အမှောင်ထဲမှ မင်းသားများ (၁၉၇၀)

0
2059

အခန်း(၉)

၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့။ နေ့လည်၁၁ နာရီ။

အင်းစိန်၊ သမိုင်းဘက်မှ ကားများဖြင့် ရောက်ရှိလာသော လူအုပ်ကြီးသည် ဆင်ဝှာသတင်းဌာန၊ တရုတ်လေကြောင်းအုပ်ချုပ်ရေးရုံးနှင့် တရုတ်ကောင်စစ်ဝန်ရုံးတို့ကို အုပ်စုဖွဲ့ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။

ထိုနေ့ည ၁၀ နာရီ။

မိုးကျော်၊ အီဆတ်၊ အီဆာ၊ ကြေးမုံ၊ ဧရာ တို့ အသီးသီးဦး‌ဆောင်ထားသည့် လူ(၂၀)ကျော်က လမ်းမတော်ထိပ်တွင် နေရာယူထားသည်။

တရုတ်တန်းရှိ တိုက်များပေါ်တွင် တရုတ်ကျောင်းသားများက “မော်စီတုန်း..ဝမ်စွေ့ ဝမ်စွေ့” ဟု အော်ကာ ဆန္ဒပြနေကြ၏။

မှောင်ရိပ်ထဲတွင် ထိုင်နေသော ကြေးမုံက ဆူညံနေသော တိုက်ခေါင်မိုးပေါ်သို့ လှမ်းကြည့်လိုက်သည်။

ခေါင်မိုးပေါ်တွင် ကျောင်းသားအရွယ် တရုတ်လူငယ်ကလေးများ ၏ မျက်နှာကို မျက်နှာချင်းဆိုင် တိုက်မှ မီးရောင်များတွင် မြင်နေရ၏။

“ကိုမိုးကျော်”

“ပြော ငကြေး”

“ဘူတာကို ရထားဆိုက်တာနဲ့…ဒီတိုက်တွေပေါ် တက်ပြီး သတ်ကြတော့မှာပေါ့”

“အေးလေ..ပစ္စည်းတွေပါ ဝင်လုဖို့ ပြောထားပြီးသားတဲ့”

“ကျွန်တော်တို့ အရွယ်တွေဗျ…..သူတို့ ဘာမှ သိတာမဟုတ်ဘူး..‌ခြောက်လှန့်လွှတ်လိုက်မရဘူးလား”

“ဒီကိစ္စက ငါလုပ်နေတာမဟုတ်ဘူး..အနောက်က စစ်တပ်က ခိုင်းထားတာ..ဟိုမှာ ကြည့် မင်းအဖေတွေကို”

မိုးကျော်က လမ်းမတော်ထိပ်ဘက် မှောင်ရိပ်သို့ မေးငေါ့ပြသည်။

မှောင်ရိပ်ထဲတွင် စစ်ကားလေးစီးက လက်နက်အပြည့်အစုံဖြင့် ရှိနေသည်။

“လုပ်ချင်ရင် သူတို့ တက်လုပ်ပေါ့ဗျာ..သူတို့မှာ သေနတ်တွေရှိတာပဲ”

“မင်းကလဲကွာ..ပြည်သူချင်း ဖြစ်နေတာလို့ တည်ပေးချင်လို့ပေါ့….ရှင်းနေတာကို”

ကြေးမုံက သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် လမ်းမတော်ဘူတာဘက်ဆီမှ ရထားဆိုက်သံကို ကြားလိုက်ရ၏။

ကြေးမုံက မတ်တပ်ထရပ်သည်။

“ကိုမိုးကျော်….ကျွန်တော်တော့ ရသလောက်ကယ်မယ်ဗျာ…ဒီလိုကြီး မတရားတာတော့မလုပ်နိုင်ဘူး”

“ဟေ့ကောင် ငကြေး”

ကြေးမုံက အနီးဆုံးရှိ တိုက်တစ်ခုပေါ်သို့ ပြေးတက်သွားသည်။

မိုးကျော် က နောက်မှ လိုက်သည်။

ဧရာလေးက အီဆာနှင့် စကားပြောနေရာမှ အခြေအနေကို ကြောင်ကြည့်နေ၏။

မိုးကျော်က ကြေးမုံလက်ကို ဆွဲလိုက်သည်။

“ဟေ့ကောင်..မင်းဘာသွားလုပ်မလို့လဲ”

