သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၂)

0
4247
(ပုံစာ- ၁၉၈၉-၉၀ ခုနှစ်က ABSDF ရဲဘော်တဦး ရှင်မုတ္တီးရွာမှာ ဟောပြောနေစဉ်)

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁) >>>>>

အပိုင်း-၁-

အခန်း -၂-

(၁) ထားဝယ်မြို့ရဲ့ အခြားတဖက် မျက်နှာမှာ…

ကံဆိုးချင်တော့ မြစ်လယ်တည့်တည့်မှာ စစ်သင်္ဘောကြီးတစီး ရပ်ထားတာကို တွေ့လိုက်ရပါတယ်။

“ဘုရားရေ၊ သွားပြီထင်တယ်။ ဒီတခါတော့ ဆန္ဒပြပွဲအတွင်းမသေဘဲ ရေလယ်မှာ ပစ်သတ်ခံရတော့မယ်ထင်ပါတယ်” လို့ စိတ်ထဲက အတော်စိုးရိမ်ပြီး ဘုရားတလိုက်မိပါတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ ပြောရမလား၊ တမင် သိရက်နဲ့ လွှတ်ပေးလိုက်တာလားတော့ မပြောတတ်၊ အဲဒီသင်္ဘောကြီးက တချက်မှမလှုပ်ဘူး။ ဆလိုက်မီးနဲ့ ထိုးပြီး သတိပေးတာမျိုးလည်းမရှိဘူး။

ရင်တမမနဲ့စီးလာရတဲ့ လှေခရီးဟာ မနက် ၅ နာရီခွဲလောက်မှာတော့ စော်ဝရွာကို ဆိုက်ပါတယ်။ အဲဒီမှာ သေနတ်ကိုင်ထားတဲ့ ဗကပ ဆိုတာကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ်မြင်ဖူးပါတယ်။ ထားဝယ်က ကျောင်းသားတချို့လည်း သူတို့နဲ့အတူ ရှိနေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။

လက်နက်ကိုင် တော်လှန်ရေးအတွက် စိတ်ကူးယဉ်နေတဲ့ (တကယ်ကတော့ အဲဒီအချိန်အထိ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ လှပတဲ့ စကားလုံးမျိုး အတိအကျမသုံးတတ်သေးပါ) ကျနော်ဟာ ဗကပ – ရဲဘော် ၃ ဦး ကိုင်ထားတဲ့ လက်နက်တွေကို အသေအချာကြည့်မိပါတယ်။ အဲဒီတုန်းက ဂျီသရီး လောက်ကိုသာ အဝေးကနေ မြင်ဖူးသေးတဲ့အတွက် သူတို့ကိုင်ထားတဲ့ လက်နက်ကို ဘာအမျိုးအစားမှန်း ကျနော်မခေါ်တတ်ပါဘူး။ KNU နယ်ထဲရောက်ဖူးတဲ့ ကျနော့်ဘေးကကျောင်းသားတဦး ပြောတာကတော့ နေဝင်း စတင်းက တလက်။ AK 47-ခေါက်ဒင်က တလက်နဲ့ M 79 လောင်ချာက တလက်ဖြစ်တယ် ဆိုတာကို သိခဲ့ရပါတယ်။

တကယ်တမ်း ပြန်စဉ်းစားမယ်ဆိုရင်တော့ ကျနော်တို့ သက်စွန့်ဆံဖျား သွားခဲ့တဲ့ အဲဒီ တညတာ လမ်းကြောင်းဟာ ဘေးကနေ ကြည့်နေသူအတွက် ရယ်ချင်စရာ ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ကျနော်တို့ ရောက်နေတဲ့ စော်ဝရွာနဲ့ ထားဝယ်မြို့ဟာ ၅ မိုင်လောက်ပဲကွာပြီး စက်ဘီးနဲ့ လာမယ်ဆိုရင် နာရီဝက်အတွင်းရောက်နိုင်တဲ့ နေရာဖြစ်နေလို့ပါ။

