အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
4976

အခန်း(၁၂)

‌အီဆာ၊ အီဆတ်၊ အလီတို့က ခေါင်းကို ငုံ့ထားသည်။

ကျော်ဝင်းကြီး ၏ အသက်ရှုသံ တရှူးရှူးက ဒေါသကြောင့် ပြင်းထန်နေသည်။

“မင်းတို့ အစကတည်းက မသိကြဘူးလား…ဟိုကောင်မိုးကျော်..မင်းရော မသိဘူးလား”

“ကျွန်တော်က ဆိပ်ကမ်းမှာပဲ ရှိနေတာလေ..အကိုကြီး”

“တောက်…လူပေါ် ခွေးကြောတာကွ…ကြာကူလီလုပ်သွားတာ..ကြေးမုံရော..ဒီကောင်ဘာလို့မလာတာလဲ”

“ကြေးမုံပါ ပျောက်နေတာ..အကိုကြီး”

“မအေလိုးလေးတွေ..တကျိတ်တည်း တဉာဏ်တည်းနေမယ်..မိုးကျော်..ငါတို့လူ အကုန်စုကွာ..ပြီးရင်.နှစ်ကောင်လုံး ရအောင်ရှာပြီးတွေ့တဲ့နေရာသတ်..ခင်ဝင်းကြည်ကို တော့ အရှင်ရအောင်ခေါ်ခဲ့…ဒီလောက်ယားနေတဲ့‌ကောင်မ…ငါ့လက်နဲ့ ငါကိုယ်တိုင်သတ်မယ်”

မှောင်ခိုလမ်းကြောင်းတစ်ခုချဲ့ထွင်ရန်အတွက် မော်လမြိုင်သို့တက်သွားရာမှ ပြန်လာသော ကျော်ဝင်းကြီး ယမ်းမီးပုံကျနေသည်။

ခင်ဝင်းကြည်။

ကျော်ဝင်းကြီး၏ မယားလေးယောက်အနက် တတိမြောက်မယားဖြစ်သော ခင်ဝင်းကြည်။

ရန်ကုန်တက္ကသိုလ်မှ သင်္ချာအဓိကဖြင့် ဘွဲ့ရရှိထားသည့် ခေတ်ပညာတတ်။

ကျော်ဝင်းကြီး၏ ဝင်ငွေထွက်ငွေစာရင်းများကို ကိုင်ပေးရသည့် စာရင်းကိုင်ဆိုလည်းမမှား။

ခင်ဝင်းကြည်၏ ဖခင်သည် ပထစအစိုးရခေတ်က မင်းတိုင်ပင်အမတ်ဟောင်းတစ်ဦးဖြစ်သည်။

ဖခင်ကြီးကွယ်လွန်ပြီးနောက် ခင်ဝင်းကြည်၏ မိခင် မင်းကတော်ကြီးမှာ ရှိသည့်ဥစ္စာများကို ထုခွဲရောင်းချရင်း ဂျင်ဝိုင်း ဖဲဝိုင်းများတွင် ကြင်လည်ခဲ့သည်။

နောက်ဆုံးတွင် အကြွေးများ လည်ပင်းနစ်သည်ထက် နစ်လာခဲ့သည်။ မင်းကတော်ကြီး ရုတ်တရက် ဆုံးပါးသွားပြီးနောက် ခင်ဝင်းကြည် သည် အကြွေးများနှင့်အတူ ကျန်ရစ်၏။

ကြွေးရှင်ဆိုသူများ ပတ်ချာလည်ဝိုင်းနေခိုက်တွင် နေအိမ်ကို ရောင်းချလိုက်ရသည်။

ပန်းဆိုးတန်းရှိ တိုက်ခန်းတစ်ခုကို ငှားရမ်းနေထိုင်စဥ် မိခင်ကြီးထံမှ အကြွေးရစရာများရှိနေသော လူမိုက်ကျော်ဝင်းကြီးက အတင်းအဓမ္မချဥ်းကပ်ကာ လူကိုပါ သိမ်းယူလိုက်တော့သည်။

အားကိုးရာမဲ့နေသော ခင်ဝင်းကြည်ကလည်း ဘဝကို ရေစုန်မျောပစ်ကာ ကျော်ဝင်းကြီး၏ တတိယမယားဘဝ ရောက်ခဲ့ရတော့သည်။