“အပေါ်မှာ ကျွန်တော်တို့အရွယ်ကျောင်းသားတွေဗျ..သူတို့ဟာသူတို့ တရုတ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်..အလဟဿကိုယ့်ရှေ့မှာ သတ်တာကိုအားပေးနေရလောက်အောင် ကျွန်တော် သရဲဘောမကြောင်ဘူး..ခင်ဗျား လွှတ်”

မိုးကျော်က သက်ပြင်းချသည်။

“မင်းက ပြောမရဆိုမရပါလားကွာ..ကဲ…သွား..ငါလည်း လိုက်မယ်”

ငါးထပ်တိုက်လှေကားတွင် ခတ်ထားသော သော့ကို ကြေးမုံက အနီးအနားမှ ကွန်ဂရစ်အခဲတစ်ခုဖြင့် ဖျက်လိုက်သည်။

အတက်အဆင်းတွင် စောင့်နေသည့် တရုတ်ကလေးနှစ်ဦးနှင့် တွေ့၏။

“ဟေ့ကောင်တွေ..မင်းတို့ အပေါ်ကို တက်ပြော..ပြေးတော့လို့….ခဏနေ မင်းတို့ကို သတ်မယ့်လူတွေလာနေပြီ”

တရုတ်လေးနှစ်ဦးက ကြေးမုံ ကြောင်ကြည့်နေသည်။

“ဟာ..ဒီကောင်တွေကတော့ ငါပြောတာယုံ…ငါမင်းတို့ကို စေတနာနဲ့လာပြောတာ..ဖယ်စမ်းကွာ”

ကြေးမုံက တရုတ်နှစ်ဦးအား တွန်းဖယ်ကာ တိုက်ပေါ်သို့ ပြေးတက်သွားသည်။ မိုးကျော်ကလည်း ဓါးရှည်ကို လွယ်လျက် နောက်မှ ပြေးတက်လာသည်။

တိုက်ခေါင်မိုးပေါ်တွင် တရုတ်ကျောင်းသားလေးများ၊ ကျောင်းသူလေးများ က တရုတ်သံရုံးမှ ပေးထားသည့် စာအုပ်အနီများ၊ ကွန်မြူနစ်အလံများ၊ မော်စီတုန်းပုံများကိုင်ကာ ဆန္ဒထုတ်ဖော်နေကြသည်။

“မင်းတို့ အားလုံးပြေးတော့…အကုန်အသတ်ခံရတော့မယ်”

ကြေးမုံအသံကြောင့် အားလုံးက အံသြတကြီး လှည့်ကြည့်ကြသည်။

“‌ပြေးကြတော့..မင်းတို့အားလုံးကို သတ်ဖို့ လူအုပ်ကြီးလာနေပြီ…ငါတို့ ကို ယုံ..ပြေးကြတော့”

တရုတ်လူငယ်များထံမှ အသံများထွက်လာကြသည်။

ထိုအချိန်တွင် တိုက်အောက်ဘက်ဆီမှ ညာသံပေးလာသော လူအုပ်ကြီး၏ အသံကို ကြားရသည်။

ထိုလူအုပ်ကြီးကို စစ်တပ်က မသိမသာဝန်းရံပေးထားသည်။

လူအုပ်ကြီးလက်ထဲတွင် တုတ်များ၊ ဓါးများ၊ သံတူရွင်းများ ကိုင်ဆောင်ထားကြ၏။

“‌ပြေးကြတော့လေ..ဘာလုပ်နေတာလဲ”

မိုးကျော်က ဝင်အော်သည်။

သို့သော် နောက်ကျသွားချေပြီ။

လူအုပ်ကြီးကား တိုက်ခေါင်မိုး အဝသို့ ရောက်ရှိလာတော့သည်။

ကြေးမုံက အနီးရှိ အလံတိုင်တစ်ခုကို ကောက်ကာ ထက်ပိုင်းချိုးလိုက်သည်။

လူအုပ်ကြီးက တရုတ်လူငယ်များကို ဝင်ရိုက်နှက်၊ ခုတ်ထစ်ကြသည်။

မိုးကျော်က သွေးရူးသွေးတန်းပြေးလွှားနေသော တရုတ်မလေးတစ်ဦးအား လက်မှ ဖမ်းဆွဲကာ တိုက်အနောက်ဖက်သို့ ကာပြီး ထုတ်သွား၏။

ကြေးမုံက တရုတ်လူငယ်လေးနှစ်ဦးကို လက်ဖြင့် အုပ်ကာ အနောက်ဖက်သို့ ခေါ်သွားသည်။

မိုးကျော်နှင့်ကြေးမုံတို့၏ လက်မောင်းများတွင် အပြာရောင်အဝတ်စများပတ်ထားသဖြင့် လူအုပ်ကြီးက သူတို့ကို ရန်မမူကြ။