ဒါပေမယ့် ကိုယ်သွားရမယ့် လမ်းကြောင်းကို ကြိုမသိတာရော၊ စစ်တပ်က ဂိတ်တွေကို ပိတ်ထားတာရော အခြေနေ တွေကြောင့် ၅ မိုင်ခရီးကို သက်တောင့်သက်သာ စက်ဘီးလေး၊ ဆိုင်ကယ်လေးနဲ့ မသွားနိုင်ဘဲ ထားဝယ်မြစ်ကိုဖြတ်ပြီး ၃၊ ၄ မိုင်ဝေးတဲ့ အနောက်ဘက်က ကျနော်တို့ရွာဆီ လှေတတန်၊ မြင်းလှည်းတတန်နဲ့ အရင်လာ။ အဲဒီကနေ ၁ဝ မိုင်ခရီးလောက်ကို ညကြီးမင်းကြီး လမ်းပြန်လျှောက်၊ တမိုင်ကျော်လောက် ကျယ်မယ့် ပင်လယ်ဝကို လက်လှော်လှေတွေနဲ့ ဖြတ်ပြီးမှ ဒီရွာလေးကို ခဲရာခဲဆစ် လာခဲ့ရတာကိုက ဒီခရီးစဉ်ဟာ စနစ်တကျ ပြင်ဆင်ထားတာမဟုတ်ဘဲ အရေးပေါ် သင့်သလို သွားခဲ့ရတယ်ဆိုတာ ထင်ရှားနေပါတယ်။

တကယ်ကတော့ ဒီရွာကိုရောက်တာနဲ့ ဗကပ ထိမ်းချုပ်နယ်ထဲ ရောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ စစ်တပ် တပ်စုတစု အခြေစိုက်တဲ့ ရှင်မုတ္တီးကျေးရွာနဲ့ ရဲစခန်းတခု အခြေစိုက်တဲ့ ရွှေဂူတံတားကြားမှာ စော်ဝရွာက ရှိနေတဲ့အတွက် လုံခြုံရေးအရ ဘယ်လိုမှစိတ်မချရပါဘူး။ ဒါကြောင့် စော်ဝရွာကနေ ထွက်ပြီး ထားဝယ် – သရက်ချောင်း ကားလမ်းမကို ဖြတ်ဖို့ ပြင်ရပါတယ်။

တညလုံး အသံတိတ်စွာနဲ့ လျှို့ဝှက်သဲဖို ခရီးကို ဖြတ်လာခဲ့တဲ့ ကျောင်းသားတွေဟာ ဒီမနက်မှာကျတော့ မနေ့ကလို အသံမတိတ်တော့ပါ။ ထားဝယ်မြို့ပေါ်ကနေ စော်ဝရွာဆီ ဒီမနက်ရောက်လာသူတွေနဲ့ သတင်းမေးရင်း၊ ဟိုပြောဒီပြော လုပ်ရင်းနဲ့ အသံတွေက နည်းနည်းဆူညံနေလို့ မနည်း ထိမ်းချုပ်ခိုင်းရပြီး မနက် ၈ နာရီ လောက်ကျမှ ကားလမ်းမကိုဖြတ် နိုင်ခဲ့ပါတယ်။

ကျောင်းသားတွေ ကားလမ်း ဖြတ်ကူးပုံကလဲ ကြည့်ပါဦး။ ဗကပ စစ်သားတွေရဲ့ အကြံပေးချက်အရ ၃ ယောက် တစုလောက် ခွဲပြီး ကားလမ်းကိုဖြတ်ပြေး၊ ပြီးတော့ ကားလမ်းရဲ့ ဟိုမှာဘက်က ယောင်းမော်ရွာထဲကိုဝင်ကြတာ။