ခင်ဝင်းကြည်သည် ကျော်ဝင်းကြီး၏ အားကိုးရသော မယားတစ်ယောက်ဖြစ်သည်။

ကျော်ဝင်းကြီး၏ ဒုစရိုက်လုပ်ငန်းမှာ ရသော ဝင်ငွေ ထွက်ငွေစာရင်းအသေးစိတ်များကို ကိုင်ရသူဖြစ်သည်။

ခင်ဝင်းကြည် အတွက်မူ ကျော်ဝင်းကြီးထံမှ သိမ်မွေ့သောချစ်ခြင်းမေတ္တာကို မရ။

အလုပ်ကိစ္စမဟုတ်လျှင်တော့…ခင်ဝင်းကြည်သည် ကျော်ဝင်းကြီး၏ အိပ်ရာထဲမှ အရုပ်ကလေးဘဝသာ ဖြစ်ခဲ့သည်။

သူတို့အိမ်သို့ ဧရာ ရောက်လာချိန်မှစပြီး ခင်ဝင်းကြည်ဟူသော အရုပ်ကလေးမှာ တစတစ အသက်ပြန်ဝင်လာရသည်။

ယခုတော့…..။

………………………………..

ကျော်ဝင်းကြီး၏ မယားအလိမ္မာလေးကို ကျော်ဝင်းကြီး၏ တပည့်ကျော် ဧရာက မပြေးသည့် သတင်းသည် ရန်ကုန်လူမိုက်လောကတွင် ဂယက်ရိုက်သွားခဲ့သည်။

ကျော်ဝင်းကြီး၏ ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရသည်။ လှောင်စရာပြောင်စရာအဖြစ်သို့ရောက်ခဲ့ရသည်။

ထိုကာလများတွင် မြေနီကုန်း နှင့် ကြည်မြင့်တိုင်သို့ မိုးကျော်၊ အီဆာ၊ အီဆတ်၊ အလီ စသော ကျော်ဝင်းကြီး၏ လူများ အုံနှင့် ကျင်းနှင့် ဆင်းလာကြသည်။

စိုးရ၊ မွှေးနီ စသော ကြေးမုံ၏ အဓိကလူများကလည်း ခြေရာဖျောက်နေခဲ့ကြသည်။

မြေနီကုန်းအတွင်း ကြေးမုံ၊ ဧရာတို့နှင့် ပတ်သက်ခဲ့သူအချို့ကို ဖမ်းဆီးရိုက်နှက်စစ်မေးကြသည်။

သို့သော်…ကြေးမုံ ၊ ဧရာ နှင့် ခင်ဝင်းကြည်တို့ ရှိသည့်နေရာကို မည်သူမျှ မသိကြ။ ကြေးမုံနေသည့် ရှမ်းလမ်းအိမ်တွင်လည်း ကြေးမုံ၏ မိခင်သာရှိသည်။ ကြေးမုံ၏ မလွှဲမရှောင်သာနားခိုရာဖြစ်သော ဗားဂရာအိမ်တွင်လည်း မိန်းမလျာ အဆင့် ပြန်ရောက်နေပြီး မြိုင်လည်း ရှိနေသည်။

ကျော်ဝင်းကြီး၏ လူများသည် ထိုအိမ်များသို့ နေ့ရောညပါစောင့်ကြည့်နေကြသည်။

ကြေးမုံ ဧရာ မခင်ဝင်းကြည် တို့ကား ဖဆပလထဲတွင်ရှိသော အိမ်တစ်လုံးတွင် ခိုအောင်းနေကြခြင်းဖြစ်သည်။

ဖဆပလရပ်ကွက်သည် ရေခဲ၏ အပိုင်နယ်မြေဖြစ်သဖြင့် ထိုနေရာတွင် သူတို့ခိုအောင်းနေမည်ဟု မည်သူမျှ ထင်မထားကြ။

ထိုအိမ်က ရေခဲနှင့် အညို တို့ စတည်းချရာ အိမ်ဖြစ်သည်။

“ကျွန်တော်ကတော့ ပြန်တိုက်ဖို့ ဆုံးဖြတ်ထားတယ်..ကိုရေခဲ”

