိမ်မှာ ထားထားပေးမယ်..ကိစ္စတွေပြီးမှ မင်းတို့ကိုတွေ့ပေးမယ်..ဟုတ်ပြီလား”

ဧရာက ခေါင်းညိတ်ပြသည်။

………………………………..

ထွန်းရင် နှင့် အနှင်း။

လမ်းမတော်ဖိုးတုတ်ကွယ်လွန်ပြီးနောက် လမ်းမတော်ဖိုးတုတ်၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ ဂန္ဓမာသောင်းရီ နှင့် ထွန်းရင်တို့မှာ ရန်ကုန်ထောင်ကြီးတွင် အကျဥ်းကျခံခဲ့ရသည်။

ဂန္ဓမာသောင်းရီ၏ ဇနီး မသောင်းနှင့် ထွန်းရင်၏ ညီမ ချောရင်၊ စံဘတို့ တို့မှ လသာတွင် “သောင်း”ဘား ဟုအမည်ရသော အရက်ဆိုင်ကို ဖွင့်လှစ်ရင်း ရပ်တည်ခဲ့ကြသည်။

တရက်တွင် လမ်းမတော်ဖိုးတုတ်လက်ထက်က ရန်ညှိးရန်စဖြင့် လူမိုက်မြကျင်တို့ အုပ်စုက သောင်း ဘားတွင် လာရောက်အနိုင်ကျင့်ခဲ့ကြသည်။

လမ်းမတော်ဖိုးတုတ်လက်ထက်ကတည်းက လူမိုက်ဖြစ်သော စံဘနှင့် လူမိုက်အုပ်စုတိုက်ခိုက်ချိန်တွင် ချောရင် ကပါ ဝင်ရောက်တိုက်ခိုက်သည်။

ထိုအချိန်တွင် အပေါ်ထပ်တွင် လာရောက်သောက်စားနေကြသော နာမည်ကျော် စိန်ဓါးမြှောင်ဓါးမြအဖွဲ့မှ အနှင်း က ကလေးကို ကျောသိုင်းကာ သေနတ်ကို ကိုင်လျက် ပြဿနာကို ဝင်ရှင်းပေးခဲ့သည်။

ထွန်းရင်၏ နှမ ချောရင် နှင့် အနှင်းတို့မှာ အရင်းနှီးဆုံးမိန်းမဖော်များ ဖြစ်ခဲ့ကြသည်။

ဂန္ဓမာသောင်းရီနှင့် ထွန်းရင် ထောင်မှလွတ်လာချိန်တွင် ထွန်းရင် ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသူမှာ ကလေးတစ်ယောက်မိခင် မုဆိုးမလေး အနှင်းဖြစ်သည်။

သို့သော် အနှင်း ကား ဓါးပြအဖွဲ့ထဲမှ ခါလေးဆိုသူနှင့်သာ လက်ထပ်ခဲ့သည်။

စိန်ဓါးမြှောင်အဖွဲ့အား ပုလိပ်က လိုက်ဖမ်းရာတွင် ခါလေး သေနတ်မှန်သေဆုံးခဲ့သည်။

အနှင်းလည်း ဖမ်းဆီးခံရပြီး ထောင်ဒဏ်ကျခံခဲ့ရသည်။

ထောင်ကျပြီးနောက်ပိုင်း အနှင်း၏ သတင်းမှာ နှစ်ပေါင်းများစွာ တိမ်မြုပ်နေခဲ့သည်။

ထွန်းရင်မှာ အနှင်း အကြောင်းလိုက်စုံစမ်းသော်လည်း တစ်လုံးတပါဒမှ မသိခဲ့ရ။

ယခုတော့ အနှင်း၏ သားဖြစ်သူ ကို သူကိုယ်တိုင် သတ်အံဆဲဆဲတွင်မှ ထွန်းရင် ဆုံတွေ့ခဲ့ရသည်။

လက်နှိပ်ဓာတ်မီးရောင်အောက်တွင် နှစ်ပေါင်းများစွာ သူအမှတ်တရဖြစ်နေသည့် မျက်ဝန်းလေးများနှင့် တူသော မျက်ဝန်းတစ်စုံကို ထွန်းရင် တွေ့ခဲ့ရသည်။

ချစ်သော အနှင်း။

ထိုညက အသက် (၅၀)ကျော် လူမိုက်ကြီးသည် အရက်ကို မူးအောင်သောက်ခဲ့သည်။

သို့သော်..အတိတ်ကို အရည်မဖျော်နိုင်ခဲ့။

………………………………..

