နာမည်ကျော် ကံပေါက်တန်ဆောင်တိုင်ပွဲ ဆင်နွှဲသူနည်း

0
2357
နေ့ခင်းဘက်လှည့်နေတဲ့ ဘုရားပွဲ

အဖိတ်နေ့ည ထားဝယ်ဘုရားကြီးထဲက နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ပွဲဦးထွက်ပြီးတာနဲ့ ထားဝယ်နယ်ထဲက ညောင်ဇင်၊ ကံပေါက်၊ ကနက်သီရီ စတဲ့ ရွာတွေမှာ လပြည့်ည နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်တိုင်ပွဲတော်တွေ ခြိမ့်ခြိမ့်သဲကျင်းပကြပါတယ်။

ထားဝယ်တစ်နယ်လုံး နှစ်ကျိပ်ရှစ်ဆူပွဲတော်တွေရှိတဲ့အထဲမှာ ညောင်ဇင်နဲ့ ကံပေါက်က တန်ဆောင်တိုင်ပွဲတော်တွေဟာ နှစ်ပေါင်း ၇၀ ကြာကျင်းပလာခဲ့တဲ့ သက်တမ်းရင့်ပွဲတော် ဖြစ်ပါတယ်။

အဲဒီပွဲတော်တွေအားလုံးဟာ ၂၀၂၀ ခုနှစ်ကစပြီး ကိုဗစ်ကပ်ရောကြောင့်ရပ်နားခဲ့ရပြီ မနှစ်ကလည်း နိုင်ငံရေးအခြေအနေတွေကြောင့် ညောင်ဇင်မှာတော့ အကျဉ်းရုံး ကျင်းပခဲ့ပေမဲ့ ကံပေါက်မှာတော့ မကျင်းပဖြစ်ခဲ့ပါဘူး။

ဒီနှစ်မှာတော့ ကံပေါက်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ပြန်လည်ကျင်းပ လာပါတယ်။

ကံပေါက်တန်ဆောင်တိုင်ဟာ ပုံမှန်ကျင်းပနေကြပုံစံဆိုလျှင် တန်ဆောင်မုန်းလဆန်း ၁၀ ရက်ကစပြီး လပြည့်ကျော် ၂ ရက်နေ့အထိ ၇ ရက်ကျင်းပတဲ့ ဒေသတွင်း ကျေးရွာတွေအကြား စည်းကားလှတဲ့ ရက်ရှည်ပွဲတော်တစ်ခုဖြစ်ပါတယ်။

လဆန်း ၁၀ ရက်မှာ ဘုရားပင့်ပြီး လဆန်း ၁၃ နဲ့ ၁၄ ရက်မှာ နိဗ္ဗာန်စျေးနဲ့ တစ်ခွက်ဆွမ်းဟင်းအလှူပွဲလုပ်ကာ လပြည့်နေ့မှာ ကံပေါက်မြို့ပေါ် ၁၁ ရပ်ကွက် ကို ဘုရားတံဂဲ(ဘုရားလှည်း)တွေနဲ့ ညလုံးပေါက် လှည့်လည်ကြတာဖြစ်ပါတယ်။

ဘုရားပွဲတော်ရက်တွေမှာ ဇာတ်ပွဲ ၊ ပွဲစျေးတွေနဲ့ စည်ကားလှပါတယ်။

ရပ်ကွက်ဂေါပကတွေနဲ့ ရပ်ရွာထဲက လူငယ်တွေ ဘုရားတံဂဲတွေ ဘုရားမီးတွေ အပြိုင်အဆိုင်အလှဆင်ကြပြီး ကာယအား ဉာဏအား ပြပွဲတဲ့ပွဲတော်လည်းဖြစ်ပါတယ်။

ယခုအခါမှာတော့ အဲဒီလို လုပ်အားပေးကြမယ့် ရပ်ကွက်ဂေါပကအချို့ဟာလည်း နိုင်ငံရေးပုဒ်မတွေတပ်ပြီး အဖမ်းခံထားရတာရှိသလို အချို့ကလည်း တိမ်းရှောင်နေကြရပါတယ်။

လူငယ်အချို့ကလည်း မိသားစုစားဝတ်နေရေးကြောင့် နိုင်ငံရပ်ခြားကို သွားရောက်ကြသူတွေနဲ့ အချို့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ရောက်ရှိနေသူတွေ ဖြစ်နေကြပါတော့တယ်။

အခုတော့ ရပ်ကွက်ဂေါပကတွေနဲ့လူငယ်တွေက ဦးဆောင်ကျင်းပတာမျိုးမဟုတ်ဘဲ ဘုန်းကြီးကျောင်းကအစီစဉ်နဲ့ပဲ ဘုရားတွေကို ကား ၂ စီးနဲ့ပင့်ဆောင်ပြီး နေ့ဘက်မှာ လှည့်လည်အပူဇော်ခံလိုက်ပါတယ်။

အရင်လို ရွာလုံးကျွတ် အကျွေးအမွေးမပျက် ညလုံးပေါက်လှည့်လည်တဲ့ တန်ဆောင်တိုင်အရသာမရခဲ့ပါဘူး။

ဆင်နွှဲသူမဲ့ ခြောက်ကပ်ကပ်တန်ဆောင်တိုင် အဖြစ်ပဲ တစ်နှစ်ဖြတ်သန်းခဲ့ကြရပါပြီ။

ကံပေါက်တန်ဆောင်တိုင်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ ၁၉၄၈က စခဲ့တာကြောင့် ၇၄ နှစ်မြောက်ရှိပေမဲ့ ရပ်နားခဲ့ရတဲ့နှစ်တွေကြောင့် ၇၂ ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး လာမယ့်နှစ်မှာ စိန်ရတုနှစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ ခြောက်ကပ်ကပ်နဲ့ ဆင်နွှဲသူမဲ့နေဦးမလား……ဆိုတာကတော့။