အားလုံး စနစ်တကျနဲ့ လျှို့ဝှက်တဲ့ စစ်ကြောင်းတခုလို ပြင်ဆင်ထားပေမယ့် တကယ်ကတော့ အဲဒီလို ကျနော်တို့ ပြေးနေတာကို လမ်းဘေးကနေ ထိုင်ကြည့်နေတဲ့ ရွာသားတွေက အများကြီးပါ။ မနက် ၈ နာရီဆိုတော့ ရှင်မုတ္တီး ဈေးက ဖွင့်နေပြီ ဖြစ်တဲ့အပြင် စော်ဝနဲ့ ထားဝယ်ကြား ဆိုင်ကယ်နဲ့ အသွားအပြန် လုပ်နေတဲ့ ကျောင်းသားတွေကို အားလုံးက ရိပ်မိတဲ့ အတွက် အခုလို လာကြည့်နေတာ ဖြစ်ပုံရပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကံကောင်းတာကတော့ ရှင်မုတ္တီးက စစ်တပ်ရော၊ ရွှေဂူတံတားဂိတ်က ရဲ တွေရော၊ နောက်တခါ အဲဒီ ရဲစခန်းရှေ့ ညောင်ဇင်ရွာက စစ်တပ်တွေပါ နည်းနည်းမှ လှုပ်ရှားတာ မတွေ့ရပါဘူး။ ဒါဟာ ကျနော်တို့ အစီအစဉ်တွေ သိပ်လျှို့ဝှက် သေသပ်လွန်းလို့ စစ်တပ်က မသိတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ အခြေနေအရ လွတ်ပေး ထားလိုက်တာ၊ ဒါမှမဟုတ် အမိန့်မရလို့ စခန်းထဲကနေ မထွက်တာမျိုး ဖြစ်ဖို့များတယ်လို့ တွက်ဆမိပါတယ်။

လျှို့ဝှက်သိပ်သည်းမှု ရှိလှတဲ့ ကျနော်တို့ ကျောင်းသားစစ်ကြောင်း အကြောင်းကို ရှင်မုတ္တီးတဈေးလုံးနဲ့ လမ်းသွားလမ်းလာ အားလုံး သိသွားပြီး ကျနော်တို့အတွက် ထမင်းထုပ်တွေ လာပို့ကြပါတယ်။ နောက်တခါ စော်၀ – ထားဝယ် အသွားအပြန် လုပ်နေတဲ့ ဆိုင်ကယ်စီးသူတွေရဲ့ ကောင်းမှုကြောင့် အထက ကျောင်းသားတွေ အများစုပါတဲ့ နောက်ထပ် ကျောင်းသား ၄၀၊ ၅၀ လောက် ထားဝယ်ကနေ ထွက်ပြီး ကျနော် တို့ဆီ ထပ်ရောက်လာပြန်ပါတယ်။ အဲဒီညက ကျနော်တို့ စခန်းချဖြစ်တဲ့ ယောင်းမော်ရွာမှာ ကျောင်းသားအင်အား ၁ဝဝ လောက်အထိရှိပြီး ရွာလယ်မှာ တရုန်းရုန်းဖြစ်နေ၊ အိမ်တိုင်းက ထမင်းဖိတ်ကြွေး ကြ၊ သူ့အိမ်မှာတည်းပါ၊ ငါ့အိမ်မှာတည်းပါဆိုပြီး ဖိတ်ခေါ်ကြနဲ့ အဲဒီညဟာ အရင်ညလိုမျိုး ပင်ပန်းမှု မဖြစ်ခဲ့ပါဘူး။

————————

(၂)- တွေဝေလမ်းခွဲမှာ ကျန်ခဲ့သူများ…

နောက်တနေ့ မနက်စောစောမှာတော့ ကျနော်တို့ ညအိပ်တဲ့ ယောင်းမော်ရွာရဲ့ရှေ့က ကင်းရှေ့ဆိုတဲ့ရွာရဲ့ မူလတန်းကျောင်းမှာ လူစုပြီး တော်လှန်ရေး ခရီးရှည်အကြောင်း ဟောပြော၊ တောတွင်းခရီးကို စတင်ဖို့ ပြင်ပါတယ်။

“တောလမ်းခရီးက ကြမ်းမယ်။ ၃၊ ၄ ရက်သွားမှ KNU နယ်မြေဆီ ရောက်မယ်၊ အဲဒီကမှ ထိုင်းနယ်စပ်ကို နောက်ထပ် ၃၊ ၄ ရက် ထပ်သွားရမယ်၊ ခရီးကြမ်းမယ်၊ ထမင်းငတ်နိုင်တယ်၊ ငှက်ဖျားမိမယ်၊ တိုက်ပွဲနဲ့လည်း တိုးနိုင်တယ်။ ဒါကြောင့် အသေအချာ စဉ်းစားဆုံးဖြတ်ကြပါ” ဆိုပြီး ဗကပ အရာရှိ တဦးက ပြောပါတယ်။