နောက်တစ်နေ့။

“ကျွန်တော် မမဝင်းကို တွေ့ချင်တယ်..ဦးလေး”

ဝရံတာတွင် ပလက်ကုလားထိုင်ဖြင့် ထိုင်နေသော စံဘ ထံသို့ ဧရာက ကပ်ပြီးပြောသည်။

“‌ဟေ့ကောင်လေး..မယားတရူးတာ ခဏထားပြီး..ငါတို့ ဘက်ကလည်း မင်းတွေးပေးဦး…. မင်းကို သတ်ဖို့ အမိန့်ပေးလိုက်တာ ငါတို့ကွ….ယက္ခကြီးတို့ နှာနီတို့ကလည်း ငါတို့ကိုကြောက်ပြီး မင်းကို ငါတို့လက်အပ်တာ… အခု ငါတို့က မင်းတို့ကို ပြန်ကယ်ထားတယ်ဆိုတာ ဒီလောက စည်းမျဥ်းကို ဘယ်လောက် ချိုးဖောက်လိုက်တာလဲ ဆိုတာ မင်းတို့သိလား”

“ကျွန်တော် စိတ်ပူလို့ပါ”

“ဟေ့..ကြေးမုံ..မင်းက မင်းကောင်ကို သေချာပြောလေကွာ..ဒီကောင်မသိတောင် အပိုင်စားနယ်မြေယူထားဖူးတဲ့ မင်းက သိရမှာပေါ့..ငါတို့ လူကြီးတွေနေရာက နေကြည့်စမ်း..မင်းတို့ကောင်တွေကို ကယ်ထားတာ ငါတို့အတွက် ဘယ်လောက်အကြပ်ရိုက်တယ်ထင်လဲ”

ကြေးမုံက ဧရာ၏ ပုခုံးကို ဖက်လိုက်သည်။

“အမေနဲ့ မြိုင်ကို ငါလည်း စိတ်ပူတာပါပဲကွာ..စိတ်အေးအေးထားပြီး အလုပ်လုပ်ကြတာပေါ့..ဧရာ”

ဧရာက သက်ပြင်းချလိုက်သည်။

စံဘက ကြေးမုံကို အကဲခတ်လိုက်သည်။

“ငါတို့အကြောင်းကို ကျော်ဝင်းကြီးရှိကတည်းက မင်းတို့ ကြားဖူးမှာပေါ့”

“ဟုတ်ကဲ့..ကြားဖူးပါတယ်”

“ရန်ကုန်တစ်မြို့လုံးက လူမိုက်အုပ်စုတွေအပေါ် သြဇာညောင်းဖို့ဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာ မဟုတ်ဘူးကွ။ သမိုင်းကြောင်းရှိရတယ်..မိုက်ဂုဏ်ရှိရတယ်….သွေးအေးအေးနဲ့ ဆုံးဖြတ်ချက်ကို မှန်အောင်ချနိုင်ရတယ်.ပြီးတော့ သူတို့ယုံကြည်ရတဲ့ သမာသမတ်စိတ်မျိုး တရားမျှတတဲ့စိတ်မျိုး ရှိမှကွ”

“ဟုတ်ကဲ့..ဦလေး..ကျွန်တော်နားလည်ပါတယ်”

“အခု မင်းတို့ကို သတ်နိုင်တဲ့လူ ကျော်ဝင်းကြီးနေရာ ဆက်ခံရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တာ ငါတို့ပဲ..ကံကောင်းတာက မင်းတို့ကို သူတို့သတ်တော့မသတ်ချင်ပါဘူး..ငါတို့လက်ကို အပ်ပါမယ်ဆိုပြီး နှာနီတို့က အကြောင်းကြားလာတာပဲ… ထွန်းရင်နဲ့တွေ့တာ မင်းတို့ကံကောင်းတာပဲ..ဒါပေမယ့် ငါတို့က မင်းတို့ကို မသတ်ပဲ ပြန်ကယ်လာတယ်ဆိုတာ…..အောက်ကလူတွေသိရင် ငါတို့ကို တစ်မျိုးပြောကြတော့မယ်…ဒီလိုအဖြစ်မျိုးက ငါတို့ သြဇာကို ဘယ်လောက်ကျဆင်းစေတယ်ဆိုတာ မင်းတို့ နားလည်ထားကြ..နောက်တစ်ခုက ကြေးမုံ..မင်း ကျော်ဝင်းကို သတ်တဲ့ကိစ္စနဲ့ ရဲက မင်းကို အသည်းအသန်လိုချင်နေတယ်…ကျော်ဝင်းဟာ ရန်ကုန်တိုင်းရဲမင်းကြီးဦးခင်ဌေး နဲ့ အပေးအယူတွေ ရှိနေတော့ ရဲမင်းကြီးကိုယ်တိုင် တော်တော်ဒေါသထွက်နေတယ်…မင်းတို့ကို တွေ့ရာနေရာပစ်သတ်ဖို့ ရဲကို အမိန့်ပေးထားပြီးပြီး”