လှေကားရင်းတွင် ဆင်းပြေးလာသော တရုတ်လူငယ်များနှင့် တက်လာသောအကြမ်းဖက်လူအုပ်ကြီး တိုးဝှေ့နေကြသည်။

ကံကောင်းထောက်မစွာဖြင့် တိုက်အနောက်ဖက်မှ အရေးပေါ်လှေကားက ခေါင်မိုးနားအထိ ရှည်ထွက်နေ၏။

“ဒီလှေကားကနေ ဆင်းတော့”

မိုးကျော်က လှေကားကို ညွှန်ပြသည်။

တရုတ်လူငယ်နှစ်ဦးနှင့် တရုတ်မလေးတို့ မှာ တုန်ရီနေကြ၏။

“ဆင်းမှ မင်းတို့လွတ်မှာ..ငါတို့လည်း အကြာကြီး မကာပေးနိုင်ဘူး”

ကြေးမုံ ဒေါသသံဖြင့်ပြောလိုက်သည်။

တရုတ်မလေးက အောက်သို့ ငုံ့ကြည့်လိုက်သည်။

“ဟင်အင်း မဆင်းရဲဘူး…အကိုတို့ပါလိုက်ခဲ့ပေးပါ”

မိုးကျော်က ငှက်ကြီးတောင်ဓါးကို ဓါးအိမ်ထဲသို့ ပြန်ထည့်ကာ လွယ်လိုက်သည်။

“ကဲ..ငါအရင်ဆင်းမယ်…နင်တို့ ငါ့ပြီးရင် လိုက်ဆင်းကြ”

မိုးကျော်က လှေကားကို တွယ်ပြီးဆင်းသည်။

မိုးကျော်ဆင်းပြီးနောက် တရုတ်မလေးက လိုက်ဆင်း၏။

တရုတ်ကလေးနှစ်ယောက်ကို ကြေးမုံက ဆင်းခိုင်းသည်။

လူအုပ်ထဲမှ အချို့က သံတူရွင်းကို ကိုက်ကာ လှေကားနားသို့ ကပ်လာသည်။

ကြေးမုံက အလံတိုင်ဝါးလုံးကို ကိုင်လျက် တားလိုက်၏။

“ဟေ့..ဆင်းသွားတာ ငါတို့လူတွေပဲ….ဒီနားမလာနဲ့ရတယ်..သွားသွား”

ကြေးမုံ၏ လက်မောင်းမှ အပြာပတ်ကို မြင်သဖြင့် ပြန်လှည့်သွားကြသည်။

တိုက်ခေါင်မိုးပေါ်တွင်ကား အစောပိုင်းက အော်ဟစ်ဆန္ဒပြနေသူများမှာ အသက်ပျောက်သူပျောက်၊ ဒဏ်ရာရသူရဖြင့်။

လူအုပ်ကြီးက တရုတ်တန်းရှိ ဆိုင်များအား ဖောက်ထွင်းကာ ရသမျှ ပစ္စည်းများယူကြသည်။

သံစျေးမှ ဆန်ဆိုင်အချို့အား ရိုက်ဖျက်ကာ ဝင်ရောက်လုယက်ကြသည်။

တိုက်အနောက်ဖက်သို့ ကြေးမုံတို့ ဆင်းသက်နိုင်လိုက်ပြီဖြစ်သည်။

အမှောင်ရိပ်ထဲတွင် တရုတ်မကလေးမှာ ငုတ်တုတ်ထိုင်လျက် တုန်ရီနေ၏။

“ကဲ..အချိန်မရှိဘူး..ဟိုဘက်ထိပ်မှာ ငါတို့ကားရှိတယ်..အဲ့ဒီကို အမြန်သွားမှဖြစ်မယ်..ထ”

တရုတ်လေးနှစ်ဦးက ထလိုက်သည်။

“ညီမ ထလို့မရဘူ”

တရုတ်မလေးမှာ ကြောက်စိတ်ကြောင့် ဒူးများ တဆတ်ဆတ်တုန်နေသည်။

“ထကြည့်ပါဦး”

တရုတ်မလေးက အားတင်းပြီးထသည်။

သို့သော် ခွေခနဲ ပြန်လဲကျသွား၏။

မိုးကျော်က ဓါးကို ချွတ်လိုက်ပြီး ကြေးမုံကို ပေးလိုက်သည်။

“ငကြေး.မင်းရှေ့က လမ်းရှင်း… ငါ သူ့ကို ပွေ့ခဲ့မယ်..မင်းတို့ရှေ့ကသွား”

