လောင်းလုံးတွင် စစ်ကားဖြတ်လာစဉ် ‌ဗုံးပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

0
7145

လောင်းလုံးမြိုနယ်၊ ခမောင်းတောင်ရွာနှင့် ထိန်တွင်းရွာကြားလမ်းပိုင်းတစ်နေရာတွင် ယနေ့ (နိုဝင်ဘာ ၅) နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ယနေ့နံနက် ကိုးနာရီခန့်က ထိန်တွင်းရွာဘက်မှ စစ်ကားတစ်စီးထွက်လာစဉ် ခမောင်းတောင်ရွာကားလမ်းမနှင့် တစ်ဖာလုံကျော်ခန့်အကွာ‌ ထိန်တွင်းရွာသို့သွားသည့် လမ်းပိုင်းတစ်နေရာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အသက် ၃၉ နှစ်အရွယ်ရှိ ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“သူအိမ်ကိုသွယ်ထားတဲ့ မီးကြိုးပြတ်လို့ မီးဆက်နေတယ်ပြောတယ်။ အဲဒီအချိန်မှာပဲ ကင်တာအမျိုးအစား ဒိုင်နာကားတစ်စီးကလည်း စစ်သားတွေတင်ပြီး ထိန်တွင်းရွာကထွက်အလာ သူ့အိမ်နား မလှမ်းမကမ်းအရောက် ထပေါက်တာ”ဟု ၎င်းကပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ယင်းအမျိုးသမီး၏ ညာဖက်မျက်လုံး၊ ညာဖက်ဒူး နှင့် ခြေမျက်စိ ဘယ်ညာ ပြတ်ရှဒဏ်ရာအပါအဝင် ပေါင်ခြံကနေ ခြေထောက်နှစ်ဖက်စလုံး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်း‌ဘေးဝဲယာတစ်လျှောက် ရမ်းသမ်းခြောက်လှန့် ပစ်ခတ်သွားခဲ့ကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်ည ၁၁ နာရီဝန်းကျင်ခန့်ကလည်း ယင်းနေရာတွင်ပင် ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်ဟု အထက်ပါဒေသခံများကဆိုသည်။

စစ်ခေါင်းဆောင်၏ ထားဝယ်အထူးစီးပွားရေးဇုန် ခရီးစဉ်ရှိသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောင်းလုံးနှင့် ရေဖြူမြို့နယ်၏ ကုန်းရေ ထွက်ပေါက်ဝင်ပေါက်များကို လုံခြုံရေးအင်အားအမြောက်အများဖြင့် လုံခြုံရေးယူထားခဲ့သည်။

ထိုသို့ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိန်တွင်းရွာလှေဆိပ်အနီးတွင် သုံးရက်ကြာ ယာယီတပ်စွဲပြီးနောက် ပြန်ထွက်လာစဉ် ယခုကဲ့သို့ မိုင်းဖြင့်တိုက်ခိုက်ခံရခြင်းလည်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ဆိုသည်ကို Dawei watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

မိုင်းစထိမှန်ခြင်းပြီး ဒဏ်ရာရရှိသည့်အမျိုးသမီးမှာ ထားဝယ်တွင် ဆေးကုသခံယူနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။