စံဘ၏ စကားအဆုံးတွင် ကြေးမုံနှင့် ဧရာ တိတ်ဆိတ်သွားကြသည်။

“မင်းတို့ အမှောင်ထဲက မင်းသားများ ဆိုတာ ကြားဖူးလား”

“မကြားဖူးပါဘူး”

“အေး..အဲ့ဒါ ငါတို့ ခေါင်းဆောင်ထားတဲ့အဖွဲ့ပဲ…ရန်ကုန်က လူမိုက်ဂိုဏ်းခေါင်းဆောင်တွေကိုချည်း စုစည်းထားတာ.. တခါတစ်လေ စစ်ထောက်လှမ်း‌ရေးရဲ့ ညွှန်ကြားမှုအောက်မှာ အလုပ်လုပ်ရတယ်…စစ်ထောက်လှမ်းရေးက ငါတို့ကို ထိုင်းနယ်စပ်ကနေ ရန်ကုန်ကို တိုက်ရိုက်သွင်းမယ့် မှောင်ခိုလမ်းကြောင်းအကုန်လုံးကို အုပ်စီးဖို့ အစီအစဥ်တစ်ခု လုပ်ခိုင်းခဲ့တယ်…ငါနဲ့ ထွန်းရင် က ကျော်ဝင်းကို ဒီကိစ္စတာဝန်ပေးထားလို့ ကျော်ဝင်းက လှုပ်ရှားနေတာ..အဲ့ဒီအချိန် ကျော်ဝင်းကို မင်းတို့က ဖင်ယားပြီး သတ်လိုက်တယ်..ထောက်လှမ်းရေးက လုပ်တဲ့ပရော့ဂျက်ကလည်း အစက ပြန်လုပ်ရတော့မယ်…လစ်လပ်နေတဲ့ ကျော်ဝင်းနယ်မြေကို လုမယ့်အဖွဲ့တွေကလည်း ရန်စောင်နေကြပြီ.ဒီတော့ ဗိုလ်မှူးကြီး ကိုယ်တိုင်က ဒီကိစ္စကြောင့် ရန်ကုန်လူမိုက်လောက မတည်မငြိမ်ဖြစ်စေတာမျိုး မဖြစ်စေချင်ဘူးလို့ ပြောထားတယ်..အဲ့ဒါ ဘာသဘောလဲ မင်းတို့သိလား”

“ကျွန်တော်တို့မှာ ပြေးစရာမြေမရှိတော့ဘူးဆိုတဲ့သဘောပေါ့”

“အေး..ဟုတ်တယ် ကြေးမုံ..ရှင်းရှင်းပြောရရင် ထောက်လှမ်းရေးကိုယ်တိုင်က မင်းတို့ကို ရအောင်ရှင်းပစ်ဖို့ အမိန့်ပေးထားတယ်..ရှင်းရှင်းပြောရရင် ဒီအချိန် မင်းတို့ဘက်မှာ ဘယ်သူမှ ရှိမနေရဲဘူး…ငါတို့ဆီမှာ မင်းတို့ရှိနေတာ ငါတို့အတွက်လည်း ဘယ်လောက် အကြပ်အတည်းရှိနေလည်းဆိုတာ မင်းတို့ သိသင့်တယ်”

“ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ..ဦးလေး…ဦးလေးတို့ အဆင်မပြေဘူးဆိုလည်း ကျွန်တော်တို့ ဒီကနေ ထွက်သွားခွင့်ပြုပါ..ကျွန်တော်တို့ ဘယ်သူမှ မကြောက်ဘူး…ကိုယ့်ဟာကိုယ် အဆုံးအထိ ဆက်တိုက်ကြမယ်”

ကြေးမုံ ၏ လေသံက ခပ်ထန်ထန်။

“အေး..ကြိုက်တယ်ကွာ..မင်းတို့ နှစ်ယောက်ကို မြင်ရတာ…ငါတို့ အကိုကြီး ကိုဖိုးတုတ်နဲ့ ကိုဂန္ဓမာကြီးကို သတိရတယ်…သိပ်လည်း စိတ်မပူပါနဲ့..မင်းတို့ ပြဿနာတွေ အားလုံးရှင်းပေးဖို့ ထွန်းရင် လုပ်နေပါတယ်..လောလောဆယ်တော့ စိတ်အေးအေးထားပြီး ဒီမှာပဲ နေပါဦး”

………………………………..