တိုက်နောက်ဖေးကြားထဲမှ သူတို့ ထွက်ခဲ့ကြသည်။

တစ်နေရာအရောက်တွင် မှောင်ရိပ်ထဲရှိ စစ်ကားတစ်စင်းမှ စစ်သားများက စောင့်နေ၏။

မိုးကျော်က လက်မောင်းမှ အပြာပတ်ကို မေးငေါ့ပြလိုက်ပြီး

“ကျွန်တော်တို့ပါ..ဗိုလ်ကြီး…ကျွန်တော်တို့ လူထိလာလို့…ခေါ်လာတာပါ”

ထိုအချိန်တွင် သူတို့ဘေးသို့ ဧရာရောက်လာ၏။

“ဟုတ်တယ်..ဒါ ကျွန်‌တော်တို့လူပါ”

စစ်သားက ခေါင်းဆတ်ပြသည်။

စစ်ကားကို ကျော်ပြီး အနောက်ဖက်တွင် ရပ်ထားသော ဘောက်စ်ဝက်ဂွန်ကားပေါ်သို့ တရုတ်လူငယ်များအား တက်စေသည်။

မိုးကျော်က သူပွေ့ချီလာသော တရုတ်မလေးအား နောက်ခန်းသို့ တင်လိုက်သည်။

တရုတ်မလေး၏ လက်နှစ်ဖက်က မိုးကျော်၏ ကော်လံစကို အားကိုးတကြီး ဆုတ်ကိုင်ထား၏။

မိုးကျော်၏ ထွက်သက်နှင့် တရုတ်မလေး၏ အသက်ရှုလိုက်သည့်လေငွေ့တို့ ပေါင်းစပ်နေကြသည်။

ထိုအချိန်တွင် အနောက်ဖက်ရှိ စစ်ကားတစ်စီးမှ မီးထိုးလိုက်သဖြင့် မီးရောင်အောက်တွင် တရုတ်မလေး၏ ဗာဒံသီးပုံစံမျက်ဝန်းလေးနှင့် နှုတ်ခမ်းရဲရဲလေးများကို မိုးကျော်သတိထားမိလိုက်သည်။

“ညီမ..ဘေးကင်းပြီနော်..ဘာမှ မကြောက်နဲ့”

မိုးကျော်က ကားပေါ်သို့ တရုတ်မလေးကို ဖြည်းညှင်းစွာ ချပေးလိုက်သည်။

တရုတ်မလေးက မိုးကျော်၏ ကော်လံစကို ဆုပ်ကိုင်ထားဆဲ။

တရုတ်လေးနှစ်ယောက်က ကောင်လေးကို အားပေးကြသည်။

“ကဲ..လက်ကို လွှတ်ပါ..အမိရဲ့..ကျုပ် ကားမောင်းရဦးမယ်”

ထိုအခါမှ တရုတ်မလေး၏ လက်များ ပြေလျော့သွားသည်။

“ကြေးမုံ..ကိုမိုးကျော်…အဆင်ပြေရဲ့လား”

“ပြေတယ်..ဧရာ..အခြေအနေတွေကို မင်းဆက်ထိန်းထားလိုက်..ငါတို့ သူတို့ကို ထုတ်သွားလိုက်မယ်”

မိုးကျော်က ကားခေါင်းခန်းတွင် ဝင်ထိုင်သည်။ ဘေးတွင် ကြေးမုံကတက်ထိုင်၏။

စစ်ကားများကို ကျော်ပြီး ကားကို မောင်းထွက်ခဲ့ကြသည်။

မြို့မကျောင်းလမ်း ဘက်တွင် မူ တိတ်ဆိတ်ငြိမ်သက်လျက်။

“ကဲ..မင်းတို့ကို ဘယ်ကို ပို့ပေးရမလဲပြော..မြို့ထဲတော့ ပြန်ဝင်ဖို့တောင် စိတ်မကူးနဲ့..လမ်းတွေလမ်းတွေမှာတောင် “တရုတ်မရှိပါ”ဆိုပြီး ဆိုင်းဘုတ်တွေထောင်၊ ကင်းတွေချထားကြပြီကွ”

“ကျွန်တော်တို့အိမ်တွေက တရုတ်တန်းမှာပါပဲ’

“ဒုက္ခပါပဲကွာ…ငါတို့က မင်းတို့ကို ခေါ်ထားလို့လဲ မဖြစ်ဘူး”