အဲဒီနောက် ကျနော်တို့လည်း ဒီတိုင်း ဆိုရင်တော့ မိန်းကလေးတွေ လိုက်လို့မဖြစ်ဘူးထင်တယ်၊ မိန်းကလေးအားလုံး ဒီမှာပဲနေခဲ့တော့၊ ကျန်တဲ့လူတွေ ခရီးဆက်မယ် ဆိုပြီး စီစဉ်ပါတယ်။ အဲဒီမှာ မိန်းကလေးတွေကို တောထဲခေါ်သင့်၊ မသင့်နဲ့ ပတ်သက်ပြီး သဘောထားကွဲမှု စတာပါပဲ။

ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း တယောက်တမျိုးစီ ပြောပြီးတဲ့နောက် ကျောင်းသူ ၁၀ ယောက်ကျော်နဲ့ အဲဒီကျောင်းသူတွေနဲ့ မခွဲနိုင်တဲ့ ကျောင်းသား ၂ဝ လောက်ဟာ အဲဒီရွာမှာကျန်နေခဲ့ပါ တော့တယ်။

ကျနော်မှတ်မိသလောက်ဆိုရင် ဆေးတက္ကသိုလ် (၁)က သိပ်လှတဲ့ကောင်မလေးတယောက် ပါပါတယ်။ နော်တခါ စီးပွားရေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်နဲ့ ထားဝယ်ကောလိပ်က ကျောင်းအချို့လည်း ပါတယ်လို့ထင်ပါတယ်။

“ဖွန်ကြောင်တဲ့ကောင်တွေ နေခဲ့ကွာ။ အသက်စွန့် တော်လှန်ရေး လုပ်ပါမယ်ဆိုမှ ဖွန်ကြောင်တဲ့ကောင်က ရှိသေး” ဆိုပြီး လှောင်တဲ့ သူကလှောင်၊ ကျန်တဲ့လူက ကျန် ဖြစ်ခဲ့ပါတယ်။

“ကျမတို့လည်း တော်လှန်ရေး လုပ်ခွင့်ရှိတာပဲ။ အမျိုးသမီးဖြစ်လို့ တောထဲလိုက်ခွင့် မပြုဘူးဆိုတာကတော့ တရားမျှတမှု မရှိဘူး” ဆိုပြီး ကျောင်းသူတဦးက ဆွေးနွေးပွဲအတွင်း ပြောခဲ့တာကိုလည်း ကျနော် မှတ်မိနေဆဲဖြစ်ပါတယ်။

နောက်ပိုင်း ကျနော်တို့ မင်းသမီးစခန်းရောက်ပြီး ကံပေါက်နဲ့ ပုလောဘက်က လာတဲ့ ကျောင်းသူ ၁၀ ဦးကျော်ကိုတွေ့တော့မှပဲ အမျိုးသမီးတွေကို မခေါ်ပဲ ချန်ထားခဲ့တာ မှားပြီလို့ တွေးမိကြပါတယ်။

တကယ်ကတော့ ဒီလိုကျန်ခဲ့သူတွေထဲမှာ အားလုံးဖွန်ကြောင်ပြီး ကျန်နေသူတွေတော့ မဟုတ်ပါဘူး။

ကျနော်တို့ ရွာကဆို ၃ ဦးပါလာပေမယ့် တဦးက သူ့မိသားစု ကိစ္စရှိသေးတယ်။ ကျနော်နဲ့အတူ ချက်ချင်းလိုက်လို့ မဖြစ်သေးဘူး ဆိုပြီး ဒီရွာမှာ ကျန်နေခဲ့ပါတယ်။ အလားတူ တခြားကိစ္စတွေနဲ့ ချန်နေခဲ့သူတွေလည်း ရှိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ခိုင်ထူးရဲ့သီချင်း “တွေဝေလမ်းခွဲ” သီချင်းကိုဆိုပြီး သူတို့ကို ထားရစ်ခဲ့လို့ ကျနော်အပါဝင် ကျန်တဲ့လူ ၅ဝ ကျော်ကတော့ ဗကပ လမ်းပြနဲ့အတူ တောတွင်းခရီး ကြမ်းကိုစတင်ခဲ့ပါပြီ။