စစ်အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ ခုနှစ်နှစ်တာကာလအတွင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအတွင်း အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် အစိုးရက လက်ဝါးကြီးအုပ်ထားသည့် အရင်းရှင်စီးပွားရေးစနစ်ကို ထူထောင်လိုသည့် ဗိုလ်မှူးချုပ်အောင်ကြီး နှင့် လက်ဝဲစွန်းဆိုရှယ်လစ်စနစ်ကိုလိုလားသည့် ဗိုလ်မှူးချုပ်တင်ဖေတို့၏ အုပ်စုနှစ်စု ကြား အားပြိုင်မှုများဖြစ်လာသည်။

၁၉၆၃ ဖေဖော်ဝါရီ (၈)ရက်နေ့တွင် နိုင်ငံတကာအမြင်ရှိပြီး စီးပွားရေးလုပ်ရာတွင် ကျွမ်းကျင်သူ ဗိုလ်မှူးချုပ်အောင်ကြီးသည် တော်လှန်ရေးကောင်စီဝင်အဖြစ်မှရော၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ်ကပါ နှုတ်ထွက်ခဲ့သည်။

၁၉၆၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် စစ်အစိုးရက “အမျိုးသား စည်းလုံး ညီညွှတ်မှု ကာကွယ်ရေး ဥပဒေ” ကို ပြဋ္ဌာန်းလိုက်သည်။

ထိုဥပဒေအရ စစ်တပ်မှ ထူထောင်ထားသော မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ မှအပ အခြား နိုင်ငံရေး ပါတီမျာနှင့် အသင်းအဖွဲ့ အားလုံးကို ဖျက်သိမ်း ခိုင်းခဲ့သည်။ ထိုပါတီများနှင့် ပရဟိတအသင်းအဖွဲ့ တွေပိုင် ဥစ္စာ ပစ္စည်း အားလုံး ကိုလည်း စစ်တပ်က သိမ်းယူလိုက်သည်။

သို့သော်လည်း စစ်အာဏာသိမ်းအစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေးကျဆင်းမှုကိုထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။

၁၉၆၄ မေလတွင် ပြည်သူ လူထုများ သုံးစွဲနေသည့် ကျပ် ၁၀ဝ တန်နဲ့ ကျပ် ၅ဝ တန် ငွေစက္ကူ တွေကို တရား မဝင်ကြောင်း ကြေညာခဲ့ရသည်။

၁၉၆၅ ခုနှစ်တွင် ဗိုလ်မှူးချုပ်အောင်ကြီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။

ကိုလိုနီခေတ်နှင့် ယခင် ဒီမိုကရေစီအစိုးရခေတ်အထိ အကျဥ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသားများကို ပထမတန်း၊ ဒုတိယတန်းဖြင့် အထူးအခွင့်အရေးများပေးခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားများကို ရာဇဝတ်သားများနှင့်အတူ တတန်းထဲ သတ်မှတ်လိုက်ကြသည်။

ရဲဘက်အကျဥ်းစခန်းများကိုလည်း ဖွင့်လှစ်လိုက်ကြသည်။

သံဃာ့အရေးအခင်းမြင်ကွင်းတစ်ခု

၁၉၆၅ ခု၊ မတ်လတွင် တော်လှန်ရေး ကောင်စီ က ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာ ညီလာခံ ခေါ်ယူလိုက်ပြီး၊ ဘာသာရေးနဲ့ ပတ်သက်သည့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစား ခဲ့သည်။

ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် နိုင်ငံရေးတွင် ပါဝင်ခြင်းမလုပ်ကြရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည့်အတွက် ဆရာတော်ကြီးများက ကန့်ကွက်ခဲ့ကြသည်။

ထို့ကြောင့် တော်လှန်ရေး ကောင်စီ က သာသနာ သန့်ရှင်းရေးဟု အမည်တပ်ကာ ရန်ကုန်နှင့် မန္တလေးမှ ရဟန်း သံဃာအချို့ကို လူဝတ်လဲစေခြင်း၊ ဖမ်းဆီး ထောင်ချခြင်းများပြုလုပ်ကြသည့်အတွက် သံဃာအရေးအခင်းကြီးဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင်းမှ အိန္ဒိယလူမျိုးများသိန်းချီကာ ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။