“ညီမ..ညီမ..အိမ်က အလုံဦးလူနီလမ်းမှာပါ..ညီမအိမ်ကို ပို့ပေးလို့ရပါတယ်…သူတို့ကိုလည်း အဲ့ဒီမှာ ခဏခေါ်ထားဖို့ အပါးကို ပြောပေးပါ့မယ်”

မိုးကျော်က ကားမောင်းနေရင်းမှ တရုတ်မလေးကို လှည့်ကြည့်လိုက်သည်။

ကောင်မလေးက မျက်လွှာချသွား၏။

“ညည်းလေး နာမည်ဘယ်နှယ့်ခေါ်လဲ”

“ဗမာနာမည်လားရှင့်”

“ဘာနာမည်ဖြစ်ဖြစ်ပါ”

“စီစီ လို့ခေါ်လို့ရပါတယ်”

“စီစီ…စီစီတဲ့လား”

“ဟေ့လူ..တစီစီလုပ်မနေနဲ့..ရှေ့ကြည့်မောင်းဗျ…ဓာတ်တိုင်ကို ဝင်တိုက်တော့မယ်”

ကြေးမုံ အသံကြောင့် မိုးကျော် ရှက်ကိုးရှက်ကန်းဖြင့် စီယာတိုင်ဘက်သို့ မျက်နှာပြန်လှည့်လာသည်။

“အေးပါကွာ..မင်းကလဲ..ဘာဖြစ်နေတာလဲ”

ကြေးမုံက အသံမထွက်ပဲ ရယ်လိုက်သည်။

ဦးလူနီလမ်းရှေ့သို့ ရောက်သောအခါ ရပ်ကွက်သူရပ်ကွက်သားများက ကင်းအလှည့်ကျစောင့်နေသည်ကို တွေ့ရသည်။

စီစီက မော်တော်ကား ပြတင်းမှ ခေါင်းထွက်ပြလိုက်သည်။

“စီစီပါ”

“သြော်…စီစီ..ဟိုမှာ ဆရာကြီး စိတ်ပူနေတယ်..ဝင်ဝင်”

ခြံကျယ်ကြီးတစ်ခုရှေ့အရောက်တွင် ကားရပ်ရန် စီစီက ပြောလိုက်၏။

ခြံရှေ့တွင် အသက်(၅၀)ကျော်အရွယ် အသားဖြူဖြူလူကြီးတစ်ယောက် မတ်တပ်ရပ်နေသည်။

“သမီး..သမီး..ဘာဖြစ်သွားသေးလဲ..ဒီမှာ မင်းအမေတော့ ရင်တွေတုန်ပြီး သွေးတွေတိုးနေပြီ”

“ရတယ်..ပါပါး..ဒီအကိုတွေ သမီးတို့ကို ကယ်လာတာ..သမီးသူငယ်ချင်းနှစ်ယောက်လည်း ဒီညတော့ ဒီမှာ ခဏနေလိမ့်မယ်..ပါပါး”

“တော်သေးတာပေါ့..သမီးရယ်..ကဲ..လာလာ..မောင်ရင်တို့လည်း ဆင်းကြလေ”

“ရတယ်..ဦး..ကျွန်တော်တို့ ကိစ္စရှိသေးလို့ ပြန်ပါဦးမယ်…သူတို့ အရမ်းကြောက်လာကြတယ်…သူတို့ကိုသာ ဂရုစိုက်ပါ”

မိုးကျော်က ပြောလိုက်သည်။

“ဦးက ဒေါက်တာစောအယ်လောလ ပါ….ဦးသမီး စီစီက ဆေးကောလိပ်ပထမနှစ်တက်နေပါတယ်… သူ့အမေဘက်က တရုတ်ဆိုတော့ တရုတ်ညကျောင်းလည်း သွားသွားတက်တာ…ဒီနေ့လည်း သူ့သူငယ်ချင်းတွေနဲ့ ဆန္ဒပြပွဲကို ခိုးပြီးထွက်သွားတာ..ဦးတို့မှာ သတင်းတွေ ကြားရတော့ စိတ်ပူနေတာ..ကျေးဇူးပါ..ငါ့တူတို့ရယ်..နောက်လည်း အိမ်ကို လာလည်ပါ”

မိုးကျော်က ကားကို ကွေ့ရင် ပြင်ရင်း ‌ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် စီစီ ဘက်သို့ ကြည့်လိုက်၏။

“အကို..လာလည်နော်..စီစီ ဒီအိမ်မှာပဲရှိတယ်”

