အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
613

အခန်း(၁၃)

“ကိုကြယ်နီ..ခင်ဗျား..ဘာလာလုပ်တာလဲ”

“ငါ မင်းကို လမ်းကြုံတုန်း ဝင်သတ်မလို့ လာတာ….ကြေးမုံ”

“ခင်ဗျားကို ကျွန်‌တော် သတ်ပြီးပြီလေ..ခင်ဗျား မသေဘူးလား”

“အေး..ငါလည်း မသေဘူးကွ..”

“ဟာ..အကိုကြီး ကိုကျော်ဝင်း”

“အေး…ငါ့ကို သေနတ်နဲ့ တေ့ပစ်တဲ့ကောင်..မင်းအခုတော့ ငါရှိတဲ့နေရာ ရောက်လာပြီ..ကလဲ့စားချေမလို့ ငါလာတာ”

“ခင်ဗျားတို့ မသေတော့လည်း ကျွန်တော်က ထပ်သတ်ရသေးတာပေါ့”

“ကြေးမုံ..ကြေးမုံ..ကြေးမုံ”

အတင်းလှုပ်နိုးသံကြောင့် ကြေးမုံ အိပ်မက်မှ လန့်နိုးလာသည်။

မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

“ကိုရေခဲ”

“ကြေးမုံ..မင်းအခု ငါနဲ့လိုက်ခဲ့မှရမယ်..အရေးကြီးတယ်”

“ဘာဖြစ်လို့လဲဗျ”

ရေခဲက ကြေးမုံ၏ လက်တွင် ချိတ်ထားသော သွေးပုလင်းကို ဆွဲဖြုတ်ဖို့ကြိုးစားသည်။

“အား..နာတယ်ဗျ..ဘာဖြစ်လို့လဲ..ကိုရေခဲ”

“မင်း ကျော်ဝင်းကြီးကို သတ်လိုက်တာ ရဲက ခြေရာခံမိသွားပြီ..ရဲတွေ မင်းဆီကို ရောက်မလာခင် အီဆာတို့ အုပ်စုက မင်းကို ဆေးရုံပေါ်မှာ တက်သတ်ဖို့ လာကြလိမ့်မယ်…သူတို့အစီအစဥ်ဆွဲနေပြီ..မင်း အခု ဒီက ပြေးမှ ရမယ်”

ကြေးမုံက သူ့လက်တွင်ချိတ်ထားသော အပ်များကို ဆွဲဖြုတ်သည်။

ရေခဲက ဝိုင်းကူ၏။

အနီးအနားမှ လူနာများက သူတို့ကို ဝိုင်းကြည့်နေကြသည်။ ခဏအကြာတွင် တာဝန်ကျ ဆရာဝန်နှင့် သူနာပြုတစ်ဦးရောက်လာသည်။

“ဘာလုပ်နေကြတာလဲ..သူဆေးရုံက ဆင်းလို့မရသေးဘူးလေ..ခင်ဗျားဘယ်သူလဲ..ဘယ်သူ့ခွင့်ပြုချက်နဲ့ လူနာက ဆေးရုံကဆင်းဖို့လုပ်နေတာလဲ”

“ဘယ်သူအမိန့်မှ မဟုတ်ဘူး..ဒေါက်တာတို့နောက်မှာရပ်နေတဲ့ ရပ်နေတဲ့လူနှစ်ယောက်အမိန့်”

ရေခဲက ညွှန်ပြသဖြင့် ဆရာဝန်က နောက်သို့ လှည့်ကြည့်လိုက်သည်။

နောက်တွင် ဓါးမြှောင်ကိုယ်စီ ကိုင်ထားသော ရေခဲ၏ တပည့်နှစ်ယောက်။

ဆရာဝန်နှင့် သူနာပြုတို့ နောက်ဆုတ်သွားကြသည်။

“မဆိုင်တဲ့ကိစ္စတွေ ဝင်မပါကြပါနဲ့ဗျာ..ကဲ..လာ…ကြေးမုံ”

