ဆန္ဒပြပွဲ ပစ်ခတ်ခံရ၍ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာရ၊ တစ်ဦးသေဆုံး

0
3648

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရမ်ခန်းသည် အရှေ့ပိုင်းမြို့ဖြစ်သော ဝါဇီရာဘတ်တွင် ချီတက်ဆန္ဒပြပွဲ တစ်ခု ပြုလုပ်နေစဉ် သေနတ်ပစ်ခတ် တိုက်ခိုက်ခံရမှုကြုံခဲ့ရကာ ခြေထောက်တွင် ဒဏ်ရာရသွားပြီး လူတစ်ဦး သေဆုံးကြောင်း BBC သတင်းက ဖော်ပြထားသည်။

ကျည်ဆန်များက ၎င်း၏ ကားကို ထိမှန်ခဲ့ရာမှ ထိုကဲ့သို့ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ လူတစ်ဦး သေဆုံးကာ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

လုပ်ကြံသတ်ဖြတ်ခြင်းဟု သတ်မှတ်ထားသော အဆိုပါ တိုက်ခိုက်မှုကို မည်သည့် အကြောင်းရင်းကြောင့် ဆောင်ရွက်သည် ဆိုသည်ကို တာဝန်ရှိသူများက မှတ်ချက် မပေးသေးပေ။

ဝန်ကြီးချုပ်ဟောင်း ပါဝင်သော ဆန္ဒပြပွဲသည် ရွေးကောက်ပွဲကို စောစီးစွာကျင်းပရန် တောင်းဆိုနေခြင်း ဖြစ်သည်။

အသက် (၇၀) ရှိပြီဖြစ်သော မစ္စတာခန်းက ချီတက်ပွဲကို ဦးဆောင်ပြီး မြို့တော် အစ္စလာမ်မာဘတ်ကို ဦးတည်ပြီး ချီတက်လာကြခြင်း ဖြစ်သည်။

ယခင် နိုင်ငံတကာအဆင့် ခရစ်ကတ်ကစားသမားအကျော်အမော် မစ္စတာခန်းသည် နိုင်ငံရေးသမားတစ်ဦးအဖြစ် ပါဝင်နေခဲ့ပြီး ယခုအခါ ဒဏ်ရာကြောင့် လာဟိုးမြို့တွင် ဆေးရုံတက်နေရသည်။

ဝန်ကြီးချုပ်ဟောင်း၏ အခြေအနေသည် မစိုးရိမ်ရသော်လည်း ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ဆိုသည်။