“မင်းဘယ်လိုစဥ်စားထားလဲ..ငကြေး…ဒီကောင်တွေအုပ်စုက အခုချိန်အားအကောင်းဆုံးဖြစ်နေတာ..အမှန်ပြောရရင် ငါလည်း မင်းတို့ကို အကြာကြီးမကာကွယ်ထားနိုင်ဘူး..ပြီးတော့ အားနာနာနဲ့ပြောရရင် မင်းကောင် လုပ်ခဲ့တဲ့ကိစ္စကလည်း ဒီလောကမှာ စည်းဖောက်တာကွ”

ရေခဲ စကားကြောင့် ဧရာက ခေါင်းငုံ့သွားသည်။

“ကြေးမုံ..မင်း မပါနဲ့..ဒီကောင်တွေလိုချင်တာ ငါ့ကို လိုချင်တာ ငါထွက်ရှင်းလိုက်မယ်”

“ဖင်မယားနဲ့ ဧရာ…မင်းလိုကောင် သေသွားတာ စောက်ကြောင်းမဟုတ်ဘူး..မင်းက အခု

ကလေးအဖေဖြစ်မှာ…မင်း မမဝင်းဘေးမှာ ရှိနေဖို့လိုတယ်..ငါ့မှာ အစီအစဥ်ရှိပါတယ်..ဒါပေမယ့် ကိုရေခဲ ကူညီမှဖြစ်မယ်”

“ပြော..ငါဘာကူညီရမလဲ”

“ခင်ဗျားလူတစ်ယောက်ကို ကိုမိုးကျော်ဆီလွှတ်ပေး…ကျွန်တော်စာရေးပေးလိုက်မယ်”

“အေး…”

“ဒါပေမယ့်..ကျွန်တော်ခင်ဗျားနယ်ထဲရှိနေတော သူသိလို့မရဘူးနော်”

“ငါ လုပ်တတ်ပါတယ်..ကြေးမုံ”

ကြေးမုံက စာရွက်တစ်ရွက်နှင့် ခဲတံကို ယူလိုက်သည်။

“ကိုမိုးကျော်…ကျွန်တော့်ကိုရော သတ်မှာလား…ကြေးမုံ”

ကြေးမုံကစာရွက်ကိုခေါက်ပြီး ရေခဲကို ပေးလိုက်သည်။

ရေခဲက စာရွက်ကို အိတ်ကပ်ထဲ ထည့်ကာ အပြင်ထွက်သွား၏။

ညနေပိုင်းတွင် ရေခဲ ပြန်ရောက်လာသည်။

ကြေးမုံ ရေးပေးလိုက်သော စာရွက်အပိုင်းလေးကို လာပြန်ပေးသည်။

ကြေးမုံရေးလိုက်သော စာအောက်တွင်မိုးကျော်က စာပြန်ရေးပေးလိုက်၏။

“သုံးယောက်လုံးကို သတ်ဖို့ အမိန့်ပေးထားတယ်…ဟိုကောင်နဲ့ကောင်မကို အပ်ရင် မင်းအသက်ရှင်ဖို့ ငါအာမခံတယ်…မိုးကျော်”

ကြေးမုံက ပြုံးလိုက်သည်။

“ကိုရေခဲ… စိတ်ချရတဲ့ ကားတစ်စီးလောက်နဲ့ ဧရာနဲ့ မမဝင်းကို ရှစ်မိုင်ဘက်ကို ပို့ပေးပါလား.. အဲ့ဒီမှာ ကျွန်တော့်လူ ကိုစိုးရတို့ အောင်းနေတဲ့ ခြံရှိတယ်”

“အေး စီစဥ်လိုက်မယ်”

“မင်းက မလိုက်ခဲ့ဘူးလား..ကြေးမုံ”

“မင်းတို့ သွားနှင့်..ဧရာ…ငါ လုပ်စရာတွေကျန်သေးတယ်”

“ဘာလုပ်မှာလဲ..တစ်ခုခုဆို မင်းတစ်ယောက်တည်း လျှောက်မလုပ်နဲ့ကွာ..ငါ မင်းနဲ့အတူရှိနေမှာ”

“ငါလုပ်စရာရှိတာ ငါသိတယ်…မင်းသွားမှာသာသွားကွာ..ဘာလဲ မင်းက ငါက မင်းတို့ကို မိုးကျော်တို့ လက်ထဲ အပ်မှာစိုးတာလား”

“ကြေးမုံ..မင်း အပ်တယ်ဆိုရင်တောင် ငါရင်ကော့ပြီး သေရဲပါတယ်ကွ…မမဝင်းကိုသာ စိတ်ပူတာ”

