ပုလောတိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံးပြီးငါးဦးထက်မနည်း ဒဏ်ရာရဟုဆို

0
4994
ဓါတ်ပုံ - ပုလောမြို့နယ်ရှိကျေးရွာတစ်ရွာ (ပုံဟောင်း)

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပိတပ်ကျေးရွာတွင် နိုဝင်ဘာ ၄ ရက်နေ့တိုက်ပွဲကြောင့် ပင်လယ်အတွင်း ငါးဖမ်းရာမှပြန်လာသည့် အရပ်သားတစ်ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးခဲ့သည်။

သေဆုံးသူမှာ တိုကျေးရွာနေ အသက် ၂၀ ဝန်းကျင်ရှိ ကိုဖြိုးငွေစိုးနှင့် ပိတပ်ရွာနေ သုံးဘီးဆိုင်ကယ်မောင်းသူ အသက် ၃၀ ကျော်အရွယ် ကိုဇေယျာလင်း တို့ဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

ယင်းအပြင်နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် ယင်းနေအိမ်နေ မိသားစုငါးဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ကပြောသည်။

“သားအဖနှစ်ဦး လှေမောင်းပြီး ဝင်လာတဲ့အချိန် ပစ်ခံထိတာ သားမှာထိပြီး သေသွားတယ်။ သူတို့နဲ့အတူတူ ဝင်လာတဲ့လှေကတော့ မောင်းပြေးတာ လွတ်သွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

အလားတူသုံးဘီးဆိုင်ကယ်မောင်းသူ ကိုဇေယျာလင်းသည်လည်း သုံးဘီးမောင်းလာစဥ်လမ်း၌ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရကြောင်း ဒေသခံများ ကပြောသည်။

“အလောင်းတွေကိုတော့ သွားယူနေကြပြီလို့သိရတယ်”ဟု ဒေသခံ နောက်အမျိုးသား ကပြောသည်။

ယင်းအပြင် တိုကျေးရွာ၌ စပါးရိတ်နေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အပါအဝင် ခမောင်းတောရွာသားတစ်ဦး သည်လည်း လက်နက်ကြီးကျည် ထိမှန်ခဲ့သည်ဟု ကြားရသော်လည်း မည်သူမည်ဝါမှန်း အတိအကျ မသိရသေးကြောင်း ဒေသခံများ ကဆိုသည်။

“လက်နက်ကြီးက တစ်ညလုံးပစ်နေတာ ခမောင်းတောဖက် တော်တော်များများကျတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

ယင်းအပြင် ပိတပ်ရွာသား ငါးဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်များမှ ယနေ့နံနက်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောပြသည်။

တိုက်ပွဲကြောင့် တိုနှင့်ပိတပ်ရွာရှိ ရွာသားများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။

ပိတပ်ရွာတွင် ယနေ့တိုက်ပွဲငြိမ်သက်နေသော်လည်း ပဝတ်ကုန်းကျေးရွာတွင်မူ နံနက်ပိုင်းမှစတင်ကာ မွန်းလွဲ ၁ နာရီအချိန်အထိ နှစ်ဖက်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုမူ မသိရှိရသေးပေ။

ပုလောမြို့နယ်၊ကျေးရွာများတွင် ဖြစ်သည့်တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ကူသည့်အတွက် နေအိမ်ပျက်စီးမှုနှင့် အရပ်သားထိခိုက်သေဆုံးမှု မကြာခဏဖြစ်နေသည်ဟု ဒေသခံများ ထံမှသိရသည်။