တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
3717

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ

တောင်ကိုးရီးယား အီထေးဝန်တွင် လူအုပ်ပိလို့ သေဆုံးသူ ၁၅၆ ဦးအထိ ရှိလာ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် အီထေးဝန်မှာ အောက်တိုဘာ ၂၉ ရက် ဟောလိုးဝင်းပွဲညက လူတွေတိုးကြိတ် ပိမိခဲ့လို့ လူ ၁၅၆ ဦးအထိသေဆုံးခဲ့ပြီး ၁၇၂ ဦး ဒဏ်ရာရကာ ၃၃ ဦးမှာ ပြင်းထန်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ညဘက်မှာ လူတွေအသွားများတဲ့ Hamilton ဟိုတယ်အနီး ဂုန်းဆင်းလမ်းကျဉ်းလေးတနေရာမှာ ဟောလိုးဝင်းပွဲလာတဲ့ ထောင်ပေါင်းများစွာသောလူတွေ ပိတ်မိကာ အသက်ရှုကျပ် နှလုံးရပ်ပြီး သေဆုံးခဲ့တာလို့ မျက်မြင်တွေ့သူတွေကလည်း ပြောပါတယ်။

သေဆုံးသူအများစုမှာ အသက် ၂၀ အရွယ် လူငယ်များဖြစ်ပြီး နိုင်ငံခြားသား ၂၆ ဦးပါဝင်ကာ သေဆုံးမှုတွင် တောင်ကိုးရီးယားအဆိုတော်နှင့်သရုပ်ဆောင် Lee Ji Han လည်းပါဝင်ခဲ့ပါတယ်။

ယခုလို လူသေဆုံးမှုမဖြစ်ခင်မှာ တောင်ကိုးရီးယားအရေးပေါ်ဖုန်းနံပါတ် ၁၁၂ ကို ဆက်သွယ်အကူညီတောင်းတဲ့ဖုန်းခေါ်ဆိုမှု ၁၁ ကြိမ်အထိ လက်ခံရရှိခဲ့ပေမဲ့ ရဲတပ်ဖွဲ့အနေနဲ့ အားနည်းချက်များရှိခဲ့ကြောင်း အများပြည်သူရှေ့ တောင်းပန်ခဲ့ပါတယ်။

အစိုးရအဖွဲ့အနေနဲ့ နိုဝင်ဘာလ ၅ ရက်နေ့အထိကို နိုင်ငံတော်ရဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့များအဖြင့် သတ်မှတ်ကာ kpop ဖျော်ဖြေပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲအားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

Ref: BBC

………………………………..

အိန္ဒိယတံတားပြိုကျမှု သေဆုံးသူ ၁၃၅ ဦးအထိ ရှိ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်မှာ တံတားပြိုကျလို့ သေဆုံးသူဦးရေ ၁၃၅ ဦးအထိ ရှိခဲ့တယ်လို့ ဒေသန္တရအစိုးရ အရာရှိတဦးက ပြောကြားထားပါတယ်။

မော်ဘီမြို့ မာချူမြစ်ပေါ်က မီတာ ၂၃၀ ရှည်တဲ့တံတားဟာ ဒီပါဝလီပွဲတော်ရက်အတွင်း အောက်တိုဘာ ၃၀ ရက်က ပြိုကျခဲ့လို့ လူတွေ မြစ်ထဲကျခဲ့ပါတယ်။

မြစ်ထဲပြုတ်ကျသူ အများစုက ကလေးငယ်တွေဖြစ်ပြီး အသက် ၁၂ နှစ်အောက် ကလေး ၄၀ ဦးအပါအဝင် ကလေးငယ် ၅၆ ဦးအထိ သေဆုံးခဲ့တာပါ။

ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ခဲ့တဲ့ အဆိုပါတံတားကို ခြောက်လကြာ ပိတ်ထားခဲ့ရာကနေ ဒီပါဝလီနေ့တွင် ပြန်လည်ဖွင့်ပေခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားပြီး တံတားဖြတ်သန်းမှုကို တာဝန်ယူလုပ်ကိုင်နေတဲ့ ကန်ထရိုက် မန်နေဂျာနဲ့ လက်မှတ်ရောင်းသူ အပါအဝင် ၉ ‌ယောက်ကို ဖမ်းဆီးထားပါတယ်။

Ref: BBC

………………………………..

ဆိုမာလီယာတွင် ကားဗုံးခွဲမှုကြောင့် လူအနည်းဆုံး ၁၀၀ ကျော်သေဆုံး

ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့တော်မှာ လူအယောက် ၁၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ကားဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ သမ္မတ မိုဟာမက်က အယ်လ်ရှာဘတ်အဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်က မိုဂါဒစ်ရှူးမြို့တော်ရှိ လူစည်ကားတဲ့ ဈေးလမ်းဆုံနားမှာရှိတဲ့ ပညာရေးဝန်ကြီးဌာနမှာ ကားဗုံးနှစ်လုံး ပေါက်ကွဲခဲ့လို့ လူ အယောက် ၁၀၀ထက်မနည်း သေဆုံးပြီး အယောက် ၃၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အရေးပေါ်ဝန်ထမ်းတွေက လမ်းတွေနဲ့ အဆောက်အအုံတွေက သွေးတွေကို သန့်ရှင်းရေး လုပ်ခဲ့ပြီး မြို့တော်ဟာ တိတ်ဆိတ်ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။

အယ်လ်ရှာဘတ် သူပုန်တွေဟာ အစိုးရကိုဖယ်ရှားပြီး အစ္စလာမစ် ဥပဒေကို အခြေခံတဲ့ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ ကြိုးစားနေတာဖြစ်ပြီး မိုဂါဒစ်ရှူးနဲ့ တခြားနေရာတွေကို မကြာခဏ တိုက်ခိုက်ခဲ့ပါတယ်။

Ref: REUTERS

………………………………..

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ရွေးကောက်ပွဲအသစ်အတွက် မဲဆွယ်နေစဉ်သေနတ်ပစ်ခံရ

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း Imran Khan စီးနင်းလာတဲ့ မဲဆွယ်စည်းရုံးရေးကားကို သေနတ်သမားက ပစ်ခတ်ခဲ့လို့ ခြေထောက်မှာ အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုကြောင့် ထောက်ခံသူ တစ်ဦး သေဆုံးခဲ့ကာ အခြားကိုးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပါတီနဲ့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ခိုက်သူကလည်း ခန်းကို ပစ်သတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့ပြီး နောက်ကွယ်က အကြောင်းရင်းကိုလည်း ပြောပြခဲ့ကြောင်း၊ သူဟာ ဂူဂျာရတ်ရဲစခန်းမှာ ရှိနေပြီး သူ့ထွက်ဆိုချက်တွေကို မှတ်တမ်းတင်နေကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

Ref: BBC

………………………………..

ကမ္ဘာ့ဖလားပွဲကြည့် ပရိသတ်များအား ကြိုဆိုရန် ကာတာလေဆိပ် ပြင်ဆင်နေ

ကာတာနိုင်ငံမှာ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲ စတင်ဖို့ သီတင်းနှစ်ပတ်ကျော်သာ လိုတော့တဲ့အချိန်မှာ ဒိုဟာမြို့ရဲ့ နိုင်ငံတကာလေဆိပ် နှစ်ခုစလုံးဟာ သူတို့ရဲ့ ဂိတ်တွေကတဆင့် ဖြတ်သန်းလာမယ့် ခရီးသည်တွေအတွက် ပြင်ဆင်နေပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှာစမယ့် ဘောလုံးပွဲအတွက် ပြိုင်ပွဲကျင်းပရေး စီစဉ်သူတွေဟာ ပရိသတ်ဦးရေ ၁ ဒသမ ၂ သန်းထက်မနည်း လာရောက်ကြည့်ရှုဖို့ မျှော်လင့်ထားပါတယ်။

