ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၂၃ ဦး ကလေးများနှင့်အတူ ဖမ်းဆီးခံရ

0
5075

ထိုင်းနိုင်ငံ ရနောင်းခရိုင်နှင့် ကန်ချနဘူရီခရိုင်နှစ်ခုတွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၃ ဦးနှင့် ကလေး ၃ ဦးကို အောက်တိုဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။

ရနောင်းခရိုင် စုမ်စာရမ်ဒေသတွင် အမှတ် ၂၅ အထူးခြေမြန်တပ်ရင်းမှ ကင်းလှည့်နေစဉ် နောက်ဘက်ပိုင်းတွင် အနက်ရောက်ကင်းဗက်ဖြင့် ဖုံးအုပ်ထားသော ပစ်ကပ်ကားတစ်စီးမောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း ကားမှာ မောင်းပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပစ်ကပ်ကားသည် လမ်းမကြီးကို ရှောင်ကွင်းကာ အမြန်မောင်းပြေးခဲ့ပြီးနောက် စုမ်စာရမ်ဒေသ နာ့ခါးရွာအနီးရှိ ဆီအုန်းခြံအနီးတွင် မြန်မာအလုပ်သမား ၁၄ ဦးနှင့် ကားကို စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကားပေါ်မှ ကလေး ၃ ဦး၊ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့သည် ကော့သောင်းမှတဆင့် Border Pass ပြုလုပ်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်နှင့် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်ပြီး အားလုံးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် စုမ်စာရမ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ထားသည်။

နောက်ထပ်ခရိုင်တစ်ခုဖြစ်သော ကန်ချနဘူရီခရိုင်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးရမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်ကြပြီး နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေကြကြောင်း သတင်းပေးတိုင်ကြားမှုများကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ဒေသများမှ လာကြခြင်းဖြစ်ပြီး တရားမဝင် လမ်းကြောင်းအတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ကုန်ကျခံခဲ့ရသည်။

ဖမ်းဆီးခံရသူများကို ကိုဗစ်-၁၉ ရောဂါရှိမရှိစစ်ဆေးရာ မတွေ့ရှိရသဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကန်ချနဘူရီခရိုင်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ထားသည်။ 

ပြည်တွင်း မလုံခြုံမှု၊ အလုပ်အကိုင် ရှားပါးလာမှုတို့ကြောင့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက် ရှိနေခဲ့ရာ အောက်တိုဘာလတွင် ၂၀၀၀ ကျော်အထိ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတပ်မတော်၏ ထုတ်ပြန်ချက်အရသိရသည်။

Ref: หน่วยเฉพาะกิจกรมทหารราบที่ 25, ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี