ဆားထုတ်လုပ်မှုစရိတ်များ မြင့်တက်နေဟုဆို

0
441

ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဆားထုတ်လုပ်မှုစရိတ်များလည်း မြင့်တက်လာသည်ဟု ဆားထုတ်လုပ်သည့် လုပ်ငန်းရှင်အချို့က ပြောသည်။

နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး ဒေါ်လာဈေး၊ ဘတ်ဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် ဆားထုတ်လုပ်မှုစရိတ်လည်း မြင့်တက်လာသည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က ဒီဇယ်တစ်ပီပါလျှင် နှစ်သိန်းနှစ်သောင်းကျပ်ခန့်သာ ရှိသော်လည်း ယခု ၂၀၂၂ ခုနှစ်တွင် တစ်ပီပါကို ၆ သိန်းခွဲမှာ ၇ သိန်းကျော်သည်အထိ ပေးဝယ်ရသည်ဟု ရွှေပြည်သား ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က အမျိုးသမီးအလုပ်သမား တစ်ဦးလျှင် ၆၅၀၀ ကျပ်၊ အမျိုးသားအလုပ်သမားတစ်ဦးလျှင် ၈၀၀၀ ကျပ်ခန့်သာပေးရသော်လည်း ယခုနှစ်တွင် အမျိုးသမီးအလုပ်သမားတစ်ဦးလျှင် ၇၀၀၀ ကျပ်၊ အမျိုးသားအလုပ်သမားကို ၉၀၀၀ ကျပ် ပေးရသည်ဟု ဦးသန်းဝင်းက ပြောသည်။

“အကုန်လုံးက ဆက်စပ်မှုရှိတာပေါ့၊ နိုင်ငံရေးနဲ့ အကုန်လုံးဆက်စပ်တယ်။ ကိုယ်လည်း အခုချိန်မှာ လုပ်သာလုပ်နေရတယ်၊ အကျိုးအမြတ်ကို မမျှော်လင့်တော့ဘူး၊ ကိုယ်ထမင်းစားဖို့ ရပ်တည်နိုင်ဖို့လောက်ပဲ စဉ်းစားလို့ရတယ်” ဟု ဦးသန်းဝင်းက ဆိုသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကြားတွင် လုပ်ငန်းရှင်များအနေဖြင့် အကျိုးအမြတ်ထက် လက်ရှိလုပ်ငန်း လည်ပတ်နေရရုံသာ လုပ်နေကြရသည်ဟုလည်း ၎င်းကဆိုသည်။

နှစ်နှစ်ဆက်တိုက် ဆားအထွက်လျော့ပြီး ယခုနှစ်တွင်မူ အထွေထွေထုတ်လုပ်မှု စရိတ်များ ကြီးမြင့်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က စက်သုံးဆီတစ်ဂါလံ ၇၂၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုနှစ်တွင် တစ်သောင်းတစ်ထောင်ကျပ်ခန့်ရှိပြီး ထင်းတစ်ပုံ ၁၅၀၀ ကျပ်ခန့် ဈေးတက်လာသည်ဟု သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာမှ မီးချက်ဆား(၃ ဧက) ထုတ်လုပ်သည့် မမြင့်စန်းက ပြောသည်။

ဒါ့အပြင် ပြီးခဲ့သည့်နှစ်က အလုပ်သမားစရိတ်မှာ အမျိုးသားတစ်ဦးကို ၈၀၀၀ ကျပ်သာပေးရသော်လည်း ယခုနှစ်တွင် ငွေကျပ် ၁၀၀၀၀ ပေး၍ငှားရသည်ဟု ၎င်းက ဆိုသည်။

“မမီမကမ်းဖြစ်တဲ့အခါ ကျွန်မတို့ရွာတွေမှာ ချေးငှားတဲ့အခါလည်း ချေးငှားရတာပေါ့” ဟု မမြင့်စန်းက ဆိုသည်။

ဆားအထွက်လျော့ပြီး အထွေထွေစရိတ်များကြီးမြင့်လာသဖြင့် ဆားချက်တောင်သူများမှာ ငွေကြေးအရင်းအနှီးမရှိပါက ချေးငှားလုပ်ကိုင် နေကြရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အထွေထွေအကျပ်အတည်း ကြုံနေရမှုကြောင့် စီးပွားရေး လုပ်ငန်းအားလုံးနီးပါး ကျဆင်းနေပြီး အများစုမှာ လုပ်ငန်းမရပ်လိုသဖြင့် တောင့်ခံကာ လုပ်နေကြခြင်းဖြစ်သည်။