အလှုပ်အခတ်နည်းသည့် ရွှေနှင့်ဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3718

ယခုအပတ်တွင် ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ဈေးတန်းတစ်ခုတွင် အလှုပ်အခတ်နည်းနေသည်။

ပြီးခဲ့သည့်အပတ်ကတည်းက ဈေးအတက်အကျနည်းနေသည့် ရွှေဈေးမှာ  ယခုအပတ်တွင်လည်း ဈေးငြိမ်နေသည်။

ထိုင်းဘတ်ဈေးမှာလည်း ရွှေဈေးနှင့်အတူ ငြိမ်နေပြီး ဈေးတန်းတစ်ခုတွင် တန့်နေခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

နှစ်ဆယ့်ခြောက်သိန်းစွန်းစွန်းတွင် အီနေသည့် ရွှေဈေး

အခေါက်ရွှေဈေးမှာ ယခုတစ်ပတ်လုံးတွင် ဈေးအီနေပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းစွန်းစွန်းသာ ရှိနေခဲ့သည်။

အောက်တိုဘာလ ၃၁ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်း သုံးသောင်းဖြင့် ဈေးဖွင့်ခဲ့သည်။

နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိသလောက်ဖြစ်နေခဲ့ပြီး အဆိုပါဈေးတန်းဖြင့်ပင် ဈေးဖွင့်နေခဲ့သည်။

ထိုကဲ့သို့ ဈေးအီနေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ဈေးငြိမ်နေရင် လူတွေက အီပြီး အရောင်းအဝယ်ကျသွားတာမျိုးပါ။ ငြိမ်နေတာထက် လှိုင်းစီး(အတက်အကျ)နေရင် ပိုအလုပ်ဖြစ်တယ်ရှင်”ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ငါးရက်တာကာလအတွင်း ဈေးအလှုပ်အခတ်ဖြစ်ချိန် တစ်ရက်သာရှိခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းသာ တက်သွားခဲ့သည်။

ရွှေနှင့်အတူငြိမ်နေသည့် ဘတ်ဈေး

ဘတ်ဈေးမှာလည်း ရွှေဈေးနှင့်အတူ အလှုပ်အခတ်နည်းခဲ့သည့် ကာလဖြစ်သည်။

တနင်္လာနေ့(အောက်တိုဘာလ ၃၁ ရက်)က  ထိုင်းငွေတစ်ဘတ်လျှင် ၇၇ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

နောက်ရက်များတွင် ထိုင်ငွေတစ်ဘတ်လျှင် တစ်ကျပ် ဈေးတက်သွားပြီး ၇၈ ကျပ်ဝန်းကျင်တွင် ငြိမ်နေခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၇၈ ကျပ်စွန်းစွန်း ရှိနေပြီး ထိုင်းငွေ ၁၂၈၀  ဘတ်လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အလှုပ်များသည့် စက်သုံးဆီဈေး

ထိုင်းဘတ်နှင့် ရွှေဈေးမှာ အလှုပ်အခတ်နည်းနေသော်လည်း စက်သုံးဆီဈေးမှာ နေ့စဉ် အလှုပ်အခတ်ရှိနေသည်။

ယခုအပတ် တနင်္လာနေ့ဈေးဖွင့်ချိန်က 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၇၀ ကျပ်ရှိခဲ့ပြီးနောက် နေ့တိုင်းနီးပါး ဈေးပြောင်းနေသည်။

ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ်ဆယ်ဂဏန်း အတက်အကျရှိနေခဲ့ခြင်းဖြစ်သည်။

သောကြာနေ့တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၁၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၂၀၀ ကျပ်မှ ကျပ် ၃၀၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ပြီးခဲ့သည့်အပတ်က အမေရိကန်ဒေါ်လာငွေလဲနှုန်း ငြိမ်နေခြင်း၊ ကမ္ဘာ့ရွှေဈေးကျနေခြင်း စသည့်အကြောင်းအရာများကြောင့် ရွှေဈေးအပြောင်းအလဲနည်းနေခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။

လာမည့်အပတ်တွင်မူ ရွှေဈေးမှာ အတက်ဈေးသို့ ထိုးတက်သွားနိုင်သည့် အကြောင်းတရားမျာ ရှိနေသည်။

လက်ရှိကမ္ဘာ့ရွှေဈေးမှာ ရုတ်တရက်ခုန်တက်လာသည့်အတွက် လာမည့်အပတ်တွင် ပြည်တွင်းရွှေပေါက်ဈေးလည်း အပြောင်းအလဲ ရှိလာမည်ဟု ခန့်မှန်းရသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေတစ်အောင်စပေါက်ဈေးမှာ ၁၆၈၀ ဒေါ်လာအထိ ရှိနေသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ မြင့်တက်လာနိုင်ပြီး ဈေးအတက်အကျ ကြမ်းနိုင်သည့် အနေအထားမျိုး မရှိနိုင်ဟု ခန့်မှန်းရသည်။

စစ်ကောင်စီက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ရာတွင် ဘဏ်စနစ်ဖြင့်သာ လုပ်ကိုင်ရန် ကန့်သတ်မှု၊ ပို့ကုန်ဝင်ငွေ တင်ပြနိုင်မှသာ သွင်းကုန်ခွင့်ပြုတော့မည့် ကန့်သတ်ချက်များက ထိုင်းဘတ်ငွေဈေး အတက်အကျနည်းလာစေနိုင်သည်ဟု သုံးသပ်ရသည်။

ထိုကြောင့် လက်ရှိပေါက်ဈေးအတိုင်းပင် အပြောင်းအလဲနည်းစွာဖြင့် ဈေးဖွင့်နေမည်ဟု ခန့်မှန်းရသည်။

ရေနံဈေးမှာမူ အမေရိကန်ဒေါ်လာဈေး၊ ကမ္ဘာ့ရေနံပေါက်ဈေးများအပေါ် အဓိက မူတည်နေသည်။

လက်ရှိကမ္ဘာ့ရေနံစိမ်းပေါက်ဈေးမှာ အတက်ဘက်ကို ဦးတည်နေပြီး တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း ဖြစ်လာနေသည်။

ရေနံအဓိကထုတ်လုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများက ရေနံစိမ်းထုတ်လုပ်မှုကို လျော့ချရန် ဆုံးဖြတ်လိုက်ခြင်းက ကမ္ဘာ့စက်သုံးဆီဈေးကို ဂဏာမငြိမ်ဖြစ်စေသည်။

လက်ရှိဖြစ်နေသည့် ကမ္ဘာ့အခင်းအကျင်းနှင့် ပြည်တွင်း အကျပ်အတည်းများက စက်သုံးဆီဈေးတက်မည့် အကြောင်းတရားဖြစ်နေသည်။