ဧည့်သည်အများစုဟာ ၂၀၁၄ ခုနှစ်ကတည်းက ကာတာလေကြောင်းလိုင်းရဲ့ အဓိကလေဆိပ်ဖြစ်လာတဲ့ ဟာမဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲအတွက် ခရီးသွားဧည့်သည်တွေ ရောက်လာတာကို ကူညီဖို့ ဒိုဟာ နိုင်ငံတကာလေဆိပ် အဟောင်းကိုလည်း ပြန်ဖွင့်လှစ်ထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

Ref: Travel Rader

………………………………..

သီရိလင်္ကာမှာ အခွန်တိုးမြှင့်မှုကြောင့်ဆန္ဒပြမှုများထပ်မံဖြစ်ပေါ်

သီရိလင်္ကာမှာ ဆယ်စုနှစ်စုတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် အခွန်တိုးမြှင့်မှု၊ငွေကြေးဖောင်းပွမှုတွေကြောင့် အကြီးဆုံးမြို့ဖြစ်တဲ့ ကိုလမ်ဘိုမှာ လူတွေရာနဲ့ချီ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အတိုက်အခံနိုင်ငံရေးပါတီတွေ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်သူတွေက သမ္မတအိမ်တော်နဲ့ အခြားဝန်ကြီးဌာနတွေရှိတဲ့ မြို့လယ်ခေါင်အထိ ချီတက်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

လူတွေက တစ်နေ့ကို ထမင်းသုံးနပ်တောင် မှန်မှန်မစားနိုင်တော့ချိန်မှာ ဒီအစိုးရက အခွန်တိုးမြှင့်ကောက်ဖို့ကလွဲပြီး ဘာထောက်ပံ့မှုမှလည်း မလုပ်ထားပါဘူး ဒီကိစ္စတွေအတွက် ဖြေရှင်းချက်တွေ လိုအပ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆရာများသမဂ္ဂအတွင်းရေးမှူး ဂျိုးဇက်ဖ်စတာလင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အလံနဲ့ အနက်ရောင်အလံတွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ “ရာနေးလ်အိမ်ပြန်ပါ၊ရာထူးကဆင်းပါ” စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

မြောက်ကိုးရီးယားက တစ်ရက်တည်း ဒုံးကျည် ၂၃ စင်း ပစ်လွှတ်၊ တောင်ကိုးရီးယားကမ်းရိုးတန်းကို တစ်စင်းထိမှန်

မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂ ရက်နေ့တွင် သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည် ၂၃စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဒုံးကျည်တစင်းကတော့ တောင်ကိုရီးယား ကမ်းရိုးတန်းကို ပထမဆုံးအကြိမ်အဖြစ် ထိမှန်ခဲ့ပါတယ်။

ဒုံးကျည်ပစ်လွှတ်ချိန်မှာ တောင်ကိုရီးယားနိုင်ငံ ဝေလွင်ကျွန်းမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) က ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ အကြီးအကျယ် စစ်ရေးလေ့ကျင့်နေတာကို ရပ်တန့်ဖို့ နိုဝင်ဘာ ၁ ရက်နေ့မှာ မြောက်ကိုရီးယားအစိုးရက တောင်းဆိုခဲ့ပြီး ဒါဟာ ရန်စတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း တုံ့ပြန်ထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သူတို့ရဲ့ အကြီးဆုံး လေကြောင်းစစ်ရေးလေ့ကျင့်မှု တရပ်ကို အောက်တိုဘာ ၃၁ ရက်မှာ စတင်ခဲ့ပါတယ်။

Ref: BBC

………………………………..

