ရေးမြို့နယ်တွင် ပျောက်ဆုံးနေသည့်မိန်းကလေး ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့

0
5694

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် အသက် ၁၆နှစ်အရွယ် မိန်းကလေးကို ထိုးသွင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိကြောင်း လူမှုကယ်ရေးအသင်းတို့ထံမှ သိရသည်။

အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နိုဝင်ဘာလ ၆ ရက်နေ့က နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်မီ သင်္ချိုင်းအနီး ခြုံကြားတွင် ထိုးသွင်းဒဏ်ရာများ၊ ထိုးကြိတ်ခံရသောဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

တစ်ရွာတည်းနေသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံက သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာလမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံသဖြင့် မဖူးပွင့်ကဗျာက နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းနောက် ညပိုင်းအထိ နေအိမ်သို့ ပြန်မရောက်လာသဖြင့် မဖူးပွင့်ကဗျာ၏ မိသားစုဝင်နှင့် ဒေသခံတို့က လိုက်လံရှာဖွေခဲ့ရာ နောက်တစ်ရက်တွင် ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“နှစ်ကရင်ရွာအထွက် သင်္ချိုင်းအနားမှာ ပြန်တွေ့တာ။ တကိုယ်လုံးမှာလည်း ဓားနဲ့ ထိုးထားတဲ့ဒဏ်ရာတွေ၊ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေ” ဟု မဖူးပွင့်ကဗျားနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မဖူးပွင့်ကဗျာကို ပြန်တွေ့ချိန်တွင် ဆိုင်ကယ်နှင့် လက်ဝတ်လက်စားများ မရှိတော့ကြောင်းလည်း မိသားစုဝင်တို့ထံမှ သိရသည်။

ပြင်းထန်ဒဏ်ရာရရှိသည့် မဖူးပွင့်ကဗျာကို မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ်ကူညီပို့ဆောင်ခဲ့ကြောင်း မော့ကနင် ရွှေဟင်္သာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

လက်ရှိတွင် မပြည့်ဖြိုးဝေနှင့် မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး သက်ဆိုင်ရာက ရှာဖွေနေဆဲဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။