မိုးကျော်က ခေါင်းငြိမ့်ပြရင်း ကားကို ကွေ့ရန်ပြင်လိုက်သည်။

“ဆရာကြီး..ရှေ့မှာမြောင်းနော်….ဖီလင်တွေ စွတ်တက်ပြီး ဆင်းမသွားနဲ့ဦး”

“ငါလိုးမသားလေး..မင်းဘာဖြစ်နေတာလဲ..ဒါ အကုန် မင်းစတဲ့ ဇာတ်လမ်းနော်…ငါ ကိုကြီးကျော်ဝင်းနဲ့ ရှင်းရတော့မယ်”

မိုးကျော်က ကြေးမုံအား ဆဲရေးရင်း ပြောလိုက်သည်။

“ကိုမိုးကျော်ရယ်..ဒီလောက် ဝရုန်းသုန်းကားထဲ ကျွန်တော်တို့ ကိစ္စ ခင်ဗျားမှ မပြောရင် ကိုကျော်ဝင်းကြီး သိစရာအကြောင်းမရှိပါဘူးဗျ..ကဲ..ဒီနေ့ သူတို့အသက်ကို ကယ်နိုင်တာ ဘယ်လောက်ကောင်းသလဲ..ခင်ဗျား အတွက်က ပိုတောင်ကောင်းသေး…ဘာတဲ့ စီစီ..စီစီ နဲ့”

ကြေးမုံစကားကြောင့် မိုးကျော်က ရှက်ရယ်ရယ်လိုက်သည်။

………………………………..

ဇွန်လ ၂၈ ရက်နေ့တွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

တရုတ်သံရုံးအကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် တရုတ် အကူအညီပေးရေး နည်းပညာရှင် လျူရီ သေဆုံးခဲ့ပြီး သံတမန်အများအပြား ဒဏ်ရာရရှိခဲ့သည်။

တရုတ်သံရုံးတိုက်ခိုက်မှုကို ဗိုလ်ကြီးတင်ဦး က အရပ်ဝတ်ဖြင့် ဦးဆောင်ခဲ့သည်ဟု လည်း သတင်းများထွက်ပေါ်ခဲ့သည်။

ဗိုလ်ကြီးတင်ဦးမှာ နောက်တချိန်တွင် အာဏာရှင်ဦးနေဝင်းကိုးကွယ်သည့် ဘိုးတော်တင်ဦးအဖြစ် နာမည်ကျော်ခဲ့သူလည်းဖြစ်သည်။

တရုတ်သံရုံးတင်မကပဲ တရုတ်လူမျိုးများ ပိုင်ဆိုင်သည့် မိတ်ကပ် အလှပြင်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ဆိုင်များ၊ စားသောက်ဆိုင်များစွာ မီးရှို့ ဖျက်ဆီး လုယက်ခြင်းခံခဲ့ရသည်။

ရန်ကုန်မြို့ တရုတ်တန်း လမ်းမတော် လသာ တဝိုက် အကြမ်းဖက်တိုက်ခိုက်မှု ကို ဆိုးရွားစွာ ခံခဲ့ရပြီး၊ လူအုပ်ကြီးများ၏ အကြမ်းဖက်မှုကိုမခံစားနိုင်သဖြင့် တိုက်ခန်းများပေါ်မှ ခုန်ချထွက်ပြေးသူများ၊ မိမိကိုယ်ကို ဓါတ်ဆီလောင်းမီးရှို့သတ်သေ သူများပင် ရှိခဲ့ကြသည်။

၁၉၆၇ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဟန်ဉာဏ်လုံ က မြန်မာနိုင်ငံကို ဆန့်ကျင် သပိတ်မှောက်ကြောင်းစာကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ထံပေးပို့ခဲ့သည်။

၁၉၆၇ ဇွန်လ ၂၉ ရက်နေ့တွင် မဆလအစိုးရက ညမထွက်ရအမိန့် မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။

ထို့နေတွင်ပင် ပီကင်းရှိ မြန်မာသံရုံး အရှေ့တွင် လူ ၂ သိန်းခန့် စုရုံးဆန္ဒပြခဲ့ပြီး၊ တရုတ် တပ်နီများက မြန်မာသံရုံးရှိ မြန်မာအလံ နှင့် မြန်မာနိုင်ငံ အမှတ်တံဆိပ်ကို ဖယ်ရှားပစ်ခဲ့သည်။

တရုတ်ဗမာ အဓိကရုဏ်းနှင့်အတူ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည်လည်း အဆိုးရွားဆုံး အခြေအနေသို့ ဆိုက်ရောက်လာခဲ့တော့သည်။

………………………………..