Billboard Hot 100 ဇယားရဲ့ ထိပ်ဆုံး ၁၀ နေရာလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံးအဆိုရှင် Taylor Swift

ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ကတော့ Billboard Hot 100 ဇယားမှာ ထိပ်ဆုံး (၁၀) နေရာလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံးအဆိုရှင်အဖြစ် သမိုင်းစိုက်ထူခဲ့ပါတယ်။

သူ့ရဲ့သီချင်းအယ်လ်ဘမ်အသစ် “Midnights” ထဲက သီချင်း (၁၀) ပုဒ်က Top 10 ဆယ်နေရာလုံးမှာ ရှိနေခဲ့တာပါ။

သူ့ရဲ့ Anti-Hero သီချင်းက ထိပ်ဆုံးက ဦးဆောင်နေပြီး အခုဆို နံပါတ် ၁ နေရာကို အဲဒီသီချင်းနေရာယူထားတာက (၉) ကြိမ်မြောက်ဖြစ်နေပါပြီ။

တေလာဟာ ၂၀၂၁ ခုနှစ်တုန်းက Top 10 ထဲ သီချင်း (၉) ပုဒ် ဝင်ခဲ့တဲ့ အဆိုတော် ဒရိတ် (Drake) ရဲ့စံချိန်ကို ချိုးခဲ့တာပါ။

Ref: BBC

………………………………..

ဆွစ်ဇာလန်ရဲ့ ခရီးသည်တင်ရထား ကမ္ဘာ့အရှည်ဆုံးအဖြင့် စံချိန်တင်

ဆွစ်ဇာလန် ရထားကုမ္ပဏီ Rhaetian Railway (RhB) ဟာ ကမ္ဘာ့အရှည်ဆုံး ခရီးသည်တင်ရထားကို အဲလ်ပ်တောင်တန်းပေါ် ပြေးဆွဲပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။

ရထားတွဲ ၁၀၀ ပါဝင်ပြီး ၁.၂ မိုင် ရှည်လျားတဲ့ ရထားဟာ အဲလ်ပ်တောင်တန်းကို ဖြတ်သန်းပြီး ၁၅.၅ မိုင်ခရီး ခုတ်မောင်းခဲ့တာပါ။

ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ အခုကြိုးပမ်းမှုဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို မီးမောင်းထိုးပြပြီး ဆွစ်ဇာလန်ရထားလမ်း ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ပါတယ်။

Ref: CNN

………………………………..

ကွန်ဂိုနိုင်ငံ ဂီတဖျော်ဖြေပွဲမှာ လူ ၁၁ ဦးသေဆုံး

အာဖရိက အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အာဖရိကန်အဆိုတော် ဖလ်လီအီပူပါ (Fally Ipupa) ရဲ့ အောက်တိုဘာ ၂၉ ရက် ဖျော်ဖြေပွဲမှာ လူတွေတိုးကြိတ် နင်းမိပြီး အနည်းဆုံး   ၁၁ ဦး သေဆုံးခဲ့လို့ ပြည်ထဲရေးဌာနက ပြောပါတယ်။

မြို့တော်ကင်ရှာဆာရှိ လူ ၈၀,၀၀၀ ဆန့်တဲ့ အာဇာနည် အားကစားကွင်းကြီးထဲမှာ လူသိများထင်ရှားတဲ့ အာဖရိကန် အဆိုတော် ဖလ်လီအီပူပါရဲ့ ဖျော်ဖြေပွဲကို ပရိတ်သတ်တွေ အများလာရောက် ကြည့်ရှုခဲ့ရာက လူတွေပိတ်မိတိုးမိပြီး ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။

လူတွေတိုးမိပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် ၁၁ ယောက် သေဆုံးသွားတယ်လို့ သတင်းထောက်တွေကို ပြောကြားထားတာပါ။

 လူ့အသက်တွေ ဆုံးရှုံးခဲ့ရမှုအတွက် ပွဲစီစဉ်သူဟာ အပြစ်ပေးခံရမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

Ref: REUTERS

………………………………..