“အေးလေ..အဲ့ဒါကြောင့်ပြောတာ..မင်းမမဝင်းကြီးက မင်းရှိနေမှ ဖြစ်မှာလေ..ကဲ..သွားဖို့လုပ်တော့.. မမဝင်း ဒီကောင့်ကို အခန်းထဲ ခေါ်သွားတော့”

မမဝင်း က ဧရာကို အခန်းထဲသို့ ခေါ်သွားသည်။

ဧရာက ကြေးမုံကို မှုန်တေတေနှင့် ကြည့်သွား၏။

“ကိုရေခဲ…မျှော မပါတဲ့ ဓါးမြှောင်တစ်ချောင်းလောက် ရနိုင်မလား”

ရေခဲက ခေါင်ညိတ်ပြလိုက်သည်။

………………………………..

ည ၈ နာရီခွဲ။

အောင်ဆန်းကွင်းထိပ် လမ်မီးတိုင်အောက်။

မိုးကျော်က ဆိုင်ကယ်ကို ဒေါက်ထောက်ပြီး စီးကရက်ဖွာနေသည်။

မှောင်ရိပ်ထဲမှ လူရိပ်တစ်ခု လျှောက်လာ၏။

ကြေးမုံ။

ကြေးမုံက မိုးကျော် ကို ပြုံးပြလိုက်သည်။

“ဘယ်လိုလဲ..ငကြေး….မင်းတော်တော်စောက်သုံးမကျတဲ့ကောင်..အခုတော့ကြာကူလီဇာတ်မှာ ကြားညပ်နေပြီ”

“ကျွန်တော့်သူငယ်ချင်းကိစ္စ ကျွန်တော့်ကိစ္စပဲ ကိုမိုးကျော်”

“မင်းငါ့ကို ချိန်းတာ ဟိုကောင်နဲ့ ကောင်မကို အပ်ဖို့ မဟုတ်ဘူးလား”

“မဟုတ်ဘူး..ခင်ဗျား သတ်တာကို ခံဖို့လာတာ..ကိုမိုးကျော်”

မိုးကျော်က မျက်မှောင်ကြုံ့လိုက်သည်။

ကြေးမုံက ဓါးမြှောင်ကို ဆွဲထုတ်လိုက်သဖြင့် မိုးကျော်က အသင့်အနေအထား နေရာယူလိုက်သည်။

ကြေးမုံက ဓါးရိုးကို မိုးကျော်ဘက် သို့ ထိုးပေးလိုက်၏။

“ရော့..ကိုမိုးကျော်.. ကျွန်တော့်ကို သတ်မယ်လူဆို ကျွန်တော်က ဦးအောင်သတ်မယ်လို့ အမြဲ ဆုံးဖြတ်ထားတယ်… ခင်ဗျားကို ကျွန်တော့် အကိုလို ဆရာလို ခင်တာပါ……ခင်ဗျားကို ကျွန်တော်မသတ်ချင်ဘူးကိုမိုးကျော်..ဒီတော့ ခင်ဗျား ကျွန်တော့်ကိုသတ်မယ်ဆိုလည်း သတ်ခံပါ့မယ်…ရော့”

မိုးကျော်က ကြေးမုံ ထိုးပေးသည့် ဓါးမြှောင်အရိုးကို အမှတ်တမဲ့ ကိုင်လိုက်စဥ် ကြေးမုံက မိုးကျော်လက်ကို ချုပ်ပြီး ဓားသွားကို သူ့ဗိုက်ဖြင့် ဖိဝင်တိုးချလိုက်၏။

“ဇွိ”

ဓားသွားက ကြေးမုံဗိုက်အတွင်း တစ်ဝက်ခန့်ဝင်သွားသည်။

“ဒီမှာဆရာရေ..ဓါးနဲ့ထိုးနေပြီဗျိုး..ဒီမှာ ဒီမှာ”

လက်နှိပ်ဓာတ်မီးများ တဝင်းဝင်းပေါ်လာသည်။ ရုတ်တရက်ဘယ်ကရောက်လာမှန်းမသိသော လူအုပ်စုက မိုး‌ကျော်တို့ကို ဝိုင်းထားလိုက်ကြ၏။