ရေခဲက ကြေးမုံကို တွဲလျက် ဆေးရုံတွင်းမှ ထွက်သည်။

“ငါတို့ ဆေးရုံဝမရောက်မချင်း ဒီအခန်းထဲက တစ်ယောက်မှ အပြင်မထွက်စေနဲ့..ရုတ်ရုတ် ရုတ်ရုတ်လုပ်တာနဲ့ သတ်ခဲ့ကွာ”

ရေခဲက အမိန့်ပေးလိုက်သည်။

ဓါးမြှောင်နှင့် လူနှစ်ဦးက အခန်းဝတွင် ရပ်ပြီး အခန်းထဲမှ လူများကို စောင့်ကြည့်နေ၏။

ဆေးရုံအပြင်သို့ ရောက်သောအခါ ဆိုင်ကယ်တစ်စီးနှင့် စောင့်နေသော ဧရာကို တွေ့လိုက်ရသည်။

“ဧရာ..မင်းကို ငါပုန်းနေခိုင်းတယ်လေ”

“ဟေ့ကောင်..မင်း ငါ့ကြောင့် ဒီလိုဖြစ်နေချိန်မှာ ငါက ပုန်းနေရမလားကွ..ကိုရေခဲအကြောင်းကြားလို့ ငါလိုက်လာတာ..တက်”

ကြေးမုံက ဆိုင်ကယ်ပေါ်တက်လိုက်သည်။

“ကဲ..ကြေးမုံ…ဒီနေ့ကိစ္စဟာ မင်းတို့ကို ငါနောက်ဆုံး ကူညီခြင်းပဲ…ကိုကျော်ဝင်းမိန်းမကိုလည်း ခိုးတယ်..သူ့ကိုလည်း သတ်လိုက်တယ်ဆိုတဲ့ကိစ္စ က ငါတို့ လူမိုက်လောကမှာဘယ်သူမှလက်မခံနိုင်တဲ့ ကိစ္စကွ…. ငါ အခု မင်းတို့ကို ကူညီမိတာဟာ ကိုယ့်လောကစည်းကို ကိုယ်တော်တော်ချိုးဖောက်မိတာပဲ..အဲ့ဒါလည်း မင်းစိတ်ကို ငါလေးစားလို့..ကြေးမုံ …အခု အီဆာတို အုပ်စုက မင်းကို သတ်ဖို့ အသင့်ဖြစ်နေပြီ..ဆေးရုံကြီးနယ်မြေက ပီတာတို့ကို ရုတ်တရက်ကျော်ဝင်လို့မရလို့ သူတို့နဲ့ ညှိနေသေးလို့ မလာသေးတာ.နောက်ပိုင်းမင်းတို့ ဘာဖြစ်ဖြစ် ငါတို့ကူညီမှာ မဟုတ်တော့ဘူး.ကိုယ့်ဟာကိုယ်သာအသက်ရှင်အောင် နေကြတော့ကွာ..သွားတော့”

ဧရာက ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းထွက်သွားသည်။

ကြေးမုံက ဧရာ၏ ကျောကုန်းကို မှီလျက်ပါသွား၏။

………………………………..

“အား”

ရုတ်တရက်မျက်လုံးဖွင့်လိုက်ရချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြေးမုံ အော်လိုက်သည်။

သို့သော် အသံတို့ ထွက်မလာ။

နှာခေါင်းနေရာတွင် အသားမရှိ ဟောင်းလောင်းပေါက်၊ နှုတ်ခမ်းတိုတို နှင့် မျက်နှာတစ်ခု။

“နင် တနိရပြီနား”

“ခင်ဗျား ဘယ်သူလဲ”

“ငါ ညင့်ဌေးအောင်ပဲ”

“ကျွန်တော်အခု ဘယ်ရောက်နေတာလဲ”

“သင်္ချိုင်းကုန်းလေ”

ထိုစဥ် ဧရာ က နောက်ဖက်မှ ဝင်လာသည်။

“ကြေးမုံ မင်းသတိလစ်နေတာ နှစ်ရက်ရှိပြီ ကြေးမုံ..မင်းအဖျားတွေအရမ်းတက်ပြီး သတိလစ်သွားတာ”

“ဧရာ ငါတို့ ဘယ်ရောက်နေတာလဲ”

“ကြံတောသုဿာန်ထဲလေ”