——————————–

(၃) ဗကပ နယ်မြေသို့ရောက်ပြီ…

တောတွင်းခရီး စပြီ၊ တောခိုပြီဆိုပေမယ် ကျနော်တို့ လက်ထဲမှာ ဘာတွေပါလာသလဲ ဆိုတာကိုလည်း ကြည့်ပါဦး။ ကျနော်ဆိုရင် ရွာမှာ ညစဉ်ကင်းစောင့်ရင်း အဆင်သင့်ပြင်ထားတဲ့ လွယ်အိတ်တလုံး၊ အဲဒီထဲမှာ စောင်ပါးပါးလေး တထည်နဲ့ လောက်လေးခွတခု၊ ကိုယ်ပေါ်မှာတော့ စက်ဘီးစီး အင်္ကျီတထည်။ အဲဒီပေါ်မှာ ဂျင်းဂျက်ကင်တထည်၊ အောက်မှာက ပလေကပ် လုံချည်၊ ဖိနပ်က မြမာလာ ကတ္တီပါဖိနပ်။ ကျန်တဲ့သူတွေလည်း ဒီလိုပါပဲ။ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်လာသူတွေချည်း ဖြစ်ပြီး ကျောပိုးအိတ်နဲ့ စနစ်တကျ ပြင်လာသူကို ကျနော်မတွေ့မိဘူး။

တောတွင်းခရီး ဆိုပေမယ့် တကယ့်တောထဲကို ရောက်သေးတာမဟုတ်ပဲ ဗကပ သြဇာလွှမ်းတဲ့ တောရွာတွေကို ဖြတ်သွားရတဲ့ ခရီးသာဖြစ်ပါတယ်။ ထားဝယ်မြို့ကနေ ၇ မိုင် ၈ မိုင် သာဝေးတဲ့ ဒီဒေသမှာ တောရွာတွေ ဒီလိုရှိနေမှန်း၊ ဗကပ လက်နက်ကိုင်တွေက ဒီရွာတွေကို ထိမ်းချုပ်ထားမှန်း ကျနော် လုံးဝ ကြိုမသိခဲ့ပါဘူး။ တောရွာတွေ ဆိုတဲ့အတိုင်း ကားလမ်းက မရှိတော့၊ လှည်းလမ်းနဲ့ လူသွားလမ်းတွေအတိုင်း ကျနော်တို့ ကျောင်းသားစစ်ကြောင်းကြီး လျှောက်လာခဲ့ပေါ့။

တောင်အဆင်းအတက် မရှိသေးဘူး ဆိုပေမယ့် ချောင်းတချို့ကိုဖြတ်ရတာ၊ မိုးက တဖွဲဖွဲ ရွာနေတာကြောင့် အဝတ်အစားတွေက ရေစိုတဲ့အပြင် မြမာလာဖိနပ်ကြောင့် မိုးရေထဲမှာ ချော်လဲတာ၊ ဖိနပ်ကြိုးပြတ်တာတွေ စဖြစ်ခဲ့ပါတယ်။