မိုးကျော်က လက်ထဲတွင် ဓါးမြှောင်ကို ကိုင်လျက် အခြေအနေကို မှင်သက်နေသည်။

သတိဝင်လာပြီ ပြေးရန်ပြင်လိုက်စဥ် မင်္ဂလာတောင်ညွန့်ရဲစခန်းမှ ရဲများက ရိုင်ဖယ်သေနတ်များဖြင့် ချိန်ထားပြီး လက်ထိပ်ခတ်လိုက်ကြသည်။

မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော သတင်းထောက်တစ်ဦးကလည်း မိုးကျော် ကို ဓာတ်ပုံများ တဖြတ်ဖြတ်ဝင်ရိုက်တော့သည်။

ကြေးမုံကား သွေးအိုင်ထဲတွင် ခွေခွေကလေး။

ချက်ချင်းပင် လူအုပ်ထဲမှ လူလေးဦးထွက်လာကာ အသင့်ဆိုက်ထားသော သုံးဘီးကားဖြင့် ကြေးမုံကို ရန်ကုန်ဆေးရုံကြီးသို့ တင်သွားကြသည်။

မိုးကျော် ကို ကား မင်္ဂလာ‌တောင်ညွန့်ရဲစခန်းမှ ဓားထိုးမှုဖြင့် ဖမ်းဆီးသွားခဲ့ပေပြီ။

ရေခဲက အမှောင်ထဲမှ နေပြီး သူ့လူများကို အချက်ပြလိုက်သည်။

ကန်တော်လေးနှင့် ဖဆပလရပ်ကွက် အတွင်းသို့ လူအုပ်ကြီးက အလျှိုလျှိုပြန်ဝင်ကာ ပျောက်ကွယ်သွားတော့၏။

………………………………..

နောက်တစ်နေ့ နံနက်။

“ပန်းဆိုးတန်းလူမိုက်ဆိုသူ မိုးကျော်မှ မြို့လယ်ခေါင်တွင် လူတစ်ဦးအား ဓါးနှင့်ထိုး၊ နောက်ကွယ်တွင် မှောင်ခိုဂိုဏ်းများပါဝင်ပတ်သက်မှုရှိနေနိုင်သဖြင့် ဆက်လက်စုံစမ်းသွားမည်ဟု ရဲအဖွဲ့ဆို” ဆိုသည့် ခေါင်းစီးက ဗိုလ်တစ်ထောင်သတင်းစာတွင် ပါလာခဲ့သည်။

ထိုသတင်းသည် ကျော်ဝင်းကြီး၏ နေအိမ်ကို ပါ ဂယက်ရိုက်စေခဲ့တော့သည်။

“မိုးကျော်အခု ဘယ်မှာလဲ”

“ပုဇွန်တောင် ရဲစခန်းမှာပါ..အကိုကြီး..ကျွန်တော်တို့ ပြီးရင် လိုက်သွားကြမလို့ပါ”

ကျော်ဝင်းက အံကို ကြိတ်ကာ လက်ကာပြလိုက်သည်။

“ဘယ်သူမှ လိုက်မသွားနဲ့..ဒီသတင်းခေါင်းစီးကိုကြည့်..ငါလိုးမသတင်းထောက်တွေရေးပုံကိုကြည့်.. မီးခိုးကြွက်လျှောက်ငါ့ဆီ ‌ရောက်လာလိမ့်မယ်”

အီဆာနှင့် အလီက ကျော်ဝင်းကြီးကို ကြည့်နေကြသည်။

“အကိုကြီး…နို့မဟုတ် ကိုမိုးကျော် ဒုက္ခရောက်နေမှာပဲ”

“အေး..အဲ့ဒါငါသိတယ်..လောလောဆယ်…စခန်းမှာရှိနေချိန် ဘယ်သူမှ သွားမတွေ့နဲ့ဦး…တရားရုံးရောက်မှ ဒီကောင့်ကို လွတ်အောင်ငါလုပ်မယ်…ဟို ငကြေးဆိုတဲ့ကောင်ရော..သေပြီလား”

“မသေဘူး..အကိုကြီး…ရန်ကုန်ဆေးရုံကြီးမှာလို့ပြောတယ်”