၁၉၆၉ တွင် တော်လှန်ရေးကောင်စီအတွင်းမှ တစ်ဦးတည်သော အရပ်သားဝန်ကြီးဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီး ဦးသီဟန် နှုတ်ထွက်သွားခဲ့ပြီး ဗိုလ်မှူးကြီးမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။

တပ်မတော်ထောက်လှမ်းရေး၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီးတင်ဦ သည်လည်း ဦးနေဝင်း၏ အားအကိုးရဆုံး လက်ရုံးတစ်ဆူဖြစ်လာခဲ့ပြီး နိုင်ငံတော်ကောင်စီဥက္ကဌ၏ စစ်ဖက်လက်ထောက်ဆိုသည့် ရာထူးကို ပေးရန် အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။

ဗိုလ်မှူးကြီးတင်ဦး သည် ထောက်လှမ်းရေးကွန်ယက်ကို ဘက်ပေါင်းစုံမှ ချဲ့ထွင်ခဲ့ရာတွင် မှောင်ခိုလုပ်ငန်းမှ လူမိုက်လောကကိုလည်း ချိတ်ဆက်အသုံးပြုခဲ့သည်။

မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံများတွင် သီးသန့်လှုပ်ရှားမှုရံပုံငွေတစ်ရပ်ကို ထူထောင်ခဲ့ပြီး ထိုရံပုံငွေကို မှောင်ခိုလုပ်ငန်းမှလည်း ဖြည့်တင်းရန် ကြံစည်ခဲ့သည်။

ထိုသို့နှင့် “အမှောင်ထဲမှ မင်းသားများ” သည် မှောင်ခိုလုပ်ငန်းတွင် အဓိက အသုံးချခံရန်နှင့် သတင်းများစုဆောင်းရန်အတွက် ထောက်လှမ်းရေး၏ ဒေါက်တိုင်တစ်ခုဖြစ်လာတော့သည်။

စံဘနှင့် ထွန်းရင်ကို အဓိက တာဝန်ပေးထားပြီး ထိုင်းနယ်စပ်မှ ရန်ကုန်အထိ မှောင်ခိုလမ်းကြောင်းများကို မြေပြင်စီမံခန့်ခွဲရန် တဆင့်တာဝန်ယူထားသည့် ကျော်ဝင်းကြီး သတ်ခံရသည့်ကိစ္စတွင်တော့ ဗိုလ်မှူးကြီးသည် အထူးပင် ဒေါသူပုန်ထခဲ့သည်။

ထိုကိစ္စကို ဖြေရှင်းရန်မှာ စံဘနှင့် ထွန်းရင်တို့အပေါ်တွင် တာဝန်ကျလာခဲ့တော့သည်။

သို့သော်ငြား စံဘနှင့် ထွန်းရင်က တရားခံဖြစ်သူ ကြေးမုံနှင့် ဧရာတို့ကို အသက်ဘေးမှ ကယ်တင်ခဲ့ကြသည့်အတွက် အကြပ်အတည်းအခြေအနေဖြစ်လာနေပြီဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင် ကြေးမုံနှင့် ဧရာ တို့နေသောအခန်းသို့ ထွန်းရင် ရောက်လာသည်။

“ခဏနေရင် မင်းတို့ လူတစ်ယောက်နဲ့ သွားတွေ့ရမယ်.. အဝတ်အစားလဲပြီး အောက်ဆင်းလာခဲ့ကြ”

ခဏအကြာတွင် ကြေမုံနှင့် ဧရာတို့ အိမ်အောက်ထပ်သို့ ဆင်းလိုက်သည်။

အောက်ထပ်တွင် ထွန်းရင်၊ စံဘတို့က ကားသုံးစီးဖြင့် အသင့်စောင့်နေ၏။

“လူအင်အား အစုံပါလားဗျ…ကျွန်တော်တို့ကို ရဲလက်အပ်တော့မှာလား”

ဧရာ ၏ စကားကြောင့် ထွန်းရင်က ပြုံးလိုက်သည်။

“မင်းတို့ မသေချင်သေးဘူးဆိုရင်တော့ လိုက်ခဲ့ကြပေါ့ကွာ..နွားလေးတွေ”

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၁၅ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>