ဗကပ ဒေသမှာ ကျနော် မှတ်မှတ်ရရဖြစ်ခဲ့တဲ့ နောက်တချက်ကတော့ ရွာသားတွေဟာ ဆင်းရဲကြပြီး ထားဝယ်မြို့နဲ့ မြို့ဝန်းကျင်က ရွာတွေလို စားသောက်ရေး အဆင်မပြေတာပါ။ ဗကပ ထားဝယ်ခရိုင် ရုံးစိုက်တဲ့ မကဲ ကျေးရွာကိုမရောက်မီ တောင်ဇင်းရွာမှာ ကျနော်တို့ ညအိပ်ပြီး နောက်တနေ့ မနက်စာ ကျွေးတော့ နွားနို့ရယ်၊ ထားဝယ်ငါးပိထောင်းနဲ့ ထမင်းပန်းကန် ရယ်ပဲ တွေ့ရလို့ ဘယ်လိုစားရမှန်း မသိခဲ့ပါဘူး။ နောက်တခါ ညနေစာကို ၄ နာရီလောက်မှာ ကျွေးပြီး ညစာ မကျွေးတော့ပါဘူး။ ဒါဟာ ဒီဒေသက ရွာတွေရဲ့ ထုံးစံမှန်း နောက်မှသိရပြီး ကရင်ရွာတွေနဲ့ တောတွင်းကာလ ၁ဝ နှစ်ကျော် လုံးလုံးမှာလည်း တနေ့ ထမင်း ၂ နပ်နဲ့ပဲ တင်းတိမ်ခဲ့ရပါတယ်။

တခြားဒေသတွေမှာ တနေ့ ထမင်းဘယ်နှစ်ခါ စားသလဲ ကျနော်အသေအချာ မသိပေမယ့် ကျနော်တို့ ရွာတွေမှာတော့ တနေ့ ထမင်း ၃ ခါ စားကျင့် ရှိခဲ့ပါတယ်။ မနက် လယ်ထဲမဆင်းခင် ထမင်းကြမ်းစား၊ နေ့လယ် ၁၁ နာရီမှာ နေ့လယ်စာနဲ့ ညနေ ၆ နာရီမှာ ညစာ စားပါတယ်။ နောက် ထမင်းစားပွဲပေါ်မှာ ထားဝယ်ငါးပိထောင်းဗူး အမြဲတမ်း ရှိနေပြီး အဲဒါကို ဒီတိုင်းစားမလား၊ သံပုရာသီး ညှစ်ပြီး ဒါမှမဟုတ် ပအုန်းရည်နဲ့ ငါးပိဖျော်လုပ်မလား၊ ငါးပိဖုတ်ပြီး ဆီးဆမ်း၊ ကြက်သွန်နီနဲ့ စားမလား… စသဖြင့် စားလေ့ရှိပါတယ်။

နောက် နေ့လယ်စာနဲ့ ညစာမှာဆိုရင် ငါးပိတမျိုးမျိုးနဲ့ တို့စရာအပြင် ဟင်းချိုတမျိုး၊ အသားဟင်းတမျိုး။ ဒါမှမဟုတ် ငါးဟင်းတော့ ပါကြပါတယ်။ ဒါပေမယ့် အခု ကျနော်ပြောနေတဲ့ ဗကပ ရွာတွေမှာတော့ ငါးပိနဲ့ တို့စရာကိုသာ ပြင်ပေးထားတဲ့အတွက် တခုခု ထပ်ပြင်နေဆဲထင်ပြီး ၃ မိနစ်လောက် ထမင်းမစားသေးပဲ ကျနော်တို့ထိုင်စောင့် နေပါတယ်။ နောက်ပိုင်းမှ သဘောပေါက်ပြီး ပြုံးခဲ့ရတာတွေကို အခုထိ သတိရနေဆဲပါ။

ဒါပေမဲ့ တောခိုရင် ငတ်မယ်ပြတ်မယ်လို့ ပြောထားတဲ့အတွက် ဒီလိုစားရတာကိုတောင် ကျေးဇူးတင်ရမှာပါ။ ဒီလိုနဲ့ ဟင်းမပါတဲ့ ထမင်းကိုစားပြီး ခရီးဆက်၊ တောစပ်ကိုကျော်၊ ရွာတွေကိုဖြတ်၊ ချောင်းတွေကိုကူးပြီး မွန်းလွဲပိုင်းမှာတော့ ဗကပ ထားဝယ်ခရိုင် ရုံးစိုက်တဲ့ မကဲ ကျေးရွာကို ရောက်ပါတယ်။ အဲဒီမှာ ပစ္စည်းမဲ့ အလံတော် တူ – တံစဉ် ဆိုတာတွေကို စ တွေ့ရပါတော့တယ်။

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃)>>>>>


ထက်အောင်ကျော်