“အေး..ဒီကောင့်ကိုလည်း လောလောဆယ် ခဏလျှော်ထားဦး…ဒီကိစ္စက မြို့လယ်ခေါင်ကြီးမှာ ဖြစ်သွားတာ… ရဲက ငါတို့ကို စောင့်ကြည့်နေမှာပဲ..လသာအဖိုးကြီးတွေနဲ့ ငါနဲ့ မှောင်ခိုပစ္စည်းလမ်းကြောင်းတစ်ခု အသစ်ဆွဲနေချိန် ဒီလိုဖြစ်တာကို အဖိုးကြီးတွေလည်း ကြိုက်မှာမဟုတ်ဘူး…ဒီတော့ မိုးကျော်ကိစ္စရော၊ ကြေးမုံကိစ္စရော မင်းတို့ ဘာမှ သွားမထိနဲ့ဦး..ဖြည်းဖြည်းချင်း ငါရှင်းမယ်”

“ဟုတ်ကဲ့..အကိုကြီး”

………………………………..

နှစ်ရက်ကြာခဲ့ပြီ။

ကြေးမုံ။

ဆေးရုံပေါ်မှာ။

မျော ခေါ် လေလမ်းကြောင်းမပါသည့် ဓါးမြှောင်ဖြင့် အထိုးခံရသည့် ဒဏ်ရာနှင့်။

“သက်သာရဲ့လား..အကို”

မြိုင် က ကြေးမုံဘေးတွင် ဝင်ထိုင်သည်။ ရန်ကုန်သို့ ပြန်ရောက်နေပြီဖြစ်သော အဆင့်က ထမင်းချိုင့်များထည့်လာသော ခြင်းကို ကုတင်ဘေးတွင် ချလိုက်၏၊

“အေးဆေးပါ..မြိုင်…အမေ့ဆီ ရောက်ခဲ့သေးလား”

“အင်း..ရောက်ခဲ့တယ်..အကိုမှာတဲ့ပစ္စည်းလည်းပေးလိုက်တယ်”

“အမေ ဘာပြောသေးလဲ”

“အကို မှာထားတဲ့အတိုင်း ခရီးတစ်ခုထွက်စရာရှိတယ်ပဲပြောထားတယ်…အကို ယူခိုင်းလိုက်တဲ့ဟာလည်းပါတယ်”

မြိုင်က ထမင်းချိုင့်ခြင်း၏ အောက်ဆုံးတွင် ထည့်ထားသော အထုတ်တစ်ထုတ်ကို ယူလိုက်သည်။

ကြေးမုံက အထုတ်ကို အသာဖွင့်ကြည့်လိုက်၏။

ထို့နောက် အိတ်ကို ခေါင်းအုံးအောက်သို့ ထည့်လိုက်သည်။

“မြိုင့် ကို ကျေးဇူးပါ”

“ခင်ဗျားသာ သက်သာအောင်လုပ်ပါ..အကို..ကျွန်တော်ခင်ဗျားနဲ့ အတူတူအမြဲရှိပါတယ်”

“ဒါနဲ့ မြိုင်…ရှမ်းလမ်းက အကို့အိမ်ပြောင်းနေပါလား..အမေလည်း တစ်ယောက်တည်းမဖြစ်တော့ဘူးပေါ့”

မြိုင်က အဆင့်ကို လှမ်းကြည့်လိုက်သည်။

“ကဲ..ကြည့်မနေနဲ့ မိမြိုင်..နင့်လင်က ခေါ်နေပြီ..ငါလည်း နင်ရှိကတည်းက ငါ့အိမ်မှာ ဘယ်လင်မှ ခေါ်အိပ်မရဘူး…သွားသာသွား”

မြိုင်က ပြုံးလိုက်သည်။ ကြေးမုံလည်း ပြုံးလိုက်၏။

………………………………..

ညည့်နက်ပြီမို့ ရန်ကုန်ဆေးရုံကြီးက တိတ်ဆိတ်နေသည်။

ဆေးရုံကြီးအနောက်ဖက် ရင်ခွဲရုံဘက် ခြံစည်းရိုးမှ အရိပ်တစ်ခု ခွကျော်လာ၏။

အရိပ်က သစ်ပင်ရိပ်အောက်တွင် ရပ်ထားသော ဆိုင်ကယ်ဆီသို့ ဦးတည်လာသည်။

ဆိုင်ကယ်ဘေးတွင် စောင့်နေသူက စိုးရ။

“ကိုစိုးရ….အခြေအနေအိုကေရဲ့လား”