“မင်း ကိုရေခဲတို့ ရှစ်မိုင်ခြံမှာ မနေဘူးလား”

“ကိုရေခဲက ငါတို့ကို လက်မခံတော့ဘူး။ သူတို့လည်း အခုချိန် ကြားမညပ်ချင်ဘူးထင်ပါတယ်ကွာ”

“ငါ့ကို ရေတိုက်ပါဦး”

မြင့်ဌေးအောင် ဆိုသော အနာကြီးရောဂါသည်လူကြီးက ရေအိုးစင်မှ သောက်ရေတစ်ခွက် သွားခပ်လာပြီး တိုက်သည်။

လူကြီး၏ တုံးတိသာရှိသော လက်များကို ကြည့်ကာ ကြေးမုံ ရေသောက်ချင်စိတ်မရှိတော့။

“တောက်ပါကွ..ခုနမင်းပဲရေတောက်ချင်တယ်ချို..ဘာလဲ နာ့ကို ရွံလို့နား..မရွံပါနဲ့တွ..ရောဂါဖြစ်ပေမယ့် နှစ်ရက်လောက် ရေမချိုးပဲ အိပ်ရာပေါ်လဲနေတဲ့ မင်းထက်တော့ တန့်ပါတေးတယ်”

လူကြီးက ကြေးမုံကို ပါးစပ်နားတေ့ပေးသည်။ ကြေးမုံက ရေကို ကြိတ်မှိတ်ကာသောက်လိုက်၏။

“မင်းရော ငါရောကို ရန်ကုန်Down Town က လူမိုက်အဖွဲ့တွေအားလုံးနီးပါး အသေသတ်ဖို့ လိုက်ရှာနေကြတယ်… အခြေအနေကဆိုးတယ်..ကြေးမုံ..ကျော်ဝင်းကြီးရဲ့ လစ်လပ်သွားတဲ့နေရာကို ယူဖို့ အီဆာအီဆတ် တို့နဲ့ အလီက အပြိုင်အဆိုင်ဖြစ်နေတယ်….ဆေးရုံကြီးပီတာ တို့ကလည်း ပန်းဆိုးတန်းဂွင်ကို ဝင်လုဖို့ချောင်းနေကြတယ်… အခု နောက်ဆုံးကြားတဲ့သတင်းကပိုဆိုးတယ်”

“ဘာလဲ”

“ရန်ကုန်မှာ နယ်မြေလုစစ်ပွဲတွေ မဖြစ်အောင် လသာအဘိုးကြီးနှစ်ယောက်က ဆုံးဖြတ်ပေးလိုက်တယ်….ကျော်ဝင်းကြီးကို သတ်ခဲ့တဲ့ မင်းကို လိုက်ရှာသတ်နိုင်တဲ့အုပ်စုက ပန်းဆိုးတန်းကို အပိုင်ရမယ်တဲ့”

ကြေးမုံက အိပ်ရာပေါ် ပြန်လှဲချလိုက်သည်။

“မင်းစိတ်တော့ သိပ်မပူပါနဲ့..ဒီမှာ ယက္ခကြီးရော နှာနီလူတွေရောအများကြီးရှိတယ်..သူတို့ကတော့ ငါတို့ကို ကာကွယ်ပေးမယ်လို့ ကတိပေးတယ်…ဒီကိစ္စတွေအားလုံးက ငါ့ကြောင့်ဖြစ်တာဆိုတော့ ငါမင်းကို အသက်နဲ့လဲပြီး စောင့်ရှောက်မှာပါ..မြေနီကုန်းနဲ့ ကြည်မြင့်တိုင်က မင်းလူတွေကို မင်းပြန်စုဖို့လုပ်ရမယ်..ကြေးမုံ..”

“စိုးရကို ရအောင်ဆက်သွယ်ရမယ်”

“အေး..ငါ့လူတွေလည်း ငါရသလောက်စုနေပါတယ်..ကဲ..မင်းစားဖို့ မမဝင်းကို ငါဆန်ပြုတ်သွားပြုတ်ခိုင်းလိုက်ဦးမယ်..ခဏစောင့်ကွာ”

ဧရာက ကြေးမုံနဘေးမှ ထွက်သွားသည်။

မသွားမီ ပြန်လှည့်လာပြီး

“သြော်..မေ့သွားလို့ ဟေ့ကောင်…. မင်းကို ရဲတွေကလည်း လူသတ်မှုမှာ မသင်္ကာလို့ အသည်းအသန်လိုက်ဖမ်းနေကြတယ်’

………………………………..