၁၉၆၇ သြဂုတ်လ။

ခေတ်အဆက်ဆက် အာဏာရှိသူတို့၏ စနစ်တကျသပ်လျှိုခဲ့မှုကြောင့် လူမျိုးရေးဘာသာရေး ပဋိပက္ခဒဏ်များကို ခံခဲ့ရသည့် ရန်ကုန်သည် ယခုတစ်ခါတွင်လည်း အထိနာကျန်ရစ်ခဲ့သည်။

ဦးနေဝင်းဦးဆောင်သော မဆလအစိုးရမှ တရုတ်ဗမာ အဓိကရုဏ်းဖြင့် ရန်ကုန်နှင့် မြို့ကြီးအချို့မှ ပြည်သူကို စိတ်ထွက်ပေါက်ပေးခဲ့ကြသည်။

သို့သော်ငြား အခြားပြည်နယ်များတွင်မူ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုက ပိုမိုဆိုးရွားလာနေ၏။

၁၉၆၇ သြဂုတ်လ ၁၁ ရက်နေ့တွင် ငတ်မွတ်မှုကို မခံနိုင်ကြတော့သော စစ်တွေမြို့မှ အခြေခံလူတန်းစားများသည် အစိုးရပိုင်ဆန်တင်သင်္ဘောကြီးမှ ဆန်များကို ဝင်ရောက်လုယက်ရာမှ အဓိကရုဏ်းများဖြစ်ပွားခဲ့သည်။

ထိုအဓိကရုဏ်းကာလအတွင်း မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တိုင်းခွဲ (၁၃)၏ အကြီးအကဲတစ်ဦးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ရွှေဇံအောင် မှ “ဆန်မရှိလျှင် မုန့်တီစား” ဟု ပြောဆိုလိုက်သည်က စစ်တွေဆန်အရေးအခင်းကို ပိုမိုကြီးထွားစေခဲ့သည်။

စစ်တွေမြို့၊ ကသည်းရွာထိပ်ရှိ မြဆန်စက်ရှေ့တွင် သိန်းချီသော ဆန္ဒပြလူအုပ်ကြီးကို စစ်တပ်က တားဆီးခဲ့သည်။ ပုဒ်မ ၁၄၄ အရ လူစုခွဲပေးရန် ညှိနှိုင်းရာ ဆန္ဒပြလူထုက ရှေ့ဝင်္ဂဘာကွင်းအရောက်တွင် လူစုခွဲပေးမည်ဖြစ်ကြောင်း ညှိနှိုင်းသည်။

ဗိုလ်မှူးတင်လွင့်ခေါင်းဆောင်သော တပ်က လက်ခံပေးခဲ့ပြီး အတားအဆီးများကို ဖွင့်ပေးခဲ့သည်။

လူအုပ်ကြီးက လေးယောက်တတွဲ ရှေ့သို့ ချီတက်သွားချိန်တွင် စစ်တပ်က သေနတ်များဖြင့် အတွဲလိုက် စတင်ပစ်ခတ်တော့သည်။

ထို့နောက် သေဆုံးဒဏ်ရာရသူများကို အသင့်ရပ်ထားသော ဟီးနိုးကားများပေါ်သို့ ဆွဲတင်ကြသည်။

ထိုပစ်ခတ်မှုတွင် စစ်တွေမြို့ခံ ၂၀၀ ကျော်ခန့် သေကြေပျောက်ဆုံးခဲ့ကြသည်။

သို့သော် နိုင်ငံပိုင်သတင်းစာများတွင် ဆန္ဒပြသူများမှ ထင်းချောင်းများဖြင့် ပစ်ပေါက်သည့်အတွက် စစ်တပ်က ခုခံရာ လူဆယ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

………………………………..

အစိုးရသည် နိုင်ငံ၏ စီးပွားရေးအကြပ်အတည်းကို မကျော်လွှားနိုင်သည့်အဆုံး မှောင်ခိုလုပ်ငန်းများအား မသိမသာပြန်ဖွင့်ပေးကာ ပြည်သူကို လမ်းလွှဲလိုက်ကြတော့သည်။

အလုပ်အကိုင်ရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှုများကြောင့် ကျေးလက်နေအခြေခံလူတန်းစားအချို့သည် မိမိတို့ ဒေသများကို စွန့်ခွာကာ ရေကြည်ရာမြက်နုရာ မြို့ကြီးများဆီသို့ အသီးသီးပြောင်းရွှေ့လာကြသည်။