“အဆင်ပြေတယ်..ကြေးမုံ..ဟိုကောင်ကြီးကတော့ ကမ်းနားက သူ မာရှီရှုနေကျ လှေပေါ်မှာ နှပ်နေတယ်”

“အေး..ဒါဆို သွားကြမယ်”

ကြေးမုံက စိုးရ နောက်မှ ဆိုင်ကယ်ကို တက်ခွလိုက်သည်။ ဆိုင်ကယ်က ဝူးခနဲ မောင်းထွက်သွား၏။

ကမ်းနားသို့ ရောက်ပြီ။

မြစ်ပြင်ကျယ်ကို ကျော်ဖြတ်လာသော ညဥ့်လေညှင်းက တဟူးဟူး။

“ကြေးမုံ..မင်းဖြစ်ပါ့မလား”

“ရတယ်…ကိုစိုးရ..ခင်ဗျားသာ ဆိုင်ကယ်ကို အသင့်ပြင်ထား..ခဏနေ ကျွန်တော်ပြန်လာခဲ့မယ်”

ကြေးမုံက သူကိုင်လာသော အိတ်ထဲမှ ခြောက်လုံးပြူးသေနတ်ကို ထုတ်လိုက်သည်။

ကြေးမုံ၏ မိခင်ကြီးဆီမှ မြိုင်ယူလာပေးသောသေနတ်။

လွန်ခဲ့သည့် ငါးနှစ်က ဘုံကျောင်းအတွင်း တရုတ်ဂိုဏ်းကို ဝင်လုပ်ကြံစဥ် အလိန်ထံမှ ကြေးမုံရလိုက်သည့် ခြောက်လုံးပြူး။

ထိုခြောက်လုံးပြူးထဲတွင် ကျည်လေးတောင့်ပါ တစ်ခါတည်းပါလာခဲ့သည်။

ကြေးမုံက ထိုခြောက်လုံးပြူးအကြောင်းမည်သူ့ကိုမျှ မပြောပဲ သိမ်းထားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ကြေးမုံသည် ထိုခြောက်လုံးပြူးကို တစ်လတစ်ကြိမ် တိုက်ချွတ်ပြီး မိခင် မမြင့်ဝင်းထံတွင် အပ်ထားခြင်းဖြစ်သည်။

“သေနတ်နဲ့ပါလား..မင်း ပစ်ရော ပစ်တတ်ရဲ့လား..ကြေးမုံ”

“ကျွန်တော် မဂျစ်ကြီး ဆီကနေ ပစ်နည်းမေးထားတယ်..တစ်ခါမှတော့ မပစ်ဖူးဘူး”

“အေး..သတိတော့ထားဦးဟ”

ကမ်းနားလှေဆိပ်ရှိရာသို့ ကြေးမုံ ပြေးဆင်းသွားသည်။

………………………………..

“မျက်စိကို အနားပေး..မှေးတဲ့ ညဧရာဝယ်..အိပ်မက်ကို အလှည့်ပေး..အတွေးပျံ့လွင့်စဥ်..ချောင်းလိုလို..မြစ်လိုလို. တစ်ခုသောကမ်းအစပ်မှာ အရောက်လာသည်တွင်..”

ကျော်ဝင်းကြီး ဆေးခြောက်ရှုနေကျ လှေထိပ်တွင် အစောင့်ချထားသည့် ပုဂ္ဂိုလ်က မြစ်ပြင်ကို ငေးရင်း သီချင်းညည်းနေရာမှ ရပ်သွား၏။

သူ့နားထင်တွင် ထောက်ထားသော အေးစက်စက်သေနတ်ပြောင်းဝကို မျက်လုံးဆွေကြည့်လိုက်သည်။

“မင်း ဒီကနေ ဆင်းပြီး ပြေးတော့….ငါ့မြင်ကွင်းကနေ ပျောက်အောင်ပြေးနော်..မဟုတ်ရင် လှမ်းပစ်မှာ..သွား”

ထိုသူက ခုန်ချပြီး တချိုးတည်းပြေးတော့သည်။

ကြေးမုံက လှေပေါင်းမိုးကို ကာရံထားသည့် အဝတ်စကို လှပ်လိုက်သည်။

မွှေးပျံ့ရီဝေသော ဆေးခြောက်ငွေ့ရနံ့တို့က လှိုက်ခနဲ ထလာ၏။

ကျော်ဝင်းကြီး သည် မွေ့ယာပေါ်တွင် ခေါင်းအုံးနှစ်လုံးကို တင်လျက် မျက်လုံးကို မှေးစင်းထားသည်။