ကြံတော့သုဿာန်သည် ရန်ကုန်မြို့၏ အကြီးဆုံးသင်္ချိုင်းကြီးဖြစ်သည်။

ထိုကာလက ကြံတောသည် လူသေများမြုပ်နှံရာသင်္ချိုင်းတစ်ခုအဖြစ်သာမက ဒုစရိုက်မှုပေါင်းစုံ၏ ခိုအောင်းရာလည်း ဖြစ်သည်။

တာမွေသုဿာန် ၊ ကြံတောသုဿာန်နှစ်ခုလုံးသည် အရက်ပုန်း၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ စသည့် အမှောင်လောကကြီးနှင့် ပတ်သက်နေသည်။

တာမွေသုဿာန်တွင် အထင်ကရလူမိုက်ဖြစ်သူ ယက္ခကြီးသည် ကြံတောသုဿာန်မှ အနူနှာနီ နှင့် ပူးပေါင်းကာ မူးယစ်ဆေးနှင့် အရက်ပုန်းချက်လုပ်ရေးကွန်ယက်ကြီးကို သီးသန့်ထူထောင်ထားသည်။

ကျော်ဝင်းကြီးရှိစဥ်က ထိုလုပ်ငန်းတွင် ရှယ်ယာပါဝင်ခဲ့ပြီး ကြံတောတွင် ကြီးပြင်းခဲ့သူ ဧရာကို အဓိကချိတ်ဆက်စေခဲ့သည်။

ယခုတော့ ကြေးမုံရော ဧရာပါ ကြံတောနယ်မြေတွင် ခိုလှုံနေရပြီဖြစ်သည်။

………………………………..

သုံးရက်မြောက်နေ့။ ကျန်းမာ‌ရေးဆေးမှူးဟောင်းဖြစ်ခဲ့သူ အနာကြီးရောဂါဝေဒနာရှင် မြင့်ဌေးအောင်၏ ကုသပေးမှုဖြင့် ကြေးမုံမှာ ထူထူထောင်ထောင်ဖြစ်လာပြီဖြစ်သည်။

“ကြေးမုံ….ကြေးမုံ”

“ဘာလဲ ဧရာ”

“မြိုင်နဲ့ မင်းအမေ ကို အီဆာတို့ အုပ်စုက ဖမ်းဖို့လုပ်နေပြီတဲ့”

“ဘာ”

“ယက္ခကြီးဆီက သတင်းပဲ…မင်းစိတ်ချ ကြေးမုံ ငါတို့ အခုပဲ လိုက်သွားမယ်”

“နေဦး…ဧရာ..ငါလည်း လိုက်မယ်”

“မင်းဒဏ်ရာကြီးနဲ့”

“ငါ သက်သာနေပြီ..ရတယ်..ငါလိုက်ခဲ့မယ်”

ဧရာ၏ ဘေးတွင် ယက္ခကြီးက မတ်တပ်ရပ်နေသည်။

“သူ့ကိုပါ ခေါ်ခဲ့လိုက်ပါ…သူပါဖို့လိုတယ်..ဧရာ”

“အင်း..အဲ့ဒါဆိုလည်း လိုက်ခဲ့ကွာ”

ဧရာက ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။ ကြေးမုံက အနောက်မှ တက်ခွ၏။

အနောက်တွင် ယက္ခကြီးနှင့် သူ့လူများက အရက်ပုန်းပို့သည့် ကားနှင့် ပါလာကြသည်။

ကြံတောသင်္ချိုင်းမှ စမ်းချောင်းဘက်သို့အထွက် ညောင်မုတ်ဆိတ်ပင်ကြီးအောက်အရောက်တွင် ရပ်ထားသော ကားတစ်စီးထံမှ မီးလင်းလာသည်။

ကားပေါ်မှ လူအုပ်စုတစ်အုပ် ဆင်လာပြီး ဧရာ၏ ဆိုင်ကယ်ကို တားလိုက်သည်။

“ဘာလဲ..”