ရန်ကုန်သည်လည်း ‌ရွှေ့ပြောင်းအခြေချလာသူများနှင့် ပိုမိုစည်ကားလာပြီး မှောင်ခိုမြို့တော်ကြီးတစ်ခုအဖြစ် ပြန်လည် အသက်ဝင်လာပြီဖြစ်သည်။

မော်လမြိုင်- ရန်ကုန် မှောင်ခိုလမ်းကြောင်းသည် လူတန်းစားအများစု မှီခိုရာဖြစ်လာပြီး မှောင်ခိုသမားဟူသည် လူတန်းစားပင် သီးသန့်ပေါ်ပေါက်လာတော့၏။

“အမှောင်ထဲမှ မင်းသားများ”ဟူသော အမည်ဝှက်ဖြင့် စစ်အာဏာရှင်များ၏ အရေးကိစ္စများတွင် ခါးပိုက်ဆောင်ဖြစ်ခဲ့သော ရန်ကုန်လူမိုက်ဂိုဏ်းများသည်လည်း မှောင်ခိုလောကနှင့် ဒုစရိုက်လောကတွင် ဘုန်းတန်းခိုးများကြီးလာပြီး အချင်းချင်းအားပြိုင်မှုများဖြစ်လာနေကြသည်။

၁၉၆၇ စက်တင်ဘာလ ၁၂ ရက်။

မြေနီကုန်းရှိ လက်ဖက်ရည်ဆိုင်ရှေ့သို့ မိုးကျော်၏ ဆိုင်ကယ်ထိုးရပ်လာသည်။

မိုးကျော်က ပုဆိုးနှင့် ရှပ်အင်္ကျီနှင့် သပ်သပ်ရပ်ရပ်ဖြစ်နေ၏။

“ကြေးမုံ..ငါနဲ့ ခဏလိုက်ခဲ့ကွာ”

“ဘယ်လဲ..ကိုမိုးကျော်..ခဏနေ မှုန်တေတို့ကို လမ်းကြောင်းခွဲပေးစရာရှိသေးတယ်ဗျ..မအားဘူး”

“လိုက်မှာသာ..လိုက်ခဲ့ပါကွာ..မင်းစောက်လုပ်က အရေးမကြီးပါဘူး”

ကြေးမုံက သူ့ပိုင်ဆိုင်ကယ်သော့ကို ဆိုင်ရှင်ထံ အပ်ခဲ့ပြီး မိုးကျော်နောက်မှ တက်ခွလိုက်သည်။

“ဘာတွေ အရေးကြီးနေတာလဲဗျာ..ပုံစံကလည်း အလှူသွားမယ့်ပုံစံနဲ့”

“မင်း..မှာ ပုဆိုးမရှိဘူးလား”

“ဘာဖြစ်လို့လဲဗျ”

“သွားလဲကွာ..အခုပုံက လမ်းသရဲပုံပေါက်နေတယ်”

“ဘာလဲဗျာ..ခင်ဗျားဟာကလဲ”

“လာပါကွာ..အခု မင်းအိမ်ကို မောင်းပေးမယ်..ပုဆိုးလဲပြီး ပြန်ဆင်းလာခဲ့”

ကြေးမုံက ပုဆိုးလဲကာ တိုက်အောက်သို့ ပြန်လာဆင်းလာသည်။

“ကဲ..ဟေ့လူ..ဘယ်သွားမှာလဲ..ပြောဦး”

“အလုံကို”

“အလုံကို ဘာသွားလုပ်မှာလဲ”

“စီစီ တို့ အိမ်”

“ဒုက္ခပါပဲ ကိုမိုးကျော်ရယ်..ဟိုက ဆရာဝန်ကြီးသမီး..ဆရာဝန်လောင်း..ခင်ဗျားက လမ်းဘေးမှာနေတဲ့ လူမိုက်..ကြည့်လည်း စိတ်ကူးယဥ်ပါဗျာ..ဟားဟား”

ကြေးမုံစကားကြောင့် ဆိုင်ကယ်မောင်းနေသော မိုးကျော် တိတ်ဆိတ်သွားသည်။

ကြေးမုံက သက်ပြင်းချလိုက်ပြီး…

“အေးပါဗျာ..သွားပါ..ကျွန်တော် လိုက်ခဲ့ပေးပါ့မယ်ဗျာ”

ခက်ဇော်

အမှောင်ထဲမှ မင်းသားများ (၁၉၇၀) Season 1 ပြီးပါပြီ။