ကြေးမုံက ခြေရင်းတွင် လျောကျနေသော ခေါင်းအုံးတစ်လုံးကို အသာကောက်ယူလိုက်သည်။

“ဟေ့ကောင်..မင်း ငါမခေါ်ပဲ ဝင်မလာနဲ့လို့ ပြောထားတယ်လေ”

ကျော်ဝင်းက မျက်လုံးကို လေးတိလေးကန်ဖွင့်ကြည့်လိုက်သည်။

သူ့မျက်စိရှေ့တွင် ကြေးမုံ၏ မျက်နှာပေါ်လာသဖြင့် ခေါင်းကို ခါးရမ်းလိုက်၏။

ကြေးမုံက ကျော်ဝင်းကြီး၏ မျက်နှာကို ခေါင်းအုံးဖြင့် ဖိချလိုက်ပြီး ကျန်သည့်လက်က ခေါင်းအုံးပေါ်သို့ ခြောက်လုံးပြူးကို တေ့ကာ မောင်းဆွဲလိုက်သည်။

“ကလစ်”

နှစ်ပေါင်းများစွာ မပစ်မခတ်ပဲ ထားသည့် ခြောက်လုံးပြူးမှာ ရုတ်တရက် ဂျန်းဖြစ်သွားသဖြင့် ကျည်ထွက်မလာ။

ကျော်ဝင်းကြီးက ခြေလက်နှစ်ဖက်ကို အတင်းရုန်းကန်သည်။ ကြေးမုံက ကျော်ဝင်းမျက်နှာပေါ်မှ ခေါင်းအုံးကို သူခန္ဓာကိုယ်ဖြင့် အားပြုတက်ဖိထား၏။

ကျော်ဝင်းကြီး၏ ဒူးတစ်ဖက်က ကြေးမုံ၏ ပတ်တီးစီးထားသော ဓါးဒဏ်ရာကို အရှိန်ဖြင့်တိုက်မိသည်။

ချုပ်ရိုးပြေထွက်သွားပြီး အထဲမှ အူစ တစပင် ထွက်ကျလာသည်။

“အင့်”ခနဲ အော်ပြီး ကြေးမုံဘေးသို့ လဲကျသွား၏။

ကျော်ဝင်းကြီး က ကြေးမုံကို တက်ခွရန်ပြင်သည်။

ကြေးမုံက လက်ထဲမှ ခြောက်လုံးပြူးကို နောက်ထပ် မောင်းဆွဲလိုက်သည်။

“ဒိုင်း”

ကျော်ဝင်းကြီး နောက်သို့ လန်ထွက်သွား၏။

လှေပေါင်းမိုးနံရံတွင် ဦးနှောက်တို့ ပြန့်ကျဲလျက်။

ကြေးမုံက လက်တစ်ဖက်ဖြင့် ပွင့်သွားသောဗိုက်ကို ပိတ်ကာ လှေအပြင်သို့ ပြေးထွက်သည်။ ‌ခြောက်လုံးပြူးကို မြစ်ထဲသို့ ပစ်ချလိုက်သည်။

ထို့နောက်လှေပေါ်မှ ခုန်ချကာ စိုးရ ၏ ဆိုင်ကယ်ရှိရာသို့ ပြေးတက်လာတော့သည်။

………………………………..

နောက် နာရီဝက်အကြာတွင် ရန်ကုန်ဆေးရုံကြီးမှ သူနာပြုဆရာမများ နားနေခန်းအဝတွင် ကြေးမုံ က ဝမ်းဗိုက်ကို ပိုက်လျက် မတ်တပ်ရပ်နေသည်။

“ဆရာမ..ကျွန်တော်ခုနက အိမ်သာသွားရင်း ချော်လဲလို့..ဗိုက်က ဒဏ်ရာပြန်ပွင့်သွားတယ်”

သူနာပြုဆရာမများက အလန့်တကြားထလိုက်သည့်အချိန်တွင် ဖြူလျော့နေသော ကြေးမုံ ခွေလဲကျသွား၏။

သွေးများက မြင်မကောင်းအောင် ရွှဲနစ်နေကြသည်။

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ အခန်း ( ၁၃ ) >>>>>

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) တင်ပြီးသည့် အပိုင်းများ >>>>>