ဧရာက ကျောတွင်လွယ်ထားသော ဓါးရှည်ကို ထုတ်လိုက်၏။

“မင်းတို့နှစ်ယောက် အေးအေးဆေးဆေးလိုက်ခဲ့ရင်ကောင်းမယ်”

“ခင်ဗျားတို့ ဘယ်သူတွေလဲ..ဘာကိစ္စကျုပ်တို့က လိုက်ရမှာလဲ”

“နာ့လူတွေပဲ..ဧရာ..နင်တို့ လိုက်တွားတာ အကောင်းဆုံးပဲ”

ကားရှေ့ခန်းမှ ဆင်းလာသူကား အနူနှာနီ။

“ဟ..ကိုနှာနီ..ယက္ခကြီး ခင်ဗျားလူတွေကို ခင်ဗျား…”

ဧရာက သူတို့ နောက်တွင်ရပ်လိုက်သော ယက္ခကြီးတို့ ကား ထံ လှည့်ပြောလိုက်သည်။

ယက္ခကြီးက ကားပေါ်မှ ဆင်းလာ၏။

“နှာနီပြောတာ ဟုတ်တယ်..ဧရာ..မင်းတို့နှစ်ကောင်လိုက်သွားတာအကောင်းဆုံးပဲ”

“ဘာဗျ.ခင်ဗျားတို့က ဘာလဲ”

“ဘာမှမဟုတ်ဘူး..ကြေးမုံ အမေနဲ့ သူ့ဟာမလေးလည်း အေးအေးဆေးဆေးပဲ..မင်းစိတ်မပူနဲ့ ဧရာ..လိုက်မှာသာလိုက်သွား”

“ဘာလဲဗျ..ခင်ဗျားတို့ ကျုပ်တို့ကိုထောင်ချောက်ဆင်တာလား”

“ဆောရီးပဲ ဧရာ..ငါတို့ ကြံတောဆိုတာလည်း မြို့ထဲအုပ်စုတွေနဲ့ ဆက်စပ်ရပ်တည်နေရတာမင်းလည်းသိတာပဲ..မင်းတို့ကို ကယ်ထားပြီး ကံစမ်းနေရအောင် ဒါက ဖဲဝိုင်းမဟုတ်ဘူး….ကဲ..အခု သူတို့နဲ့ လိုက်သွားလိုက်… မင်း မိန်းမ အဝင်း ကို ငါတို့ စောင့်ရှောက်ပေးပါ့မယ်..”

“ခင်ဗျား လီးစကားပြောတာလား..‌‌ဟေ့ကောင်ကြီး”

ဧရာက ဓါးရှည်ကို ထုတ်ပြီး ဝင့်လိုက်သည်။ ထို့နောက် ကြေးမုံ၏ ရှေ့တွင် နေရာယူလိုက်၏။

“ဝင်ရဲတဲ့ကောင် ဝင်လာစမ်း..မအေလိုး သစ္စာဖောက်တွေ..စကားမတည်ဘူး”

“ခွပ်..ခွပ်”

စကားမဆုံးခင်တွင် ဧရာထံသို့ လေးခွဖြင့် ဝိုင်းပစ်ကြသည်။

ဧရာက ယက္ခကြီးဘက်သို့ ဦးတည်ကာ ဓါးဖြင့်လိုက်ခုတ်သည်။ ယက္ခကြီးလူများက ကြေးမုံ

နှာနီဘက်တွင် ရပ်နေသောလူများက ပြေးဝင်လာပြီး ကြေးမုံကို ဖမ်းချုပ်ရန် ကြိုးစား၏။

ကြေးမုံက အနီးရှိ အုတ်ဂူအနီးသို့ ခုန်ဝင်သည်။ ထို့နောက် အုတ်ဂူမှ ပဲ့နေသော အင်္ဂတေပြားနှင့် ယက္ခကြီး၏ မျက်နှာကို ထုချလိုက်သည်။

လူအုပ်ကြီးက သူတို့နှစ်ယောက်ကို ဝိုင်းနေပြီဖြစ်သည်။

“ကြေးမုံ..မင်းလွတ်အောင်ပြေး”

ဧရာက လူအုပ်ကို ဓါးရှည်ဖြင့် ပတ်ရမ်းရင်း ဟန့်ထား၏။

ကြေးမုံ အုတ်ဂူများထဲ ကွေ့ပတ်ပြေးသည်။

သို့သော်ြငား…. ကြံတောသည် ကြေးမုံ ကျင်လည်ရာ ဘတ်စ်ကားပေါ်မဟုတ်။ မြေနီကုန်းမဟုတ်။ ကြည့်မြင့်တိုင်မဟုတ်။

အမှောင်ထဲမှ ပေါ်လာသော “ဒုတ်” ခနဲ အသံနှင့်အတူ ကြေးမုံ မှောက်လျက်လဲသွား၏။

ကြေးမုံမျက်နှာကို ဖိနပ်များဖြင့် ဖိနင်းထားကြသည်။

“ကြိုးတုတ်..ကြိုးတုတ်”

အော်သံများက ကြေးမုံ နားထဲတွင် နီးလိုက်ဝေးလိုက်။

………………………………..

ကြေးမုံ သတိရလာသည်။

အရင်ဆုံးမြင်လိုက်ရသည်က မြေကြီးများ….ကျင်းနက်နက်။

သူ့တကိုယ်လုံးကို ကြိုးများဖြင့် တုတ်ထား၏။

သူ့ဘေးတွင် ဧရာ။

“မိုးကျော်ကို ထောင်ထဲထည့်..ကျော်ဝင်းကြီးကိုတောင် ရအောင်သတ်တဲ့ကောင်တွေမျက်ခွက်ကို မြေကြီးထဲမရောက်ခင် ငါသေချာ ကြည့်စမ်းပါရစေဦးကွ”

အသံတစ်သံကြားရသည်။

ထို့နောက် ကြေးမုံ ၏ ခန္ဓာကိုယ်ကို ခြေထောက်နှင့် လှိမ့်တင်ခံလိုက်ရ၏။

ကြေးမုံ ပက်လက်အနေအထားဖြစ်သွားသည်။

ထို့နောက် ဧရာကိုလည်း ဂေါ်ပြားနှင့် ထိုးကာ ပက်လက်ဖြစ်အောင် လှန်လိုက်သည်။

“မိုးကျော် ဓါးနဲ့ထိုးတာ ဘယ်ကောင်လဲ”

“ဒီကောင်ပါ အကိုကြီး”

လက်နှိပ်ဓာတ်မီးရောင်က ကြေးမုံ ဆီ မျက်နှာဆီ ရောက်လာသည်။

“ကျော်ဝင်းကို သတ်တာလည်း ဒီကောင်ပဲပေါ့”

“အေး..ငါသတ်တာပဲ..ဘာဖြစ်လဲ”

“ဒီကောင့်နာမည်က”

“ကြေးမုံပါ”

“ဒါဆို ဟိုမယားခိုးကောင်က”

“ဒီကောင်ပါ”

ဧရာ၏ မျက်နှာသို့ လက်နှိပ်ဓာတ်မီးရောင် လှည့်လာသည်။

“ဟေ့..မယားခိုးကောင်လေး အခုတော့ သေမှာကြောက်နေပြီလာ”

“ငါ့နာမည် ဧရာကွ..နာမည်ခေါ်…မအေလိုးကြီးရဲ့…မင်းတို့သတ်မှာကို လီးတောင်မကြောက်ဘူးကွ..ထွီ”

ဧရာက တံတွေးဖြင့်မမှီမကမ်း လှမ်းထွေးသည်။

“လက်နှိပ်ဓာတ်မီး ငါ့ကို ပေးစမ်း”

အမိန့်ပေးနေသူက ဧရာ၏ မျက်နှာကို ဓာတ်မီးဖြင့် သေချာထိုးကြည့်သည်။

“မင်းနာမည် ဘယ်သူ”

ဧရာ ပြန်မဖြေ။

“ဒီကောင့်နာမည် ဧရာပါ..အကိုကြီး”

“ဒီကောင်က မင်းတို့ ကြံတောထဲက ကောင်ဆို”

“ဟုတ်ပါတယ်..ငယ်ငယ်ကတည်းက ကြံတောမှာ ကြီးတာပါ”

“ဒီကောင့်မိဘတွေက ဘယ်သူလဲ..မင်းတို့သိလား”

“သူ့အမေက ဒေါ်နှင်းက ကြံတောထဲရောက်လာပြီး အရက်ပုန်းဒိုင်လုပ်တာပါ..ဒေါ်နှင်း လူသတ်မှုနဲ့ ထောင်ကျပြီး သူ့ကို စိုးမြင့်က မွေးစားလိုက်တာ…ကျွန်တော်တို့ မျက်စိရှေ့တင်ပဲ ကြီးလာတဲ့ ချာတိတ်ပါ”

“သူ့အမေ နာမည်က ဒေါ်နှင်းလား..မင်း..ဒေါ်နှင်းကို မြင်ဖူးလိုက်လား..ယက္ခကြီး..ပြောစမ်း..ဒေါ်နှင်းနဲ့ ပတ်သက်ပြီး မင်းဘာသိသေးလဲ”

“ကိုနှာနီ တော့ ပိုသိလိမ့်မယ်…ဒေါ်နှင်း ဒီကို ပြောင်းလာတုန်းက သူပဲ ခေါ်သွင်းလာတာ”

“နှာနီ မင်းသိသလောက် ငါ့ကို ပြောစမ်းပါဦး”

နှာနီက ရှေ့သို့ ထွက်လာသည်။

“မနှင်း က အညာ ရှိန်းမကားဘက်ကလို့ ပြောပါတယ်..အကိုကြီး..သူဓားပြမှုနဲ့ ထောင်ကျတော့ ကျွန်တော့် အမေ နဲ့ ‌ထောင်ထဲမှာ ခင်ခဲ့ကြပြီး ဒီကိုရောက်လာတာပဲ…ပုဇွန်တောင်မှာ အရင်ကနေတယ်တဲ့..ဓါးပြဗိုလ်စိန်ဓါးမြှောင်နဲ့ အမှုတွဲလို့တော အမေက ပြောပြဖူးတယ်”

အခြေအနေက ခေတ္တမျှ တိတ်ဆိတ်သွားသည်။

ထို့နောက် ဧရာ ၏ မျက်နှာသို့ လက်နှိပ်ဓာတ်မီးရောင် ရောက်လာပြန်၏။

“မင်းက အနှင်းသားကိုး”

ဧရာက ရှုသိုးသိုးဖြင့် ပြန်ကြည့်လိုက်သည်။

သက်ပြင်းချသံတစ်ခု ကြားရသည်။

“ဒီကောင်တွေကို အခုမသတ်သေးဘူး…ငါလုပ်စရာကိစ္စရှိ‌သေးတယ်..ကားပေါ်တင်ပြီး လသာကို ခေါ်ခဲ့ကြကွာ”

လသာထိပ်ရှိ ပျဥ်ထောင်အိမ်ကြီးတစ်လုံးရှေ့တွင် ကားစက်ရပ်လိုက်သည်။

အိမ်ပေါ်မှ လူတစ်ချို့ ဆင်းလာကြ၏။

“ကဲ..မင်းတို့ ကြံတောပြန်တော့..ငါ့လူတွေ ဆက်လုပ်လိုက်မယ်”

“ဟုတ်ကဲ့..အကိုကြီး”

“ဟေ့ကောင်တွေ ဒီကောင်တွေကို ကြိုးဖြည်ပြီး အောက်ထပ်မှာ ထားထားကွာ..အရက်ရှိရင် အရက်..စားစရာရှိရင်စားစရာနည်းနည်းကျွေးထားလိုက်….စံဘရော”

“အကိုကြီးစံဘ..လမ်းမတော်ထဲက မာကျောက်ဝိုင်းမှာပါ”

“တစ်ယောက်သွားခေါ်စမ်း..ဒီမှာ အရေးကြီးတာ ပြစရာရှိတယ်လို့”

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၁၄ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>